Calm Hill My Random Thoughts

သင်္ကြန်ဆိုတာ နိုင်ငံခြားဖြစ်လားဟင်

ကိုယ်ကလည်း အမြင်မတော်တာတွေ့ရင် မနေနိုင်တာနဲ့ လျှောက်လျှောက်ပြောမိတော့ လူတွေကလည်း အမြင်ကပ်ကြပါတယ်။ စောစောကပဲ ဘလော့တစ်ခုမှာ ရေးထားတာတွေ့လို့ ကြည့်မိပါတယ်ဗျာ ဘာအကြောင်းရေးထားတာလဲဆိုတော့ သင်္ကြန်အကြောင်းရေးထားတယ်။ ဘာပါလဲဆိုတော့ “ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာ ယုံကြည်ချက်အရ သင်္ကြန်ချိန်ခါမှာ နတ်တို့ရဲ့ဘုရင် သိကြားမင်းက လူယောင်ဖန်ဆင်းပြီး လူ့ပြည်ကို ရောက်လာပါတယ်” လို့ရေးထားတယ်။ သိကြားမင်း သူ့ဘာသာသူ ရေပက်ခံထွက်တာတော့ ဟုတ်မဟုတ်မသိဘူးဗျာ ဗုဒ္ဓဘာသာ ထုံးစံကတော့ လုံးဝမဟုတ်ဘူးဗျာ။

သင်္ကြန်အကြောင်း ကိုအကျဉ်းချုပ်ပြောရရင်တော့ တစ်ကယ်တမ်းက သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ ဖဲရိုက်တဲ့ကိစ္စကနေ စတာပဲဗျ။ အဲလေ အလောင်းအစား လုပ်တာကနေစတာပဲ။ လောင်းတာကလဲ ခေါင်းဖြတ်ကြေးဆိုပြီး မိုက်မိုက်ကမ်းကမ်းပေါ့ဗျာ။ ဘာအကြောင်းလောင်းတယ်တို့ ဘာတို့ကတော့ ရှည်မှာစိုးလို့မပြောတော့ပါဘူး။ ဒီလိုမျိုးဆတ်ဆော့ရာကနေ ဗြဟ္မာမင်းလည်း ရှုံးတာပေါ့ သိကြားမင်းကလည်း သူ့ခေါင်းဘာလုပ်စားလို့ရမှာလဲ ဒီတော့ မဖြတ်ပါနဲ့ဘော်တာရယ် ဆိုတော့လည်း မရဘူး။ ဗြဟ္မာကြီးကသူ့ခေါင်းသူဖြတ်ပါတယ်။

အဲ့ဒီမှာ ဗြဟ္မာကြီးဦးခေါင်းပြဿနာက စတော့တာပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီဗြဟ္မာကြီးကတန်ခိုး အင်မတန်ကြီးဆိုပဲ ဒီတော့ အဲ့ဒီခေါင်းပြတ်ကြီးကို မြေပေါ်မှာထားရင်လည်း အပင်တွေလူတွေ ပူလွန်းလို့သေမယ် ဘာမှစိုက်လို့ပျိုးလို့မရဘူး မိုးပေါ်ထားပြန်ရင်လည်း မိုးခေါင်မယ် သမုဒ္ဒရာထဲချလိုက်ပြန်လည်း သမုဒ္ဒရာရေခန်းမယ် ဆိုပဲ။ ဒီခေတ်ဆိုရင်တော့ လောင်စာမကုန်ပဲ ရေနွေးငွေ့အင်ဂျင်လုပ်လို့ရတယ်ဆိုပြီး ပျော်နေမှာပေါ့။ သူတို့ခေတ်က ဒါမျိုးမှမလုပ်တတ်သေးတော့ ပြဿနာတက်နေတာပေါ့။

သိကြားမင်းကလည်း ဒါကြီးကို အမြဲဘယ်ကိုင်ထားနိုင်မလဲ ဒါနဲ့ တန်ခိုးကြီးတဲ့ နတ်တွေ တစ်ယောက်ပြီး တစ်ယောက်ခေါ်ပြီး ကိုင်ခိုင်းတာပေါ့ ဘယ်သူမှမကိုင်နိုင်ဘူး နောက်ဆုံးတော့သူလည်း ကြံရာမရဖြစ်ပြီးတော့ တန်ခိုးကြီးတယ်လို့ နာမည်ကြီးတဲ့ နတ်သမီးတွေကိုခေါ် သူ့ရဲ့စလွယ်ကိုအရင်ပေးပြီးတော့ ကိုင်ခိုင်းတော့မှ နတ်သမီးတွေလည်း ကိုင်နိုင်ပါတယ်။ ဒီခေတ်လိုဆိုရင်တော့ ရှေ့နေနဲ့ စပယ်ရှယ်ပါဝါလွဲပြီး ကိုင်ခိုင်းထားတာမျိုးပေါ့။

ခေါင်းကိစ္စပြီးတော့မှ ကျန်နေတဲ့ ဘော်ဒီကြီးကိုလည်း ရှင်းရသေးတယ် ဖြစ်ချင်တော့ သေခါနီးဆင်တစ်ကောင်တွေ့တာနဲ့ ခေါင်းဖြတ်ပြီးတော့ ဗြဟ္မာကြီးရဲ့ဘော်ဒီမှာ တပ်ပေးလိုက်ရာကနေ ဗြဟ္မာကြီးလည်း နှစ်ပိုင်းတစ်ပိုင်း ဖြစ်သွားတော့တယ် မှားလို့မှားလို့ နောင်လာနောက်သားတွေက အဲ့ဒါကြီးကို မဟာပိန္နဲလို့ခေါ်ကြတယ်တဲ့။

နောက်ပြဿနာက ခေါင်းကိုင်ထားတဲ့နတ်သမီးကလည်း သိကြားမင်းကို ကျမကတော့ ဒါကြီးကို တစ်သက်လုံးတော့ မကိုင်ထားနိုင်ဘူးဆိုပြီး လာရန်တွေ့တယ်။ ဒါလည်းဟုတ်တာပဲ ဒီတော့သိကြားမင်းလည်း နတ်သမီးတွေကို လက်ရွေးစဉ်လုပ်ပြီးတော့ တစ်နှစ်တစ်ယောက်ဆိုပြီးတော့ ဂျူတီချရပါတယ် အဲ့ဂျူတီချိန်းတဲ့အချိန်ဟာ သင်္ကြန်ကျတဲ့အချိန်ပဲ။ ဂျူတီချိန်းတဲ့အချိန်မှာ ပူလို့ဆိုပြီးတော့ လူတွေရေပက်ကြတယ် လို့တော့ကြားဖူးခဲ့တာပဲ။

အသေးစိတ်ပြောရရင် ပုံပြင်အစမှာ ဗြဟ္မာကြီးလေးဦး ကလေးကုလားနဲ့ မြေကြီးစားတာတွေရော အစုံပါသေးတယ်။ ဒီတော့ဗျာ စဉ်းစားကြည့်ရင် အားလုံး ဟိန္ဒူအယူအဆတွေပဲ ဒါပေမယ့် ဟိန္ဒူတွေသွားမေးတော့ ပုံပြင်ကလည်း ချွတ်စွတ်မတူပြန်ဘူး သူတို့ဟာက နည်းနည်းပိုရှုပ်တယ်။ မတူတာကတော့ မထူးဆန်းပါဘူး ဗမာနည်းဗမာဟန်နဲ့ အကုန်ပြင်လိုက်တယ် မွေးစားသင့်တာမွေးစား လုပ်လိုက်တော့ ဘယ်သူနဲ့မှ မတူတဲ့ကိုယ်ပိုင် ပစ္စည်းဖြစ်သွားရော။ ဒီတော့ ဘယ်မလဲဗုဒ္ဓဘာသာ ဆိုင်တဲ့နေရာကို မပါပါဘူး ဗမာမှု့ပြုတာလည်းပြု မလိုအပ်တဲ့ ဗုဒ္ဓဘာသာ ထပ်မထည့်နဲ့တော့လေ။