Calm Hill My Random Thoughts

ကြက်က ပိုပြီး အမှု့ကြီးတယ်

ကျွန်တော် အလယ်တန်းကျောင်းသား ဘဝကိုတော့ ရေဆင်းမှာနေခဲ့ရတယ်ဗျ။ သွားတက်ရတဲ့ကျောင်းက နည်းနည်းဝေးတယ် ဒါကြောင့်ရုံးကနေ ကျောင်းကားစီစဥ်ပေးထားပါတယ်။ အရာရှိဆိုတဲ့လူတွေများ တော်တော်လေး ကြီးကျယ်တယ်ပြောရမယ်။ အရာရှိဆိုတဲ့လူတွေထက် သူတို့မိန်းမတွေက ပိုကဲတယ်ထင်တာပဲ။ လူအများအတွက် စီစဥ်ပေးထားတဲ့ ကားနဲ့ ကလေးတွေကို မထည့်ချင်လို့ဆိုပြီး ကားသပ်သပ်တောင်းထားကြတယ်။ ကျွန်တော်လည်း အဲသည့်သီးသန့်ဆိုတဲ့ကားနဲ့ ကျောင်းသွားရတယ်ပေါ့ဗျာ။ ကားပေါ်မှာလည်း ကျောင်းသားက သိပ်မများပါဘူး ကျွန်တော်ရယ် အိမ်ရှေ့အိမ်က မွန်မိသားစုက သူငယ်ချင်း ၃ ယောက်ရယ် နောက်ထပ် သူငယ်တန်းကလေးလေး တစ်ယောက်ရယ် ဒါပဲပါတယ်။ သူငယ်တန်းကလေးလေး ကိုတော့ သူ့အမေက အမြဲလိုက်ပို့လို့ ကားပေါ်မှာ သူ့အမေပါအဆစ်ပါလာတတ်တယ်။

သူငယ်တန်းကလေးက တော်တော်ကိုဆော့ပါတယ်။ တစ်ရက်တော့ကလေးလေးက ကားပေါ်မှာ ခွေးပေါက်ကလေးလို ဟောင်တယ်ဗျာ “ဝုတ်ဝုတ်” ဆိုပြီးတော့။ တစ်ကယုံခွေးသံလေးဗျာ လုပ်လည်းလုပ်တတ်တယ်။ နောက် ကြက်ပေါက်လေးလိုလည်း အော်တတ်တယ်ဗျာ “ပိကျိ ပိကျိ” နဲ့အော်လိုက် ဆော့လိုက်လုပ်လာပါရော။ အဲ့ဒါကို မွန်အိမ်က သူငယ်ချင်း ဖိုးကျော်က သဘောကျပြီးတော့ ဘာပြောသလဲဆိုတော့ ကလေးက ခွေးပေါက်လေးလို ဟောင်ရင် အားရဝမ်းသာနဲ့ “ခွေးသားလေး ခွေးသားလေး” ကြက်ကလေးလို အော်ရင် “ကြက်သားလေး ကြက်သားလေး” လို့ပြောနေတော့တာပေါ့။ ကိုယ်လည်းဝင်ထောက်ခံလိုက်တယ် “ဟုတ်တယ် တူတယ်တူတယ်” လို့ဝင်ပြောတာပေါ့။ ဟုတ်လည်းဟုတ်နေတာကိုးဗျ။

အဲ့ဒါကို ကလေးအမေက ဘာတွေများ တွေးသလဲမသိပါဘူး။ ညနေကျတော့ အိမ်ကိုလာတိုင်ပါရောလား သူ့သားကို ခွေးသားလေး ကြက်သားလေးလို့ ပြောပါတယ်ဆိုပြီး။ ဘုရားပေးပေး ကျမ်းပေးပေး ပြောတာကတစ်ယောက် ကိုယ်ကဝင်ပြီးပဲ ထောက်ခံတာပါ။ မွန်အိမ်ကိုတော့ သူကသွားမပြောရဲဘူးထင်ပါတယ် အဲ့သည့်အိမ်က အန်ကယ်ကြီးက သူ့ယောက်ျားထက် ရာထူးတစ်ခုကြီးတာကိုး။ ဒီတော့ တရားခံကိုမပြောရဲလည်း တန်းတူချင်းတော့ရှင်းရမှာပဲဆိုပြီး ထောက်ခံတဲ့လူပြောရမှာပဲဆိုပြီး အိမ်လာချဲတာဗျ။ ပြောတယ်လေ ခွေးသားလေး ကြက်သားလေးလို့ ပြောတာကွန်မတို့ လင်မယားနှစ်ယောက်လုံးကို စော်ကားတာပဲတဲ့။ သူဟာသူ ဘယ်ဟာက ဘယ်သူလို့ ဘယ်လိုများ ခွဲတန်းချလိုက်သလဲတော့ မသိဘူးဗျာ။

ဒါနဲ့အဖေကလည်းမေးတယ်လေ သားမင်းအဲ့သည်လိုပြောသလားတဲ့။ ကိုယ်ကလည်း ဘယ်သိမလဲ ဟုတ်တယ် သူကကြက်ကလေးလို အော်တတ်တယ် ဒါကြောင့် ဖိုးကျော်က ကြက်သားလေးလို့ပြောတာ သားလည်း ဟုတ်တယ်လို့ပြောလိုက်တယ် လို့လည်းပြောလိုက်ရော ပိုဆိုးသွားရော ဟောပြောနေရင်းနဲ့ ထပ်ပြောပြန်ပြီတဲ့။ ကိုယ်လည်း ခွေးနဲ့ကြက် ဘယ်ဟာက အမှု့ပိုကြီးမှန်း ကလေးဆိုတော့ ဘယ်သိမလဲနော်။ ဒါနဲ့အဖေက တရားခံတစ်ယောက်ကျန်သေးတယ် လာသွားမယ် မွန်အိမ်ကိုဆိုပြီးတော ပြောတော့ ဟိုအမျိုးသမီးက သိပ်မလိုက်ချင်ဘူး အင်တင်တင်ရယ်။ ဟိုအိမ်ရောက်မှ မွန်အန်တီကြီးက အောင်မယ်လေး ဖြစ်ရမယ်ညီမရယ် အစ်မတို့က အကောင်ပေါက်လေးတွေဆိုရင် သားလေးလို့ နောက်ကနေတပ်ခေါ်တာ ခွေးပေါက်လေးဆိုရင် ခွေးသားလေး ကြက်ပေါက်လေးဆိုရင် ကြက်သားလေးလို့ ခေါ်နေကျပါလို့ဆိုမှ မပြောရဲလို့လားတော့ မသိဘူး။ ဒါဆိုလည်း ပြီးတာပါပဲဆိုပြီး ပေစောင်းပေစောင်းနဲ့ ပြန်သွားတယ်ဗျာ။ ဒါနဲ့ ငယ်ငယ်ကတည်းက သင်ခန်းစာတစ်ခု ရသွားတယ်ဗျာ စကားပြောရင် ခွေးရယ် ကြက်ရယ်မပါအောင်ပြောရမယ် ဆိုတာရယ် ခွေးရယ် ကြက်ရယ်မှာ ကြက်ကပိုပြီးတော့ အမှု့ကြီးတယ်လို့ မှတ်ထားလိုက်ရတယ်။