Calm Hill My Random Thoughts

မည်သူ့ကိုမျှ ပြန်လည် ဖြေကြားမည် မဟုတ်ပါ

ပြောပြန်ရင်လည်း ကိုယ်လူရည်မလည်တာ လူသိကုန်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခြင်္သေ့နဲ့ကျား နာမည်မှားပေးမိတဲ့ နိုင်ငံဆိုတာကို ရောက်နေတာလည်း နည်းနည်းတော့ ကြာပါပြီ ဒါပေမယ့် တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးသေးဘူး။ ဒီနေ့တော့ ဘော်တာအစ်ကိုကြီးတစ်ယောက်က လာဗျာခင်ဗျားနဲ့ ကျွန်တော် ရုပ်ရှင်သွားကြည့်မယ် လာခဲ့ဗျာဆိုလို့ သွားကြည့်ကြတယ်။ အဲ့သည့် ဘော်တာကြီးက သူငယ်ချင်းလို့သာပြောရတယ် ကျွန်တော်နဲ့တော့ အစ်ကိုတစ်ယောက်လိုလည်း ဖြစ်နေခင်နေတာပါ။ ဖြစ်ချင်တော့ ဘယ်သူ ကံဆိုးပြီး ဘယ်သူ ကံကောင်းတာလဲတော့ မသိဘူးပေါ့လေ ရုပ်ရှင်ရုံအပေါ်မရောက်ခင် အောက်ထပ်က မုန့်စျေးတန်းထဲမှာ ကျောင်းနေဘက် ဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို တွေ့တယ်ဗျ။

ဖြစ်ချင်တော့ သူကလည်း ကိုယ့်ကိုမှတ်မိတယ် နာမည်မမှတ်မိဘူး ကိုယ်ကလည်း သူ့ကိုလူတော့သိတယ် နာမည်မမှတ်မိဘူး။ သေချာပေါက်ကတော့ ကျွန်တော့် ငယ်သူငယ်ချင်း ရခိုင်ဘက်က မြောက်ဦးမြို့သူနဲ့ သူငယ်ချင်းဆိုတာတော့ မှတ်မိတယ်။ ဒါပေမယ့် သူကလည်းကိုယ့်သိတယ် သူကလည်း ကိုယ့်သိတာပဲဆိုတော့ ရောယောင်ပြီး အာလူးဖုတ် ရတော့တာပေါ့။ ပါလာတဲ့ဘော်တာ အစ်ကိုကြီးကတော့ ဘေးမှာဘာမှဝင်မပြောဘူး မတ်တပ်ရပ်နေတယ်။ အဲ့ဒါကိုဗျာ ကျွန်တော့်သူငယ်ချင်းက ဘာမေးလဲဆိုတော့

ဟဲ့… ဒါ… နင့်ဒယ်ဒီလား

ကျွန်တော်လည်း အားနာလိုက်တာနော် ဘယ်လိုပြောရမလဲ

ဟာ… မဟုတ်ပါဘူး နင်ဘာတွေလျောက်ပြောနေတာလဲ ဒါငါ့သူငယ်ချင်း

လို့အမြန်ပြောပြီး သွားတော့မယ်နော်ဆိုပြီး ထွက်လာခဲ့ရတယ် အသက်က အဲ့သည်လောက်ကြီးတော့မကွာပါဘူး ၁၀ နှစ်ကျော်လောက်ပါ ဒါပေမယ့် ကျွန်တော်က လူကောင်သေးသေး အဲသည့်အစ်ကိုကြီးက လူကောင်ကြီးကြီး ဝဝခန့်ခန့်ကြီး ဖြစ်နေတော့ ပိုဆိုးသွားတာပေါ့။ အစ်ကိုရယ် လွန်တာရှိရင်တော့ ဝန္တာမိပါဗျာ ကျွန်တော်လည်း မရည်ရွယ်ပါဘူး။ ကျွန်တော့် သူငယ်ချင်းကိုက လူကဲခပ် အညံ့လွန်သွားလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်သူလဲလို့တော့ လာမမေးနဲ့နော် ကာယကံရှင်၏ ဂုဏ်သိက္ခာကို ထောက်ထားသော အားဖြင့် မည်သို့မျှ ဖြေကြားမည် မဟုတ်ပါ။

PS.

လာရောက် ဖတ်ကြသောလူများထဲတွင် ကာယကံရှင်သော်လည်းကောင်း ကာယကံရှင် မည်သူဆိုသည်ကို သိကြသော စာဖတ်သူများ ပါရှိပါကလည်း မိမိတို့သိရှိကြောင်းကို နှုတ်လုံရန်နှင့် ကျွန်တော်ပြောသည်ဟု မည်သူ့ကိုမှမပြောမိစေရန် အထူးသတိပေးအပ်ပါသည်။