Calm Hill My Random Thoughts

ဆော့တာများ ထူးဆန်းသလား မျိုးနဲ့ရိုးနဲ့

ငယ်ငယ်ကတော့ လူပျိုကြီးဆိုတဲ့လူက အင်မတန်ဆော့တယ်ဆိုပြီး နာမည်အလွန်ကြီးပါတယ်။ ကိုယ်တင်မကဘူး သူများကလေးတွေလည်း ဆော့အောင် အဖော်စပ်တတ်တယ်။ လူပျိုကြီးနဲ့ ပေါင်းလို့ကြံကြံဖန်ဖန် ဆော့တတ်သွားတာကို တစ်ချို့က ကလေးတွေဆိုးသွားတယ်လို့ အမြင်လည်း မှားတတ်ပါတယ်။ သူတို့ကလေးက လူပျိုကြီးအိမ်လာမှတော့ လူပျိုကြီးက ဆော့ရင်းဧည့်ခံဖို့တာဝန်ရှိတယ်လေ အတုမြင်အတတ်သင် ကိုယ်အိမ်ပြန်ရောက်မှ လူပျိုကြီးကိုဆော့လို့ အရိုက်ခံရတာကတော့ လူပျိုကြီးတာဝန်မဟုတ်လို့ ထင်တာပဲ။

ကိုယ့်ဒယ်ဒီကို အားမနာတမ်း ပြောရမယ်ဆိုရင် သူလည်းမကြီးမငယ်နဲ့ ဆော့တာပဲ။ လူပျိုကြီးနဲ့ လာကစားတဲ့ကလေးတွေနဲ့ တစ်ခါတစ်လေ ပေသီးပစ်နေရင်တောင် သူကဝင်ပစ်ရင်ပစ်သေးတာ ပြီးတော့လူကြီး လက်တံရှည်ကြီးနဲ့ လုပ်ပြီးတော့ စည်းကခိုးသေးတယ်။ တစ်ခါတစ်လေများ ကလေးတွေနဲ့တောင် ရန်ဖြစ်သေးဗျာ။ တစ်ခုကောင်းတာက ကျွန်တော်ဘယ်လောက်ဆော့ဆော့ မတားဘူးဗျ။ မာမီကတားရင်တော့ စာအုပ်နဲ့ကိုင်ပေါက်လိုက်တယ် ဗမာ့စွယ်စုံကျမ်း ဘယ်အတွဲလည်း မှတ်မိတော့ဘူး။ ကလေးများ ဆော့ကစားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်၏ ဥာဏ်ကောင်းစေ၏ဆိုတာကို စာရွက်ကလေးညှပ်ပြီး မှတ်ထားတယ်။

အိမ်ရှေ့မှာလည်း ဆော့ရအောင်ဆိုပြီး ဝက်သစ်ချပင် အမြင့်ကြီးမှာ အုန်းဆံကြိုးအတုတ်ကြီးကို အပင်ပေါ်ကနေ တွဲလဲချထားတယ်ဗျာ။ စိတ်ကူးပေါက်တဲ့အချိန် သက်လုံကောင်းအောင်ဆိုပြီး အဲဒီ့ကြိုးကိုဆွဲပြီး တက်သေးတာ။ ကိုယ်လည်း သူ့ကစိတ်ကူးပေါက်တဲ့အချိန် တက်ခိုင်းသေးတာ စတက်ကာစကတော့ မသိဘူးလေ ကိုယ့်အားအကုန်သုံးပြီး ဆွဲတက်လိုက်တာ အပေါ်လည်ရောက်ရော ပြန်ဆင်းစရာ အားမရှိတော့ဘူး ပြန်အဆင်း လက်အံသေပြီး ပြုတ်ကျတာပါပဲ။ ဒယ်ဒီကမေးတယ် ကျိုးတော့မကျိုးဘူး မဟုတ်လားတဲ့။ အဲ့ဒီအကျင့်က အခုထက်ထိ ပါလာတယ် မယ့်ရင် အောက်မှာသာ ကြည့်ပါတော့ဗျာ။