Calm Hill My Random Thoughts

နည်းနည်းတော့ ချောက်တွန်းတတ်တယ်

ဒီရက်ပိုင်းကို အပြောအဆိုလေးတွေ ပြန်ပြီးတော့ ဆင်ခြင်နေရတယ်။ လူတွေနဲ့ မတည့်ရင် ကိုယ့်ဟာကိုယ် ဟုတ်နေတာ အပေါင်းအသင်းက စုံလာရင် အကျင့်တွေက ပြန်ပြန်ပေါ်တယ်။ ကျွန်တော့်ရဲ့ အင်မတန်ဆိုးတဲ့ အကျင့်က စတာနောက်တာပဲ။ Facebook ပေါ်လည်း ဒီရက်ပိုင်း စနောက်နေတာ ဘယ်နေ့ သူငယ်ချင်းအချင်းချင်း ရန်ဖြစ်မယ်မသိဘူး ဒါကြောင့် အပြောအဆိုလေးလည်း ပြန်ပြီး ဆင်ခြင်နေရတယ်။ စရင်းနောက်ရင်းနဲ့ အမှတ်တမဲ့ ချောက်တွန်းသလိုဖြစ်တဲ့ အကျင့်ကလည်း ပါသေးတယ်။ အခုလေးတင်ပဲ သူငယ်ချင်းက သူ့အမေဆီကို အိမ်ကနေ ထွက်ပြီးလာနေပြီလို့ ဖုန်းဆက်ထားတာ ပြီးတော့ သူကမလာသေးဘူး Facebook ပေါ်ရောက်နေတာ ကိုယ်ကလည်း မသိဘူးလေ ဟိုကောင့်ကို အွန်လိုင်းမှာ အခုထိတွေ့နေတယ် ဒီနေ့သူမလာဘူးလားလို့ အန်တီ့ကို သွားမေးမိတယ်။


တမင်သက်သက် ချောက်တွန်းတဲ့အကျင့်ကလည်း ရှိသေးတယ်။ ကျူရှင်သင်နေတုန်းက စာအတူသင်နေတဲ့ သူငယ်ချင်း တစ်ယောက် ကောက်ခါငင်ကာ ခွင့်ယူပြီး မူဆယ် ပြန်သွားပါရော။ ကျောင်းသားတွေကလည်း စာမပြီးမှာကြောက်တော့ ကျွန်တော့်ပဲမေးတယ် ဆရာဘယ်တော့ ပြန်လာမှာလဲ ဘာလုပ်သွားတာလဲ ဒါပဲလာလာမေးနေတယ်။ အဲဒါနဲ့ စိတ်ရှုပ်တာနဲ့ ပြောလိုက်တယ် မင်းတို့ဆရာက သူ့ဘကြီးက မိန်းမပေးစားမယ်ဆိုလို့ ပြန်သွားရတာ စေ့စပ်ပြီးတာနဲ့ ပြန်လာမှာပေါ့ တစ်ပါတ်လောက်တော့ ကြာမယ်လို့ ပြောပြထားလိုက်ရတယ်။


ခရီးသွားတဲ့ သူငယ်ချင်းကလည်း ပြန်လာတော့ ကျောင်းသားတွေက ဝိုင်းမေးတာပေါ့။ ဟိုကောင်လည်း ဘုမသိဘမသိနဲ့ ကျောင်းသားတွေ နောက်နေတယ်မှတ်လို့ အကုန်လုံးကို လာမမေးနဲ့ဆိုပြီး အော်လှတ်ရော။ ကျောင်းသားတွေကလည်း သူ့ကိုမေးမရတော့ ကျွန်တော့်ကိုထပ်ပြီးလာမေးပြန်တယ် ဘယ်လိုဖြစ်တာလဲတဲ့။ ကျွန်တော်လည်း ပြောရတာပေါ့ သွားတောင်းတော့ ကောင်မလေးက သူ့ကိုမယူနိုင်ပါဘူးလို့ ငြင်းလှတ်လိုက်တော့ ရှက်ပြီးပြန်လာတာ နင်တို့ကသွားမေးတော့ အော်လှတ်မှာပေါ့လို့ ပြောလိုက်ရတယ်။ ကျောင်းသားတွေကလည်း အားနာတာနဲ့ သူ့ကိုသွားပြီးတော့ မမေးကြတော့ဘူး။ သူ့သာသွားမမေးတာ ကျွန်တော့်အတန်းထဲကိုတော့ သတင်းကိုသယ်လာတာ နောက်တော့ တစ်ကျောင်းလုံးသိတာပါပဲ ဘယ်လိုမှကို ရှင်းမရတော့ဘူး။ အတန်းထဲက ကောင်မလေးတွေကလည်း အိမ်ကပေးစားတဲ့လူတောင် မယူတာ တစ်ခုခုပဲဆိုပြီး ဖြစ်သွားကြပြီး ဘူပိတ်သွားရှာတယ်။