Calm Hill My Random Thoughts

ဖန်တီးယူခြင်းနှင့် သဘာဝလက်ဆောင်

ရုက္ခဗေဒဥယျာဥ်ဆိုတာကို သွားကြမယ်ဆိုပြီး အဖော်ညှိတော့ သိပ်သဘောကျတာပေါ့ တစ်သက်လုံး တောထဲနေလာတာ သစ်ပင်ဆိုတာ သိပ်သဘောကျတာပဲ။ ရုက္ခဗေဒဥယျာဥ်ဆိုတော့ ကိုယ့်ကလည်းမြင်မိတာက ငယ်ငယ်ကတည်းက အသားကျနေတဲ့ ဧကအများကြီးနဲ့ သစ်တောကြီးတွေ လေ့လာစရာအပင်ပေါင်းစုံနဲ့ အရိပ်အာဝါသရယ် မျက်စေ့ထဲပြေးမြင်မိတယ်။ နေပူနေသလား အရိပ်မရှိပဲနေပူထဲမှာတောင် အေးမြနေတဲ့ရာသီဥတုကို သတိရမိတယ်။ စင်ကာပူက ရုက္ခဗေဒဥယျာဥ်ဆိုတာကို ဝင်ဝင်ချင်းပဲ ဆောက်နဲ့ထွင်းဆိုသလို ထီးမပာလာလို့ နောင်တရချင်သလိုလို ဖြစ်လာတယ်။

ပထမဝင်ဝင်ချင်း အင်မတန်ဆွဲဆောင်မှု့ရှိတဲ့အပင်ကို စပြီးတွေ့ပါတယ် ဘာပင်လဲဆိုတော့ တရုတ်စကားအဖြူရယ် အဝါရယ် ပွင့်နေပါတယ် အပင်လည်းကျို့တို့ကြဲတဲ။ တော်သေးတာပေါ့ အဝါလေးပါနေလို့ မဟုတ်ရင်တော့ စစ်ကိုင်းတောင်က အပင်တန်းမှာအပွင့် ကောက်ပြီးပြုတ် ပြီးတော့သုတ်စားတာပဲမြင်မိတယ်။ စင်ကာပူသူများကတော့ လှလိုက်တာဆိုပြီး အလှည့်ကျဓာတ်ပုံရိုက်နေလေရဲ့။ မေမြို့က ရုက္ခဗေဒဥယျာဥ်ကိုဝင်လိုက်ရင် မြင်ရတဲ့ သက်တမ်းရာချီတဲ့ ထင်းရှူးပဒေသာပင်ကြီးတွေကို သိပ်သဘောကျတာပဲ အဲဒီလိုဆွဲဆောင်မှု့မျိုးတော့ လုံးဝမရှိပါဘူးလေ။



ဝင်သွားလိုက်တော့ ရေကန်ထဲမှာ ငန်းအဖြူလေးတွေရေကူးနေလေရဲ့ အဝေးကနေမြင်မိတော့ ကဗျာဆန်ဆန်ပေါ့ ကန်ဘေးမှာလည်း ညောင်မုတ်ဆိတ်ပင်ကြီးနဲ့ဗျ။ အနားရောက်တော့မှ ရေကလည်း ဘယ်လိုများဖြစ်တယ်မသိဘူး နောက်ကျိနေတယ် ကြည်နူးမိတာတောင် ဘယ်ရောက်မှန်းမသိဘူး ကန်ဘေးမှာ ဓာတ်ပုံဆရာများက ရှားပါးအပင်ဆိုပြီး ပြောင်းတိုပြောင်းရှည်များနဲ့ ဒေါက်ထောက်ပြီး ရိုက်နေကြသဗျာ ဒါနဲ့စပ်စုမိတော့ ဗုဒ္ဓသာသနံပင်တွေပါဗျာ တော်ပါကွယ်ဆိုပြီး ဆယ်ပြားစိလောက်ရှိတဲ့ ရေကန်ကို အမြန်ပတ်လောက်ရတယ်။ ကျွန်တော်ကြီးဘေးက ပန်းခင်းရယ် မြက်ခင်းတွေရယ် ကြည်နေတဲ့ရေတွေရယ်ပဲ သတိရမိတယ်။ အဲဒီ့ကန်ဘေးမှာပဲ ရောက်တိုင်းဓာတ်ပုံရိုက်တယ်။ အခုတော့ရိုက်မယ်ဆိုတာတောင် တော်ပါဗျာ မင်မိုရီနေရာတစ်နေရာကုန်ပါတယ်ဆိုပြီး ကန့်ကွက်ရတယ်။ ငန်းလေးတွေကတော့အခုရှိတယ် ဒါပေမယ့် နိုင်ငံခြားဖြစ်ပေါ့လေ အနက်ရောင်လေးတွေ။ ဒါပေမယ့် ကချင်ပြည်နယ်ကနေရောက်နေတဲ့ သားမင်းတွေပဲ ပိုစိတ်ဝင်စားတယ် ဘယ်နိုင်ငံမှာမှ တွေ့ဖို့မလွယ်ဘူးလေ။







ကန်ဘေးကနေ ကပ်လျောက်လာတော့ သူများတွေဓာတ်ပုံရိုက်တော့ ဒို့လည်းခေတ်မှီအောင်ဆိုပြီး ဓာတ်ပုံတော့ရိုက်မယ်ဆိုပြီး အပင်ရှာတာ မတွေ့လို့တွေ့တာရိုက်ခဲ့တာ စိန်ပန်းကလေး အနီနဲ့အဝါပုံရခဲ့ပါတယ်။ မမြင်ဖူးတာကြာတော့ မေ့သွားမလားဆိုပြီး ကျေးဇူးတင်ရမလိုပဲ ယူဆလိုက်တယ်။ အင်မတန် ကြည်နူးဖွယ်ရေပြင်ကတော့ ဘယ်လိုဖျောက်ရမယ် စဥ်းစားမရသေးဘူး။ အီကွေတာမှာပဲ ပေါက်တဲ့အမြဲစိမ်းအပင်တွေ တွေ့ပါတယ်စိတ်ဝင်တစ်စားနဲ့ကြည့်လိုက်တာ တောထဲက ကွန်ကရစ်လမ်းနဲ့သဘာဝအပင်တော့ ဘယ်လိုမှခံစားလို့မရဘူး။ အင်မတန်ထွားကျိုင်းစွာသီးနေတဲ့ ငှက်ပျောခိုင်လေးတော့ သဘောကျမိတယ် ဆောင်းချမ်းမိုးတောင် ထမ်းနိုင်မယ်သိပ်မထင်မိဘူး။






နောက်တော့ ပူပါတယ်ဆိုမှ အမောပြေစရာ ကန္တာရအပင်များကိုတွေ့ရတယ် စိုက်ထားတာကလည်း ကျောက်တုံးတွေသဲတွေနဲ့ ကန္တာရပုံစံပဲ။ မမြင်ဖူးတဲ့အပင်တွေတော့စိုက်ထားတာ မြင်ရတယ်လေ ဘာတွေလဲဆိုတော့ တစောင်းလက်ပတ်တွေဗျ။ ကန္တာရဆူးတွေလဲတွေ့တယ်။ ကိုယ်သိတာကတော့ အဲဒီ့အပင်တွေ အိမ်ထဲအမှိုက်ရှုပ်လို့ မြက်ရှင်းရင်အကုန်ခုတ်တာပဲသိတယ်။ သိပ်သဘောကျတဲ့ အပင်တော့တွေ့တယ် မရိုးပင် နှစ်ပင်လောက်မြင်တယ်ဗျ။ နွားနို့ခဲကလည်း မစားရတာကြာပြီလေ နောက်ဆိုနွားနို့ခဲချင်ရင် ရုက္ခဗေဒသွားပြီး မရိုးပင်ကနေ နှစ်ချောင်းသုံးချောင်းချိုးရမယ်။ အပေါ်တက်လိုက်တော့ ဗမာလူမျိုးကြိုက်တဲ့ သနပ်ခားပန်းန့ရတယ်ဗျာ ဒီတစ်ခါတော့ တစ်ကယ့်ကို သဘောကျမိပါတယ် သနပ်ခါးပန်းတွေပွင့်နေပါရောလား။ ဒါနဲ့ ဓာတ်ပုံတောင်ရိုက်ခဲ့သေးတယ်။ မေမြို့က ဂဝံကျောက်တွေနဲ့ လုပ်ထားတဲ့ ကျောက်တုံးဥယျာဥ်ကိုသွားမြင်မိတယ် လူကလည်းခေါင်းမာတတ်လို့လားမသိဘူး အဲဒါကိုအစကတည်းက သဘောမကျဘူး မူလကမရှိဘူး လူလုပ်ယူထားတာသိပ်များလို့ စင်ကာပူကလူလုပ်တဲ့ ကျောက်တုံးကန္တာရနဲ့ ခံစားချက်မကွာဘူး ခံစားလို့ကိုမရဘူး။






ဂျင်းဥယျာဥ်တဲ့ စိတ်ဝင်စားလိုက်တာပေါ့ ဂျင်းတွေကိုဘယ်လိုများ စိတ်ဝင်စားအောင်ပြမလဲပေါ့လေ။ ကြည့်လိုက်တော့ ဂျင်းပင်လေးတွေ လမ်းဘေးစိုက်ထားတယ် သူကတော့မျိုးကွဲတယ်ပြောတာပဲ မြင်တာတော့အတူတူပဲ NTUC ကနေ ဂျင်းကိုဝယ်ပြီး သဲထဲထည့်ထား အပင်ပေါက်မှလာစိုက်ထားသလားတောင်ထင်မိတယ်။ ရှင်းပြထားတာဖတ်တော့ ငှက်ပျောပင်လည်း ဂျင်းမျိုးစိတ်မှာပါတယ်တဲ့ ဒါလည်းဟုတ်တယ်လေ ဓာတ်ပုံမှာတောင် ငှက်ပျောဖူးနီနီလေးကို ဓာတ်ပုံရိုက်ပြထားတယ်။ ဆောင်းချမ်းမိုးကတော့ မှတ်သားစရာစကားပြောပါတယ် ငှက်ပျောဖူးကို ကြည့်ပြီးတော့ သြော်.. နဂါးမောက်သီးဆိုတာလည်း ဂျင်းမျိုးထဲပါတာပဲတဲ့။ ငှက်ပျောဖူးနဲ့ နဂါးမောက်သီး ဘယ်လိုမှားသလဲနောက်မှ သူ့ကိုအသေအချာမေးဦးမယ်။ မှန်းချက်နဲ့နှမ်းထွက်မကိုက်သလိုပဲ အမေအိမ်နောက်ဖေး သဲဘန်းထဲမြုပ်ထားတဲ့ ဂျင်းအခင်းကမှ သူ့ထက်ကြီးမယ်ထင်တယ်။

သစ်ခွဥယျာဥ်တဲ့ ဝင်ရင် ၅ ဒေါ်လာပေးရမယ်ဆိုပဲ ဒီတစ်ခါတော့ နပ်သွားပြီလေ စင်္ကာပူမှာ ဒို့မမြင်ဖူးတဲ့သစ်ခွ ဘယ်ရှိလိမ့်မလဲ ၅ ဒေါ်လာပေးပြီး အထဲရောက်မှ ဗင်ဒါတွေ မြေကြီးစိုက်ပြပြီး ကြည့်ပြန်ရရင်မကိုက်သေးဘူး ဒီကောင်တွေ သဇင်တောင် ကောင်းကောင်းမြင်ဖူးမယ့် လူတွေမှမဟုတ်တာပဲဆိုပြီး တစ်ညီတစ်ညွတ်တည်းငြင်းကြတယ် မဝင်တော့ဘူးဆိုပြီတော့လေ။ မေမြို့က ရုက္ခဗေဒမှာတော့ အရင်ကသစ်ခွသက်သက် ပြတာမရှိဘူး အခုတော့သစ်ခွသက်သက်သီးသန့်ထားတယ် မတော်မတည့်ထပ်ဆောက်တာတွေ မမြင်မတည့်ပေမယ့် အဲဒါကိုတော့သဘောကျ တယ် ဗမာပြည်ဟာသစ်ခွ အမျိုးအစားအများဆုံး တွေ့နိုင်တဲ့နိုင်ငံပဲ ထိမ်းသိမ်းသင့်တယ် သစ်ခွနက်ဟာဗမာပြည်မှာပဲရှိတယ် တွေ့ခဲ့တုန်းကမျိုးကို အခုထိဆက်ပြီး မျိုးပွားထားသလား အဆက်အစပ်ပြတ်သွားလို့ မသိတော့ဘူး။

နောက်ထပ်ဆက်သွားတော့ Palm Ville တဲ့ မြက်ခင်းဘေးမှာပေါက်နေတဲ့ Palm မျိုးနွယ်အပင်တွေပါ ရုက္ခဗေဒနာမည်ဆိုတော့ ထူးဆန်းကောင်းထူးဆန်းမယ် တစ်ကယ်ကတော့ ထန်းပင်လို အပင်တွေပါ ပင်စည်အမာရယ် အပေါ်မှာပဲအရွက်ရှိတဲ့ ပေပင်ထန်းပင်မျိုးမှန်သမျကို Palm ခေါ်တာပဲ။ ပေပင်၊ ကွမ်းပင် လေးတွေ ကြို့တို့ကြဲတဲမှာ လူတွေကလည်း နေပူလို့ဒေါင်းနေပြီကိုး ပေပင်တစ်ပင်အောက်က အရိပ်မြက်ခင်းမှာ ထိုင်ပြီးအမောဖြေရတယ်။ ပေပင်အရိပ်ဆိုတော့ စဥ်းစားသာကြည့်ပါ ဆန်ပြာတဲ့ဘန်း သာသာလောက်ပဲ ရှိမယ်ထင်တယ်။ ဘင်္ဂလားကုလားရယ် ဖိလစ်ပိုင်အမျိုးသမီးရယ်ကတော့ မျက်စိထဲမှာ ကန့်လန့်ဖြစ်နေတယ်။ စင်ကာပူသူရယ် စင်ကာပူသားရယ်ကတော့ လသာနေသလားထင်ရတယ် နေပူထဲဘောလုံးကန်နေတယ်။ ဆက်သွားလည်း ဘယ်လိုမှ ဆွဲဆောင်မှု့ရှိတဲ့ နေရာရှိမယ်လို့ မမျော်လင့်တော့လို့ လှည့်ပြန်လာခဲ့တယ်။

အပြန်မှာတော့ အီကွေတာအမြဲစိမ်းတောကို တွေ့ရပါတယ် တစ်ကယ်တော့ သူတို့သဘာဝဖြစ်တဲ့ အီကွေတာတောကအပင်တွေကိုပဲ အကောင်းဆုံးပြသင့်တယ် ဒါမှသာ သူတို့ကိုယ်ပိုင်ဟန်ရှိတဲ့ သဘာဝတောနဲ့ ရုက္ခဗေဒဥယျာဥ်ဖြစ်လာမှာပဲ။ မေမြို့ရုက္ခဗေဒနောက်ထဲက ထင်းရှူးတောဟာ သဘာဝအတိုင်းပဲ တော်တော်ကိုကြီးပါတယ် ဒါပေမယ့် အခုနောက်ပိုင်းဆောက်ထားတဲ့ သစ်သားတံတားဆိုတာကတော့ မျက်စေထဲမတည့်လှဘူး တောပျက်တာအဖတ်တင်တယ်လို့ယူဆတယ် သဘာဝအတိုင်းထားရမှာကို လမ်းလျောက်စရာမရှိလို့ ကွေ့ကောက်လုပ်ထားရတဲ့ စင်ကာပူက ကနိုပီဝေါ့ လိုလုပ်ထားတာတော့ သဘာဝမကျဘူး။ အပင်ပျက်တယ် သဘာဝတောလမ်းလုပ်ပေးပြီး လမ်းလျောက်စရာလုပ်ပေးတာကမှ ထင်းရှူးတောသဘာဝကို မြင်ခွင့်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ်ပါလေ ရုပ်ဝတ္ထုကိုသာ ဖန်တီးယူလို့ရမယ် သဘာဝကိုတော့ ဘယ်လိုဖန်တီးဖန်တီး မသင့်လျော်တာတော့ ဘယ်လိုမှဖြစ်မလာနိုင်တာ အမှန်ပဲဆိုတာ ငြင်းစရာမရှိပါဘူးလေ။