Calm Hill My Random Thoughts

မန္တလေး နေ့ရက်များ (၃)

Facebook မှာအိမ်ပြန်တဲ့ သူငယ်ချင်းတစ်ယောက် “ပွဲတော်အစ သုံးဆူက၊ ပွဲတော်အဆုံး ဝါခင်းကုန်း” ရေးထားတာကိုဖတ်မိမှပဲ ဘုရားပွဲတွေကို သတိပိုရမိတယ်။ သီတင်းကွတ်ပြီဆိုတာနဲ့ သီတင်းကွတ်လပြည့်နေ့က စတင်ပြီးတော့ တန်ဆောင်မုန်းလအထိ မန္တလေးတစ်မြို့လုံးမှာ တစ်နေရာမဟုတ် တစ်နေရာ ဘုရားပွဲဆက်တိုက်ရှိပါတယ်။ ငယ်ငယ်ကတော့ အငြိမ့်ကတာတွေ ဘုရားပွဲမှာ တော်တော်လေး တွေ့ရပါသေးတယ်။ ငယ်ငယ်ကတော့ အမေကြီးကလည်း သွားနိုင်လာနိုင်သေးတော့ မြေးတွေကိုဘုရားပွဲဆို ခေါင်းဆောင်ပြီး အငြိမ့်လိုက်ပြတတ်တယ်။ အမေကြီးကပွဲကြိုက်လွန်းလို့ အဘိုးရှိစဥ်က ဘုရားပွဲရာသီ စလာပြီဆိုရင်ဖြင့် ရန်ဖြစ်ကြတော့တာပဲလို့ အမေကြီးက ကျွန်တော်တို့ မြေးတွေကို ပြောပြတတ်တယ်။ အမေကြီး အသက် ၈ဝ လေဖြတ်လို့ အိပ်ယာထဲမထနိုင်ချိန် ဘုရားပွဲကဆိုင်းသံကြားလို့ ငါ့လိုက်ပြလို့ ပူဆာနေလို့ ဦးလေးတွေ အလုပ်ရှုပ်ရဖူးတယ်။ အခုခေတ်တော့ အငြိမ့်တွေလည်း ပျောက်သလောက်ဖြစ်သွားပါပြီ စျေးတွေမြင့်လို့ တန်ရုံ့ဘုရားပွဲကလည်း မငှားနိုင်တော့ပါဘူး။

ဘုရားပွဲဆိုရင် မပါမဖြစ်က အိမ်တွေမှာအကွေးအမွေးပါ တစ်အိမ်ကိုတစ်မျိုး မုန့်လုပ်ပြီးဧည့်ခံပါတယ် ကိုယ့်ဧည့်သည်သူများအိမ်ပို့ သူများဧည့်သည်ကိုယ့်အိမ်ခေါ်လာနဲ့ မုန့်လည်စားကြတာပါ။ ဘုရားပွဲမုန့်တွေကတော့ ကျောက်ကျော၊ ဆနွင်းမကင်း၊ ကြာဇံဟင်း ဒါမျိုးတွေပါ။ နောက်ပြီးတော့ ကွေးလေ့ရှိတာက မုန့်ဆန်းပါ။ မုန့်ဆန်းလုပ်ဖို့က ကောက်ညှင်းပေါင်းကို အပြားကြိတ် အခြောက်ခံထားတဲ့ မုန့်ဆန်းလိုပါတယ်။ မုန့်ဆန်းကိုရေနွေးဖျော အုန်းသီးခြစ် နို့စိမ်း သကြားနဲ့ နှပ်ထားလိုက်ရင် မုန့်ဆန်းမှေးမှေးလေးရပြီပေါ့။ အညာကလူတွေက ဆန်ဆိုရင်အဟောင်းမှ စားတတ်ကြပေမယ့် မုန့်ဆန်းကိုတော့ ကောက်ညှင်းဆန်အသစ်နဲ့လုပ်ထားမှ ကြိုက်ကြတယ်။

ဘုရားပွဲဆိုရင် ပွဲစျေးတန်းဆိုတာက မပါမဖြစ်ကိုး အများအားဖြင့်ကတော့ မုန့်သည်တွေပါ နောက်ပြီးတော့ ကလေးကစားစရာသည်တွေ ဒီလောက်ပါပဲ။ ကျောက်တော်ကြီး၊ အိမ်တော်ရာတို့လို ဘုရားပွဲအကြီးတွေဆိုရင်တော့ နယ်လှည့်ရောင်းတဲ့ ၁၂ ပွဲစျေးသည်တွေပါပါတယ် နောက်ပြီတော့ မန္တလေးဘုရားပွဲစျေးသည်လို့ အမည်တပ်ရမယ့် မုန့်သည်တွေဆိုရင် မုန့်ပေါင်းနဲ့ ခဲတံချောင်း (ကောက်ညှင်းကျည်တောက်) သည်တွေလာပါတယ်။ အခုနောက်ပိုင်းတော့ မစိန်မပို မုန့်ပေါင်းနဲ့ ခဲတံချောင်းက နာမည်ကြီးသဗျာ။ မန္တလေးပွဲစျေးမှာပဲရတဲ့ ပြည်တော်သာဆိုတဲ့ မုန့်ကလည်းရှိသေးတယ် တစ်ကယ်ကတော့ မုန့်ပစ်သလက်အပါးကို ဆီနိုင်နိုင်နဲ့ သံအိုးကင်းမှာလုပ်ရောင်းတာ ပဲပြုတ် ခရမ်းချဥ်သီး ငရုတ်သီးနဲ့ ပြည်တော်သာမုန့်ကို လွမ်းမိပါသေးတယ်။

ဘုရားပွဲမှာပါလေ့ရှိတာက ပွဲပြီးနောက်ဆုံးနေ့ဆိုရင် စာရေးတံမဲပါလေ့ရှိပါတယ်။ အဲဒီ့မှာလှူစရာကသပိတ်ရယ် ပဒေသာပင်ရယ် နှစ်မျိုးရှိပါတယ်။ တတ်နိုင်တဲ့လူကျတော့လည်း လှူချင်တဲ့ ပစ္စည်းတွေကို ဘုရားက ဓမ္မာရုံမှာပဒေသာပင်သီပြီး အလှူစာရင်းသွင်းပါတယ်။ သပိတ်ကတော့ မနက်မှာဘုန်းကြီးတွေကို စာရေးတံမဲနှိုက်ပြီး သက်ဆိုင်ရာနံပါတ်အလိုက် လောင်းလှူရတာပါ လောင်းတဲ့နေရာမှာ သပိတ်အလိုက်ဆွမ်း ဆွမ်းဟင်းကို ဘုရားပွဲကနေပြီး စုပြီးချက်ပေးပါတယ် ထပ်ပြီးလောင်းလှူစရာများရှိရင်တော့ မဲပေါက်ရာ ကိုယ်တော်ကို လောင်းလှူရပါတယ်။ မဲနှိုက်တဲ့နေရာမှာ ကိုယ်တော်တွေလည်း သပိတ်ပေါက်သလား ပဒေသာပင်ပေါက်သလား ရင်ခုန်ရသလို လောင်းလှူမယ့်လူကလည်း ကိုယ့်လှူဖွယ်ပစ္စည်းကို အလှူခံမယ့် ပုဂ္ဂိုက ကိုရင်လေးလား၊ ဦးပဇ္ဇင်းလား၊ သက်ကြီးဝါကြီးရဟန်းကြီးတွေလားနဲ့ ရင်ခ ုန်ရပါသေးတယ်။ ကိုရင်လေး ပဒေသာပင်ပေါက်လို့ မသယ်နိုင်လို့ ဂေါပက လိုက်ပို့ရတယ် လှူဖွယ်များတဲ့အိမ်က အလှူပစ္စည်းတွေနဲ့ ကိုရင်လေးမနိုင်မနင်း ကျောင်းပြန်တဲ့မြင်ကွင်းလေးတွေကလည်း ကြည်နူးစရာကောင်းလှပါတယ်။

ကိုယ်နေတဲ့အရပ်က ပွဲကုန်းလို့ခေါ်တယ် ဘုရားကတစ်ဆူထဲကို လေးဘက်လေးတန် ဘုရားပွဲ လေးခါခွဲလုပ်လို့ ဘုရားပွဲမပြတ်လို့ ပွဲကုန်းလို့ရှေးကတည်းက အမည်တွင်တာပါ။ အခုအချိန်အထိ ဘာလို့ပွဲကုန်းရပ်လို့ခေါ်သလဲ ရှင်းပြရတာ အင်မတန်လွယ်ပါတယ်။ မန္တလေးဘုရားပွဲတွေလည်း ရှေးကလို ပွဲတွေအငြိမ့်တွေ မပါတော့တာကလွဲရင် ဘုရားပွဲဓလေ့ကတော့ အခုထက်ထိ မတိမ်ကောသေးပါဘူး။ အပျော်အပါးတွေမပါတော့တာ ဝမ်းနည်းစရာမဟုတ်ပါဘူးလေ ဘုရားပွဲဧည့်ခံတဲ့ဓလေ့ မုန့်စျေးတန်းခင်းတဲ့ဓလေ့ စာရေးတံမဲအစဥ်မပြတ် လုပ်တဲ့ဓလေ့တွေကတော့ အခုအခြေအနေအတိုင်းကတော့ ဆုတ်ယုတ်မသွားတာ အကောင်းဆုံးယဥ်ကျေးမှု့ ထိမ်းသိမ်းမှု့အဖြစ် ဂုဏ်ယူနိုင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးဘုရားပွဲတော့ လွမ်းမိပါသေးတယ်။