Calm Hill My Random Thoughts

လာပြန်ပြီနောက်တစ်ယောက်

ဂျီတော့မှာ ကျွန်တော် တစ်ခုမေးချင်လို့ ခင်ဗျ ဆိုလို့ မေးလို့ပြောမိပြန်တယ်။ ဆော့ဝဲတစ်ခု Install လုပ်လိုက်တာ Restart လုပ်လိုက်တော့ ဝင်းဒိုးက ပြန်ပြီးတော့ တက်မလာတော့ဘူး အဲဒါဘာလုပ်ရမလဲတဲ့။ အရှင်းဆုံးအဖြေ မသိဘူးခင်ဗျာလို့ ဖြေလိုက်ပါတယ်။ အဲဒီလိုပြီးစလွယ် မပြောနဲ့ဗျာတဲ့။ ဟောဗျာ မသိပါဘူးဆိုနေမှ ဘယ်လိုလုပ်ဖြေမလဲ ကိုယ့်စက်တောင် ကိုယ်မပြင်ဖြစ်တာ ၃ နှစ်လောက်ရှိပြီ။ ထပ်မေးဦးမယ်တဲ့ ဘလော့မှာ ဘယ်နိုင်ငံကလာတယ်ဆိုတာ အလံပုံလေးတွေနဲ့ ပေါ်နေတဲ့ဟာမျိုး ထည့်ချင်တယ်တဲ့ ဘယ်လိုထည့်သလဲမေးပြန်ရော။ အဲဒါဆိုရင် ထည့်ထားတဲ့ ဘလော့တစ်ခုကိုသွား မောက်စ်တင်ကြည့်လိုက် ဘယ်ဆိုက်ကနေ အဲဒါမျိုးပေးသလဲ တွေ့လိမ့်မယ်။ အဲဒီ့ဆိုက်မှာ စာရင်းသွင်းပြီးလုပ်လိုက်ပေါ့ အဆင်ပြေမှာပါလို့ ပြောလိုက်တယ်။ ခင်ဗျားပြီးစလွယ်ဖြေပြန်ပြီ အသေးစိတ် ဘယ်အဆင့်ကနေ ဘယ်လိုသိချင်တာတဲ့။ ဟမ်… ငါ့ဘလော့ကိုကြည့် မျက်စေ့ရှုပ်လို့ ဘာမှကိုမထည့်ထားဘူး ငါမလုပ်ဖူးဘူး မင်းဘယ်ကလာတယ်နော်လို့ ပြပြနေတာလည်း စုံစမ်းထောက်လှမ်းနေလို ခံစားရလွန်းလို့ ငါ့ဆိုက်မှာထည့်ကို မထားဘူး။ မင်းစမ်းကြည့်လိုက်ပါ အခက်အခဲရှိရင် ဘယ်နေရာမှာ ဘာဖြစ်တယ်ပြော စမ်းကြည့်ပေးမယ် ငါကတော့ မသုံးဖူးဘူးလို့ဖြေလိုက်တယ်။ ဒီလိုကျပြန်တော့လည်း ခင်ဗျားတောင် မသုံးဖူးတာ ဘယ်လိုလုပ်ခင်ဗျားက စမ်းကြည့်မှာတုံးတဲ့။ ဟမ်… အဲဒါဆို ငါ့ကိုမင်းက ဘာလို့လာမေးနေသလဲ လို့ပြောလိုက်တယ်။

ခင်ဗျားတို့လိုလူတွေကြောင့် ဗမာပြည်ကွန်ပျူတာသမားတွေ လမ်းပျောက်နေတာတဲ့ သိတဲ့အတတ်ပညာကိုလည်း မဖြန့်ဝေဘူးတဲ့။ ဟမ်… နေပါဦး မင်းကငါဘာတတ်တယ်လို့ သိထားလို့လဲ ငါလူအများအထင်ကြီးတဲ့ အတတ်ပညာတစ်ခုမှမတတ် ငါတတ်တဲ့အတတ်ပညာများက လူအများစိတ်မဝင်စားလို့ ပြန်ပြောတော့။ ခင်ဗျားဘာတတ်မှန်းကျုပ်က ဘယ်လိုသိမလဲ ဒါပေမယ့် ကျွန်တော်မေးတာတွေ ခင်ဗျားတစ်ခုမှ ပြန်မဖြေဘူးတဲ့။ အေး… မင်းမေးတဲ့ဟာတွေက ငါအတွက်ကတော့ အတတ်ပညာလို့ သတ်မှတ်ထားတဲ့ အရာတွေမဟုတ်ဘူး သာမန်လူတစ်ယောက် စမ်းလုပ်ကြည့် နားလည်နိုင်တဲ့အရာတွေပါ။ မင်း… ကိုယ်တိုင်စမ်းကြည့်ပြီးပြီလား ကိုယ်တိုင်လုပ်မကြည့်ပဲနဲ့ လူတစ်ကာကိုလိုက်မေးနေတာလား မင်းအသိဆုံးပဲဖြစ်မှာပါ။ ကျုပ်မှ မသိလို့မေးပါတယ်ဆို ကျုပ်ကဘာလို့စမ်းလုပ်နေရမှာလဲ။ အေးလေ… ငါလည်းမလုပ်ဖူးဘူး ငါဆိုရင်ဒီလိုလုပ်မယ်လို့ မင်းကိုအကြမ်းပြောလိုက်တယ် မဟုတ်လား မင်းအနေနဲ့ ကြိုးစားကြည့်ချင်စိတ်ရှိရင် တစ်ခါတည်းအဆင်ပြေသွားချင် ပြေသွားမယ် အခက်အခဲရှိရင် ငါပေးတဲ့အကြံဆိုတော့ ငါတာဝန်ယူတဲ့အနေနဲ့ ငါစမ်းကြည့်ပေးမယ်လို့ ပြောတယ်မဟုတ်လား။ ခင်ဗျားလည်းမသိမှတော့ ကျုပ်ကခင်ဗျားကို ဘာလို့ဆရာတင်နေရမလဲ။ အေး… ငါ့ကိုဆရာတင်လို့လည်း ငါမပြောပါဘူး ဒါပေမယ့် ငါအကြံတစ်ခုပေးမယ် သူများကိုထပ်ပြီး ဆရာတင်နေလည်း လုပ်တတ်ချင် တတ်သွားမယ် မင်းတိုးတက်မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် မင်းရဲ့ဆရာမဖြစ်သ၍ မင်းသူများနောက်လိုက်ပဲ ဖြစ်နေမှာပဲ။ ငါ့စကားရိုင်းမယ် နားဝင်မချိုဘူး မင်းဟာမင်း နားဝင်းချိုအောင် ပြောတတ်တဲ့လူလိုက်ရှာမေးချေ။ ကိုယ့်အားကိုယ် မကိုးချင်တဲ့ လူတစ်ယောက်အတွက် ငါအချိန်ကုန်ခံပြီး အကြံဥာဏ်မပေးနိုင်။