Calm Hill My Random Thoughts

အလုပ် FAQs

အလုပ်ကိစ္စကို အများကမေးလေ့ရှိတာကို သတိရမိလို့ရေးထားလိုက်တယ်။ အများမှားတတ်တာက ဗမာပြည်ကဘွဲ့ကသုံးမရဘူးတဲ့ အဲဒီလိုတော့မဟုတ်ဘူးဗျ ဗမာပြည်ကဘွဲ့မရှိရင်တော့ နိုင်ငံခြားကဘွဲ့တော့ရှိရမယ် မဟုတ်ရင် စင်ကာပူမှာ အလုပ်ရလည်း Pass မရတာတွေရှိတယ် Degree ဆိုတာလည်း ဘယ်ကရရလိုအပ်ချက် တစ်ခုအဖြစ်ရှိပါတယ် ကောင်းတာက ကိုယ်လုပ်မယ့်အလုပ်နဲ့ အခြေခံဘွဲ့ဟာတူရင် ပိုအဆင်ပြေပါတယ် ရထားတဲ့ဘွဲ့က သမိုင်း အလုပ်က ပရိုဂရမ်မာဆိုလည်း မဟုတ်သေးဘူးရယ်။ လူတိုင်းမေးလေ့ရှိတာက ဘယ်လိုအလုပ်တွေ ပေါသလဲပေါ့ .Net, Java, PHP, Networking စုံနေတာပါပဲ။ တစ်ကယ်ကတော့ ပေါတယ်မဟုတ်ပါဘူး အကုန်လုံးရှိပါတယ်။ နောက်ပြီးတော့ ဘယ်လိုလက်မှတ်တွေ MCTS, MCPD, MCSE, SCJP, SCJD, CCNA, … စသည်ဖြင့်ပေါ့ ဘယ်ဟာတွေအသုံးကျသလဲဆိုတော့ ကိုယ်စိတ်ဝင်စားရာသာ ဖြေခဲ့ပါအကုန်အသုံးကျပါတယ်။ နောက်တစ်ခုက ဘယ်လက်မှတ်က အလုပ်ရတာ လွယ်သလဲဆိုတော့ ဘယ်လက်မှတ်မှ အလုပ်ရမလွယ်ပါဘူး လက်မှတ်ပြရုံနဲ့ အလုပ်ခန့်တဲ့ခေတ်က ကုန်သွားတာကြာပေါ့ အင်တွေများလွန်းလို့လည်းပါတယ် ကျက်ဖြေတာတွေလည်း နောက်တစ်ခုပါတာပေါ့လေ။

လက်မှတ်ဆိုတာကတော့ စာရွက်ပေါ်က အထောက်အထားတစ်ခု အဖြစ်တော့လိုအပ်ပါတယ်။ ဒါဆိုရင် အလုပ်ရဖို့ ဘာလိုသလဲဆိုတော့ တတ်ဖို့လိုအပ်ပါတယ် ကိုယ့်ဘက်ကတော့ အလုပ်ကသင်သွားမယ်လို့ မျော်လင့်ပေမယ့် အလုပ်ရှင်ကအဲဒီလို မမျော်လင့်ပါဘူး သင်ပေးရမယ့်လူခန့်ရင် အနည်းဆုံး ၃ လလောက်တော့ ခိုင်းစားမရပါဘူး မသင်ရမယ့်လူခန့်လိုက်ရင် သင်ပေးရသက်သာတယ် ပိုလည်းခိုင်းလို့ရတယ်မဟုတ်လား ဘယ်သူမှ လစာပေးထားပြီး ခိုင်းလို့မရတာ မလိုချင်ပါဘူး။ ကိုယ့်အတတ်ပညာနဲ့မဟုတ်ပဲ အလုပ်ထဲရောက်မှ အသစ်သင်ပေးပြီးလုပ်ရမယ့် အကြောင်းအရာဆိုရင်တော့ တစ်မျိုးပေါ့လေ အဲဒီ့လိုအလုပ်တွေလည်းရှိတာပါပဲ။ ကိုယ်လျောက်တဲ့အလုပ်နဲ့ ပတ်သက်တာသိရင်လည်း ပိုကောင်းပါတယ် အဲဒါဆိုရင် ငါမင်းတို့အလုပ်မှာ အကျိုးရှိအောင် ဘာတွေလုပ်ပေးနိုင်တယ် ပြောပြနိုင်ရင် ပိုအဆင်ပြေတာပေါ့။

နောက်တစ်ခုက လစာဘယ်လောက်ရမလဲ ဒါကလည်း လက်မှတ်နဲ့မဆိုင်ဘူး အသေအချာစဥ်းစားကြည့်ရင် သူတို့ကလည်း ကိုယ့်လုပ်အားနဲ့ ငွေရှာတာပဲမဟုတ်လား ကိုယ်လုပ်နိုင်တာက အလုပ်ရှင်အတွက် အကျိုးအမြတ်ရှိမယ်ဆိုရင် ကိုယ်ကိုဘာလို့ ငွေပိုမပေးနိုင်ရမလဲ ငါဒီလောက်လုပ်တာက မင်းတို့ဘယ်လောက် အကျိုးအမြတ်ရှိနိုင်မယ် ဒါ့ကြောင့်ငါဒီလောက် လခရရမယ်လို့ ပြောနိုင်မယ်ဆိုရင် တန်ရာတန်ကြေးရမှာပဲပေါ့ အလုပ်ထဲရောက်ပြီး ကိုယ်လုပ်နိုင်တာ ပိုလာတယ် နောက်ပြီးတော့ အလုပ်အတွက် အကျိုးအမြတ်ပိုရှိလာရင် ရတဲ့လခလည်း ပိုလာမှာပဲပေါ့။ ငါကဘယ်လက်မှတ်ရှိတယ် ဘယ်ဘွဲ့ရတယ် ဒါ့ကြောင့်ငါလခ ဘယ်လောက်လိုချင်တယ်ဆိုရင်တော့ အလုပ်ရှင်ကလည်း ထီထိုးရသလိုပဲ ခန့်ပြီးမှသုံးမရလည်း ပြန်ဖြုတ်ရတာ သိပ်မလွယ်လှဘူးလေ ဒီတော့သူလည်း အဆုံးအရှုံးနည်းအောင် စျေးဆစ်တော့တာပေါ့။

ဒါကကိုယ့်ဘက်ကပြောတာပါ အလုပ်ရှင်ကလည်း တန်ရာတန်ကြေး မပေးတာလည်း ရှိလာတတ်တာပဲ အဲဒါဆိုရင်တော့ အစကတည်းက မတန်ရင်မလုပ်ခဲ့တာ ကောင်းပါတယ်။ အလုပ်လုပ်ရင်းနဲ့မှ တန်ရာတန်ကြေး တိုးတောင်းတာ မရဘူးဆိုရင်တော့ တန်ရာတန်ကြေးပေးမယ့် အလုပ်ပြောင်းရပါလိမ့်မယ် အရင်းရှင်ဝါဒမှာ အရှုံးအမြတ်ပဲရှိတယ် စေတနာတွေ မေတ္တာတွေမရှိပါဘူး အလုပ်ရှင်လည်း အကျိုးအမြတ်ရှိလို့ ကိုယ့်ကိုငှားသလို ကိုယ်လည်း အကျိုးအမြတ်ရှိလို့ တန်ရာတန်ကြေးယူပြီး အလုပ်လုပ်ပေးတာပါ ဘာကျေးဇူးခံကျေးဇူးစားမှ မရှိပါဘူး။ လမ်းခွဲမယ်ဆိုရင်လည်း ပြုံးပြုံးနဲ့ပဲလမ်းခွဲခဲ့ပါ အကျိုးအမြတ်မရှိလို့ လက်တွဲဖြုတ်တာ ဒေါသထွက်စရာမရှိပါဘူး။ နောက်အလုပ်တစ်ခုမှာ အရင်အလုပ်က ရန်ဖြစ်ပြီး ထွက်လာတယ်ဆိုတာ ဘယ်လိုမှ မကောင်းပါဘူး။