Calm Hill My Random Thoughts

Annual Chronicles

Blog ဆိုပြီး သူများမြောက်ပေးတော့ ကျွန်တော်လည်း ဘလော့တာပေါ့လေ အခုဆို ၁ နှစ်ပြည့်ပေါ့။  အရင်က Free Host တွေမှာလုပ်တဲ့ Personal Web Site တွေကတော့ ဘယ်ရောက်မှန်းကို မသိတော့ပါဘူး။ Google က Blogger ကိုဝယ်ပြီးကာစ နှစ်များက ဗမာပြည်ကလည်း Blogger ကို အခုခေတ်လို အနီရောင်ခေါင်းစည်း မတပ်သေးပါဘူး အဲဒီ့တုံးကယူထားဖူးတဲ့ ဘလော့လေးတော့ရှိခဲ့ဖူးတယ် နောက်တော့ ကိုယ်ဟာကိုယ်ပဲဖျက်လိုက်တယ်။ ဒီတော့ WWW မှာ မှတ်တမ်းအဖြစ် ထင်ရာမြင်ရာတွေ မှန်မှန်ရေးဖြစ်တာ အရင်နှစ်လောက်ကမှပါ။ အရင်နှစ်ကတော့ ဖိုရမ်မှာလူတိုင်းက ဘလော့လိပ်စာပေးပါ မေးတဲ့လူကမေးကြတော့ ကိုယ်လည်းအများနည်းတူ co.cc ကနေယူပြီးတော့ Wordpress ကလေးကို Freehost တစ်ခုမှာတင်ပြီးတော့ ဘလော့လေးရေးပါတယ်။

နောက်တော့ ဒိုမိန်းလေးလုပ်ပါဗျဆိုလို့ ကိုဒီဘီကိုအပူကပ်တော့ ကိုဒီဘီက lupyogyi.info ဝယ်ပေးပါတယ်။ lupyogyi.info နဲ့လအတန်ကြာအောင် Freehost ကလေးမှာ Blog ရေးလိုက်ပါသေးတယ် နောက်ပိုင်းကံဆိုးချင်တော့ အလကားရတဲ့ MySQL Server ကအဆက်မပြတ်ကိုပဲ Service Down ပါတော့တယ် နောက်ပြီးတော့ ဘလော့နာမည်ကလည်း Search Engine Result အခြေအနေမကောင်း ဖြစ်လာတာနဲ့ calmhill.info ကိုထပ်ဝယ်ပြီး Wordpress Blog ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ Blogger ပြောင်းပြီး Hosting ကိုနှုတ်ဆက်ခဲ့လိုက်ပါတယ်။

တစ်နှစ်အတွင်းဘာတွေ ရေးဖြစ်ပါသလဲပြန်ကြည့်တော့ ကျွန်တော်အကြောင်း၊ အထွေထွေ၊ နည်းပညာ၊ ဆောင်းပါး ဒါတွေပဲရေးဖြစ်တာများပါတယ်။ အများဆုံးကတော့ ကျွန်တော်ကြုံခဲ့ဖူးတာတွေ ဆက်စပ်ပြီးပေါ့ပေါ့ပါးပါး ရယ်စရာမောစရာ ထည့်ရေးတာများပါတယ် ဒီလိုစာတွေက လာဖတ်တဲ့လူ တော်တော်များများနဲ့ အဆင်ပြေပါတယ်။ နောက်ပြီးတော့ ဆောင်းပါးဆန်ဆန်တွေကတော့ ကျွန်တော့််အယူအဆအမြင်တွေ ရေးလေ့ရှိပါတယ် နောက်ပြီးတော့ ကျွန်တော်နဲ့ ပတ်သက်တဲ့ နည်းပညာ ဆောင်းပါးတွေလည်း ရေးလေ့ရှိပါတယ်။

တစ်ချို့ကလည်း နည်းပညာဆောင်းပါးတွေ များများရေးစေချင်တယ်။ အဲဒါမျိုးတော့ မဖြစ်သေးဘူး လာတဲ့လူတွေရဲ့ တစ်ဝက်လောက်က ခင်လို့လာတဲ့လူရှိတယ် ရယ်စရာတွေ ပြောချင်လို့ လာတဲ့လူရှိတယ် ဒီတော့ သူတို့နဲ့မသက်ဆိုင်တာတွေပဲ ရေးနေလို့ကလည်း မဖြစ်သေးပါဘူး ခင်နေလို့ အားနာလို့သာမပြောတယ် သူတို့လည်း မသက်ဆိုင်တဲ့အရာတွေ မဖတ်ချင်ဘူးရယ်။ ပြောမယ်ဆိုရင် နည်းပညာနဲ့ သက်ဆိုင်တဲ့ဆောင်းပါး ရေးရတာကပင်ပန်းပါတယ် အကြောင်းအရာတစ်ခုရေးဖို့ ကျွန်တော့််အနေနဲ့ မတူညီတဲ့ စာတွေအများကြီးဖတ်ရပါတယ် နောက်ပြီးမှသာ ကိုယ့်အမြင်နဲ့ပြန်သုံးသပ်ပြီး ရေးရတာဖြစ်လို့ အဲဒါမျိုးတွေပိုရေးစေချင်လဲ တစ်လကိုအလွန်ဆုံး ၂ ပုဒ်ထက်ပိုရေးနိုင်ဖို့မမြင်ပါဘူး ဒါပေမယ့် ကြိုးစားတော့ရေးပါဦးမယ်။

ခြေထောက်မှာ ဗွေပါတယ်ပြောလို့ ငယ်ကတည်းက မြို့တစ်ကာလှည့်နေခဲ့တယ် အခုလည်း ဘလော့လည်းဗွေပါပုံရပါတယ် အရင်နှစ်က Hosting ပြောင်းလိုက်တာ ၄ ခါလောက်ရှိတယ်။ ဒီနှစ်တော့ အပြောင်းအရှေ့ဘယ်တော့များ ထပ်ရှိမယ်မသိသေးပါဘူးလေ လက်ရှိတော့ Encoding ပြောင်းတာက လာတဲ့လူတွေ Comment ရေးရလွယ်အောင် လုပ်နေတာနဲ့ နည်းနည်းကြာနေတယ် Blogger မှာဘယ်လိုမှ လုပ်ချင်တာလုပ်မရရင်တော့ Wordpress ကိုပြန်ပြောင်းပေါ့။ တစ်နှစ်ပြည့်တော့လည်း တစ်နှစ်ပေါ့လေ ပြောနေကျစကားလိုပဲ ရေးချင်ရာကိုဆက်ရေးဦးမယ် ရေးချင်စိတ်မရှိတဲ့အချိန် မအားတဲ့အချိန် ခဏအရေးရပ်မယ် ဒီလိုနဲ့နောက်တစ်နှစ်လည်း ခရီးဆက်သွားပါဦးမယ်။

Annual (Past)
Biennial (Present)
Triennial (Future)
Quadrennial 
Quinquennial
Sexennial
Septennial
Octennial
Novennial
Decennial
Undecennial
Duodecennial
.
.
.