Calm Hill My Random Thoughts

ချော်လဲခဲ့ရုံလေးပါ

ဂျူဒိုကစားတုံးက ကိုက်ပေါက်တာမှာ အကျမမှန်လို့ ခြေကျင်းဝတ် အဆစ်ပြုတ်သွားလို့ ကျောက်ပတ်တီးစီးခဲ့ရတယ်။ ကရာတေးသင်တန်းမှာ ကစားရင်းနဲ့ လက်သီးနဲ့ထိုးခံရလို့ မျက်ကွင်းညိုပြီး ပြန်လာရတာလည်း အခါခါပါ သူများကိုကန်လိုက်တာ ခြေချောင်းလေးတွေ ချိုးတာမမှန်လို့ ခြေမနဲ့ကန်မိတာ သူလည်းမှောက်ကိုယ်လည်း ခြေမအဆစ်ပြုတ်လို့ ဆေးခန်းရောက်ဖူးတယ်။ အမေကတော့ ဒဏ်ရာရလာတိုင်း မကစားဖို့ကန့်ကွက်ဖို့ အခွင့်ကောင်းရသလိုပဲ ဝမ်းသာပုံရတယ် အဖေကတော့ ဒဏ်ရာရလာတိုင်း မဆူပေမယ့် အထိုးခံရ အကန်ခံရလို့ ဒဏ်ဖြစ်လာရင်တော့ ညံ့ရပါ့မလားဆိုပြီး အမြဲဆူပါတယ်။ ဘာလုပ်ဖို့ အနာခံသလဲ ကစားနေသလဲဆိုရင် ဘာကြောင့်လို့ အကြောင်းပြရမှန်းမသိဘူး ဝါသနာပါလို့ကစားတာပါ ပြောမယ်ဆို ရန်ဖြစ်စရာလည်း မရှိခဲ့သလို ရန်သူဆိုတာလည်း ရှိတဲ့လူမဟုတ်ဘူး ဘာပဲဖြစ်ဖြစ် အမြဲသည်းခံတတ်တယ်။

ဂျူဒိုစပြီး လေ့ကျင့်တော့ အသက်က ၁၄ နှစ်ရှိပြီ အောက်ကိုပြုတ်ကျရင် ခေါင်းနဲ့မြက်ဖျာနဲ့ မရိုက်မိဖို့ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ခေါင်းကို ဆွဲပြီးထားရတယ် လေ့ကျင့်ကာစက မနက်မိုးလင်း လည်ပင်းကြောတွေနာလွန်းလို့ တစ်ပါတ်လောက် မနက်မိုးလင်း အိပ်ယာထရင် ခေါင်းကိုခေါင်းအုံးပေါ်က မြောက်အောင် မထနိုင်လို့ လက်နဲ့ထောက်ထရတယ်။ အာကီဒိုကစားတော့ သင်တန်းကဆင်းရဲလှတယ် မြက်ဖျာမဝယ်နိုင်လို့ ရာဘာပြားတွေခင်းထားရတယ် အလွန်ဆုံးထူမှ လက်မဝက်ပဲရှိတယ် ပြင်းပြင်းထန်ထန် ကိုင်ပေါက်ကြပြီဆိုရင် မြေပြင်နဲ့သိပ်မခြားနားဘူး။ ဘာမှမခင်းတဲ့ မြေပေါ်မှာလည်း ကစားခဲ့ရဖူးတယ် အကျမမှန်လို့ ဒဏ်ရာလည်း ခဏခဏရတယ်။

ဒီနေ့နေ့လည် မိုးလေးတစ်ဖွဲဖွဲရွာနေတယ် ဖိနပ်ကလည်း ကွန်းဗက်ဖိနပ် ပွိုင်မပါတဲ့ပြောင်ပဲ စီးထားမိတယ်။ ကော်ရီဒါတစ်လျောက် လမ်းလျောက်လာရင်း လှေကားအဆင်း အောက်ဆုံးအထစ်မှာ ရေနဲ့ချော်လဲတယ် တစ်ကိုယ်လုံး ခြေလွတ်လက်လွတ် မြောက်တက်သွားတယ် အလေ့အကျင့်ဖြစ်နေလို့ ပြန်ကျတော့လူက တစ်စောင်းအနေထားနဲ့ ကျလာတယ် လက်ဝါးတစ်ဘက်က လူအောက်မကျခင် ကြမ်းပြင်ကိုရိုက်မိတယ် ခေါင်းကဆွဲထားမိတယ် ခြေထောက်လည်း မြေပေါ်မှာကျရင် ခြေမျက်စေ့နဲ့ မရိုက်မိအောင် သတိထားကျင့်မပျက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျလိုက်တော့ အောက်က အင်္ဂတေဖြစ်နေတော့ အတော်လေးနာပါတယ် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ရတယ် ကျိုးပဲသွားသလား သွေးထွက်နေသလား ကံအားလျော်စွာ ဘာမှမဖြစ်ဘူး စိတ်လျော့လိုက်ပြီး ခေါင်းကိုအသာချလိုက်မှ အောက်ဆုံးလှေကားထစ်ဟာ ခေါင်းအောက်မှာ အလွန်ဆုံးကွာမှ ၂ လက်မသာသာလေးပါ။

ညာဘက်လက်ဝါးကတော့ အင်္ဂတေကိုရိုက်လိုက်ရလို့ ယောင်ပြီးနာနေတယ် မြေပေါ်မှာကျရရင် ခြေမျက်စေ့နဲ့ရိုက်တတ်လို့ သတိထားကျင့်က ဒီတစ်ခါတော့ ခြေမျက်စေ့ဘာမှမဖြစ်အောင် သတိထားမိသွားတယ် ကျန်တာတော့ လဲထားလို့နည်းနည်း နာတာကလွဲရင် ထွေထွေထူးထူးဘာမှ မဖြစ်ပါဘူးလေ။ သာမန်အနေအထားသာဆိုရင် နောက်စေ့နဲ့ လှေကားထစ်ဟာ အပြင်းအထန်ရိုက်မိပါပြီ။ ငယ်ကတည်းက အနာခံခဲ့တာတွေ ဒီလိုဖြစ်မယ်တော့ မရည်မှန်းခဲ့ပါဘူး ဒါပေမယ့် အသက်အန္တရာယ်တော့ မဖြစ်ခဲ့တော့ဘူးပေါ့။ တစ်သက်မှာ တစ်ခါအသုံးကျချင်လည်းကျမယ် မကျချင်လည်းမကျဘူးလို့ အမြဲမှတ်ယူပြီးဝါသနာအရ လေ့ကျင့်ခဲ့တာပါ ဓားပြလည်း အတိုက်ခံရတာမဟုတ်ပါဘူး ဘယ်သူကမှလည်း ဓားနဲ့ထိုးတာ မဟုတ်ပါဘူး ချော်လဲခဲ့ရုံလေးပါ ဒါပေမယ့် အသက်အန္တရယ်မဖြစ်အောင် အသုံးကျသွားခဲ့တယ်။