Calm Hill My Random Thoughts

အမေ့ရဲ့ မလိမ္မာတဲ့သား

အမေနေ့အထိမ်းအမှတ် ရေးပါဆိုပြီး အကီနိုက Tag လုပ်လာမှ မေလရဲ့ ဒုတိယတနင်္ဂနွေဟာ အမေနေ့မှန်းသိရပါတယ် ဗမာပြည်မှာက ဦးသုခက အမေနေ့ဆိုပြီး ပြာသိုလပြည့်နေ့ကို စပြီးလုပ်ရာကနေ ပြာသိုလပြည့် အမေနေ့က လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ကစပြီး ဗမာပြည်မှာ အမေနေ့လုပ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ပြာသိုလပြည့်ကိုပဲ စိတ်ကစွဲနေမိလို့ နိုင်ငံတစ်ကာကလုပ်တဲ့ အမေနေ့ကိုမသိဘူးဖြစ်နေတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း လိုက်ကြည့်တော့ အမေနေ့ကို သတ်မှတ်ထားတာတွေ့ရတယ် ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာ ရက်မတူပါဘူး စုစည်းထားတဲ့ အမေနေ့တွေကို Wikipedia မှာကြည့်နိုင်ပါတယ်။

အမေနေ့ဆိုတော့ အမေ့အကြောင်း အမှတ်တရရေးပါဆိုတော့ အမှတ်ရစရာလေးတွေ ပြန်တွေးတော့ အတော်လေး ဝမ်းနည်းမိပါတယ်။ တစ်ခါက အဘွားခင်ဦးမေက အားရင်အဖေအကြောင်းပဲ ရေးနေတယ်ပြောတုံးက အမေ့အကြောင်း ထပ်ရေးဖို့စဥ်းစားပါတယ် ရေးစရာများလို့ရယ် ပြန်ပြီးသတိရတာတွေ များရင်စိတ်ဆင်းရဲလို့ရယ် မရေးဖြစ်ခဲ့ပြန်ဘူး။

မိဘဆိုတာ ဗဟုဝုစ်ကိန်းဆိုပေမယ့် ကျွန်တော့်အတွက်တော့ ဧကဝုစ်ဖြစ်သွားခဲ့တာ ကြာခဲ့ပါပြီ။ အမေတစ်ယောက်တည်း အထီးကျန်အဖြစ်နဲ့ သံယောစဥ်တွယ်စရာ သားနဲ့သမီးနှစ်ယောက်ပဲ ကျန်ခဲ့ရတယ်။ ညီမလေးက အသက်ငယ်လွန်းလှတယ် သူအရွယ်ရောက်ချိန်မှာ ကျွန်တော့်မိသားစုဟာ အတော်လေး ပြည့်ပြည့်စုံစုံဖြစ်နေပါပြီ။ ငယ်ကတည်းက ချို့တဲ့ချိန် ပြည့်စုံချိန် ပျော်ရွှင်ချိန် ဝမ်းနည်းချိန် အတူတူဖြတ်ကျော်လာရတဲ့ မိသားစုထဲမှာ သားဖြစ်သူတစ်ယောက်ပဲ အမှတ်ရစရာ ကျန်ခဲ့သလို အမေခံစားခဲ့ရတယ်။ အဖေဆုံးသွားတော့ လူယုံတွေ ရန်သူဖြစ်သွားတယ် စီးပွားရေးဆုံးမှု့တွေ အများကြီးဖြစ်ခဲ့ရတယ် ညီမလေး မျက်နှာမငယ်ရအောင် စိတ်မဆင်းရဲရအောင် အမေအတတ်နိုင်ဆုံးကြိုးစားရင်း ရုန်းကန်ခဲ့ရတယ်။ ကျွန်တော်ကံကောင်းတယ် ပြောခဲ့ရမယ် အမေလိုအပ်ချိန်မှာ ဆိုးတူကောင်းဘက် နေပေးခွင့်ရခဲ့ပါတယ်။

သားနဲ့သမီးကို အဖေဖြစ်သူလို သူ့မျက်စေ့ရှေ့မှာ ဆုံးသွားမှာကို အမြဲစိုးရိမ်တဲ့ စိတ္တဇလိုဖြစ်နေခဲ့တယ်။ အဖေမရှိတော့ အိမ်အတွက် ကျွန်တော်အလုပ်လုပ်ပါတယ် ကျောင်းလည်းတက် အလုပ်လုပ်ရတဲ့ကျွန်တော့်ကို ကျန်းမာရေးချို့တဲ့မှာ စိုးရိမ်လွန်းပါတယ် အလုပ်ကညပိုင်း ကျောင်းပြန်ချိန်မှ လုပ်နိုင်တယ် မီးလာချိန်ဆိုရင် တစ်ညလုံးအလုပ်လုပ်ချင်လုပ်တယ် အမြဲတမ်း ညပိုင်း ၂ နာရီလောက်ထပြီး ကျွန်တော်အလုပ် လုပ်သလားအိပ်ယာကနေ ထပြီးလာကြည့်ပြီး အိပ်ခိုင်းတတ်တယ် နောက်ပိုင်း အိမ်ကတစ်ဘက် စီးပွားရေးအလုပ် အဆင်မပြေဖြစ်လာလို့ ကျွန်တော့်အလုပ်ကို ပိုလုပ်ရတယ် တစ်ညလုံးအလုပ်လုပ်ရတဲ့ ညတွေများလာတော့ အမေစိတ်ကောင်းဘူး ဒါပေမယ့် ကျွန်တော့်ကိုမပြောရှာဘူး ဒီလိုနဲ့ကျွန်တော် ပင်ပန်းပြီးတစ်ပါတ်လောက် ဖျားခဲ့တဲ့အချိန်မှာ မင်းရဲ့ကျန်းမာရေးနဲ့ ရင်းလာရမယ့် ငွေကိုမလိုချင်ဘူးဆိုပြီး ငိုပြီးတော့ကျွန်တော်နားမှ နေခဲ့တဲ့အချိန်တွေဟာ ကျွန်တော်အတွက် သတိအရမိဆုံး အချိန်တွေပါ။ အခုအလုပ်များလို့ စာတွေများလို့ ညမအိပ်နိုင်တဲ့ ညတွေများလာရင် အမေ့ကိုသတိရမိတယ်။ အဲဒါတွေသိရင် အမေငိုဦးမယ်ထင်တယ်။

ကျွန်တော်လိမ္မာတယ်လို့ အမေ့ကိုအများကပြောကြရင် အမေအရမ်းဝမ်းသာတတ်တယ်။ လိမ္မာတယ်လို့ ပြောသံကြားတိုင်း အခုတော့ကျွန်တော် ဝမ်းနည်းမိတယ် ကျွန်တော်အမေ့ကို ပြန်မကြည့်နိုင်ခဲ့တာ ၂ နှစ်ပြည့်တော့မယ် ကျွန်တော်ထွက်ခါနီးမှာ မမျှော်လင့်ပဲ အိမ်ကကိုယ်ပိုင် စီးပွားရေး အတော်လေး အခက်အခဲဖြစ်ရပြန်တယ်။ ဒါပေမယ့် ကျွန်တော့်မျှော်လင့်ချက်တွေ မပျောက်ရအောင် အမေကကျွန်တော် ထွက်သွားနိုင်ဖို့ပဲ ကြိုးစားပေးခဲ့တယ်။ အမေ့အတွက် အခက်အခဲမရှိရအောင် တတ်နိုင်သလောက် ကျောင်းတက်ရင်း အသုံးစရိတ်အလုပ်တွေ လုပ်ပါတယ် တစ်ခါတစ်ယံတော့ ကျောင်းစာကို ဦးစားပေးရမယ့် အဖြစ်နဲ့တိုက်ဆိုင်လာရင် မလောက်မငှဖြစ်ရင် အမေ့ကိုအကူအညီတောင်းရပြန်တယ် ဘယ်အချိန်ဖြစ်ဖြစ် မရဘူးမပြောခဲ့ရှာဘူး ဖြစ်တဲ့နည်းနဲ့ ကျွန်တော့်ကိုလိုသလောက် ပေးပါတယ်။ အိမ်ကိုအကူအညီ တောင်းရချိန်တွေဟာ ကျွန်တော့်အတွက်တော့ အမေ့မျက်နှာကိုမြင်ယောင်ပြီး ဝမ်းအနည်းမိဆုံး အချိန်တွေပါ။ ကျွန်တော် လိမ္မာနိုင်ဖို့အချိန်တွေ နီးလာပါပြီ အမေ့ကိုမပင်ပန်းပဲ နေတာမြင်ချင်တာဟာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ကျွန်တော်က အမေကျွန်တော့်အတွက် ပင်ပန်းလို့ စိတ်ဆင်းရဲမိပေမယ့် အမေကတော့ ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးနေရရင်ပဲ ပျော်နေတာပါ။

အမေနေ့အတွက် ကျွန်တော်နဲ့ အကျိုးအကြောင်းတိုက်ဆိုင်နေတဲ့ သီချင်းလေးပဲ နားထောင်မိတော့တယ်ဗျာ။