Monthly Archives: June 2010

သွားတိုက်တံရှာပုံတော်

သွားတိုက်တံတစ်ချောင်းကို ၄ လထက်ပိုသုံးရင် မကောင်းဘူးဆိုလား ကြားတော့ကြားဖူးတယ် ဘယ်သူပြောမှန်းလည်း မမှတ်မိတော့ဘူး အဲဒါနဲ့ ၃-၄ နေလိုက် သွားတိုက်တန် အသစ်လဲလိုက်နဲ့ အိမ်ကတည်းက ပါလာတဲ့သွားတိုက်တံတွေ ကုန်သွားလေတော့တယ်။ သွားတိုက်တံဝယ်မယ်ပေါ့ ဘယ်တော့မှကရုစိုက်မကြည့်မိတဲ့ သွားတိုက်တံရောင်းတဲ့ အတန်းဘက်ရောက်တယ်။

လိုက်ကြည့်လိုက်တော့ အလိုဗျာ များပြားလိုက်တဲ့ သွားတိုက်တံတွေ ဓာတ်ခဲထည့်တိုက်ရတဲ့ သွားတိုက်တံ မဖြစ်သေးပါဘူး သွားတိုက်တာ ၅ မိနစ်လောက်အတွက်တော့ လက်လှုပ်နိုင်ပါတယ် ဓာတ်ခဲတော့မလိုသေးဘူး ထင်မိပါသေးတယ် သွားတိုက်တော့ မော်တာနဲ့လည်ပြီးတိုက်တော့ ဆရာဝန်ပြောသလို အထက်အောက် ဘယ်လိုမှတိုက်လို့ မဖြစ်လောက်ဘူးထင်တယ်။ သွားတိုက်ရင်း ဓာတ်ခဲကုန်သွားရင် ဘယ်လိုများ ဆက်တိုက်လို့ရသလဲတော့ အသေအချာမလေ့လာခဲ့မိဘူး။

လက်ကိုင်ကလည်း အမျိုးမျိုးတွေ့သဗျာ လက်ကိုင်တုတ်လေ စျေးနည်းနည်းပိုကြီးလေထင်တယ် စာဖတ်ကြည့်တော့ လက်ကိုင်က ချော်မထွက်အောင် ဒီဇိုင်းလုပ်ထားတယ်ဆိုပဲ စဥ်းတော့စဥ်းစားကြည့်ပါတယ် သွားတိုက်တာလား ကြမ်းတိုက်တာလားလို့ သွားတိုက်တံကို ချော်ထွက်လောက်အောင် ဘယ်လောက်များ အင်တိုက်အားတိုက် သွားတိုက်ကြပါလိမ့်။

သွားတိုက်တံမှာ လက်ကိုင်ကအရှင်ဖြစ်ပြီးတော့ အဖျားကဘရပ်ကို ဖြုတ်လဲလို့ရတာလည်းရှိပြန်ရော လက်ကိုင်ကဘာများ ပိုကောင်းသလဲလို့ ကြည့်တော့ ဘာမှလည်းမထူးပါဘူး အဲဒါများဘာလို့ ဘရပ်ကိုဖြုတ်လဲလို့ရအောင် လုပ်ထားသလဲ စဥ်းစားလို့ကိုမရဘူး။ နောက်တစ်မျိုးက လက်ကိုင်မှာ ဘက်တီးရီးယား မတက်အောင် နည်းပညာနဲ့လုပ်ထားတယ်ဆိုပဲ လက်ကိုင်ကပါးစပ်ထဲမှ မထည့်တာပဲဟာ ပါးစပ်ထဲထည့်တဲ့ အဖျားပိုင်းကို မတက်အောင်ဘာလို့ မလုပ်သလဲစဥ်းစားလို့ လုံးဝမရဘူးဖြစ်လာတယ်။

လက်ကိုင်တွေ လိုက်ကြည့်တာ မူးလာတာနဲ့ သွားတိုက်တဲ့အပိုင်းပဲ ကြည့်တော့မယ်ဆိုတော့ နည်းနည်းပိုဆိုးလာတယ် တစ်ချို့ကလှိုင်းတွန့်ပုံဗျ ဘာလို့လဲဖတ်ကြည့်တော့ သွားကခပ်ခုံးခုံးဆိုတော့ တစ်ခါတည်း သွားမျက်နှာပြင်ကို အကုန်ထိအောင်ဆိုပဲ လှိုင်းတွန့်မှာက တစ်ချို့ကအလယ်ကချိုင့်ပြီး တစ်ချို့ကအလယ်က ဖောင်းပါတယ် အဲဒါလည်းမတူဘူးဆိုပဲ ဘာမတူမှန်းတော့ စဥ်းစားမရတော့ဘူး။

တစ်ချို့က သွားတိုက်တံကအမွှေးအပြင် ရာဘာအချောင်းသေးသေးတွေပါ ပါလာပြန်ရော အဲဒါတွေနဲ့ဆို သွားတိုက်ဆေး အမြုပ်ထွက်ပါ့မလား နည်းနည်းသံသယ ဖြစ်မိတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်တော့ အဆင်ပြေလောက်တယ် ခဲတံနဲ့သွားကြားထိုးမိရင် သွားမှာခဲတံအရာတွေ ထင်နေမယ်မဟုတ်လား အဲဒါဆိုရင် ရာဘာချောင်းတွေက ခဲဖျက်လိုတော့ ပွတ်သွားမယ်ထင်တယ်။

သွားတိုက်တံ တစ်မျိုးချင်းယူကြည့်ရင်း မူးလာသလိုဖြစ်လာတယ် ဘယ်ဟာဝယ်ရမှန်းမသိတော့ဘူး မထူးပါဘူးဆိုပြီး မျက်စေ့မှိတ်ပြီး တစ်ခုဆွဲယူခဲ့လိုက်တယ် ငွေရှင်းခါနီးမှကြည့်မိတော့ သွားတိုက်တံအမွှေးတွေက အဖြောင့်ဗျလှိုင်းတွန့် မပါဘူးရယ် အဲဒါကိုသွားလဲရကောင်းနိုးနိုး ဖြစ်နေသေးတာ နောက်မှစဥ်းစားမိတယ် မဟုတ်လည်း လိုချင်တဲ့အတွန့်ပုံစံ အိမ်ရောက်မှ ကပ်ကြေးနဲ့တိလိုက်ရတာပဲဟာ ဆိုပြီးပြန်သွားမလဲတော့ပဲ လက်ထဲပါလာတာပဲ ဝယ်လာလိုက်တယ် အခုတော့ ကိုယ်သွားနဲ့အဆင်ပြေအောင် သွားတိုက်တံကို ဘယ်လိုပုံစံလေး ကပ်ကြေးနဲ့တိရင် ကောင်းမလဲစဥ်းစားနေရတယ်။

Post Frequency vs. Number of Visitors

ဘလော့ကိုလာတဲ့လူ များဖို့အတွက်ဆိုတာက ကိုယ်ရေးတဲ့စာအပေါ်မှာ အများကြီးမူတည်ပါတယ် ရေးထားတဲ့စာကို စိတ်ဝင်စားတဲ့လူများမှ လာတဲ့လူများမယ်လို့ ယူဆမိပါတယ် ဒါပေမယ့် ရေးတဲ့စာကောင်းပေမယ့် တစ်လနေလို့တစ်ခုလောက် ရေးပြန်ရင်လည်း လူကလာချင်မယ်မဟုတ်ဘူး လို့လည်းထင်မိပြန်တယ်။

ဒီနေ့မှ စိတ်ကူးပေါက်လို့ မစစ်တာကြာတာ့ Statistics တွေကိုပြန်စစ်ကြည့်မိပါတယ် ပြန်စစ်ကြည့်တော့ ဘလော့အခြေအနေက အတော်ဆိုးဝါးနေတာ တွေ့ရပါတယ်။ StatCounter ကမှတ်တမ်းအရက Page Loads, Unique Visitors, First Time Visitors and Returning Visitors ဆိုပြီးတော့ သူကလာသမျှကို စာရင်းကောက်ထားပေးပါတယ် ဒါပေမယ့် ကိန်းဂဏန်းတိုင်းတော့ မှန်နိုင်ပါဘူး ရေတွက်ပုံက IP နဲ့တွက်တာဆိုတော့ Dynamic IP တွေကပဲ များလေတော့ First Time နဲ့ Returning ဆိုတာက ကိန်းပဲရှိမယ် သိပ်ပြီးမှန်ဖို့မရှိပါဘူး။

Page Loads, Unique Visitors, First Time Visitors and Returning Visitors တွေကို ဒီနှစ်အစလောက်ကစပြီးတော့ တစ်ပါတ်စီရေတွက်ပြီးတော့ ဂရပ်ဆွဲကြည့်ပါတယ်။ ထွက်လာတဲ့ပုံအရဆိုရင်တော့ လူဝင်တဲ့အရေအတွက်ဟာ တက်တဲ့အခါတက် ကျတဲ့အခါကျနဲ့ ဖြစ်နေပြီးတော့ ယေဘုယျအားဖြင့် အကျဘက်ပဲရှိပါတယ်။

ဒါနဲ့စာရေးတဲ့ အရေအတွက်ကိုလည်း တစ်ချက်ပြန်စစ်ရပါတယ် ကိုယ်စာရေးတဲ့ ပမာဏဘယ်လောက်ရှိသလဲဆိုပြီး တစ်ပါတ်စီအခြေခံပြီး ရေတွက်ကြည့်လိုက်ပါတယ်။ ဒီနေရာမှာလည်း ထွက်လာတဲ့ပုံအရ စာရေးအားပမာဏအင်မတန် ကျဆင်းသွားပုံရပါတယ် အပါတ်စဥ် Post အရေအတွက်ဟာ အတက်ကိန်းမရှိပဲ အကျကိန်းပဲဦးတည်နေပါတယ်။

စာရေးတဲ့ ပမာဏနဲ့ လာလည်တဲ့လူအရေအတွက် အတက်အကျများ ဆက်စပ်မှု့ရှိမလားလို့ ထပ်ပြီးဆန်းစစ်ကြည့်မိပါတယ်။ ဒီနေရာမှာ Page Loads, Unique Visitors, First Time Visitors and Returning Visitors ထဲကဘယ်ဟာနဲ့ တိုင်းမလဲလို့ စဥ်းစားကြည့်တော့ သူတို့ရဲ့ Data ပုံစံတွေက ပြောမယ်ဆိုရင် အကုန်အတူတူပါပဲ ဒါကြောင့် တစ်ခုထဲကိုမသုံးတော့ပဲ အားလုံးကိုပဲ Average ယူလိုက်ပါတယ်။ နောက်ပြီးတော့ Post Count နဲ့ယှဥ်လို့လွယ်အောင် ပမာဏကိုလျော့ချချင်လို့ သုညတစ်လုံးလျော့အောင် လုပ်ထားလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ Linear ပုံစံနဲ့ ဆွဲကြည့်တဲ့နေရာမှာ Post Count ရော Average Visit ရောနှစ်ခုလုံးရဲ့ Trend Line ဟာအကျဘက်ကို အတူတူဦးတည်ပါတယ် ဒါဆိုရင် ယေဘုယျအားဖြင့် ဆက်စပ်တယ်လို့ ယူဆလို့ရပါတယ်။ ဒါနဲ့ တစ်ခြားသော နည်းများနဲ့ ထပ်ပြီးဆွဲကြည့်ပြန်ပါတယ် Log Trend Line မှာလည်း မျဥ်ကွေးပုံစံဟာ အတော်ကိုတူညီပါတယ် ဒါကြောင့် Linear ပုံထက်ပိုပြီး ဆက်စပ်မှု့ရှိကြောင်း ပိုပြီးပြနိုင်လာပါတယ်။ နောက်ဆုံးအနေနဲ့ မျဥ်းဖြောင့်အနေနဲ့ထက် ထပ်ကိန်းတွေကိုမြှင့်ကြည့်ပါတယ် နောက်ဆုံး ၆ ခုအထိမြှင့်ကြည့်လိုက်ချိန်မှာတော့ ထွက်လာတဲ့ မျဥ်းကွေးနှစ်ခုဟာ အတော်လေးကို တူညီကြောင်းတွေ့ရပါတယ် ဒါကြောင့် ကျွန်တော့် ဘလော့မှာတော့ Post အရေအတွက်နဲ့ Visitor အရေအတွက်ဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။

ဒါပေမယ့် ထပ်ပြီးစဥ်းစားစရာတစ်ခုက အရေအတွက် များတိုင်းလူများတယ် ဆိုတာကတော့ အင်မတန်အကြမ်းထည် ဆန်လွန်းပါသေးတယ် ဘယ်လို Post အမျိုးအစားဆိုရင် လူပိုပြီးစိတ်ဝင်စားသလဲ စသည်ဖြင့်ထပ်ပြီး အသေးစိတ်နိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းပါလိမ့်မယ်။ လက်ရှိအနေနဲ့ကတော့ Post တစ်ခုချင်းစီရဲ့ Read Count ကိုမှတ်ထားတဲ့ Data မရှိတဲ့အတွက် တိုက်ရိုက်ဆန်းစစ်ကြည့်လို့ မဖြစ်နိုင်သေးပါဘူး။ သွယ်ဝိုက်သော နည်းအားဖြင့်ဆိုရင်တော့ ရှိတဲ့ Data ထဲကနေပဲ Post Count ကနေ Tag အမျိုးအစားနဲ့ ရေတွက်ပြီးပြန် ဆန်းစစ်လို့တော့ရနိုင်ပါတယ်။

ဆိုလိုတာက ကျွန်တော့်ဘလော့မှာ လူဝင်တာနည်းလို့ များလို့ဆိုတာမဟုတ်ပါဘူး Analyze လုပ်တယ်ဆိုတာလည်း မျဥ်းလေးဆွဲကြည့်ရုံပဲရှိပါတယ်။ စုဆောင်းထားတဲ့ Data အနည်းအများ အပေါ်မူတည်ပြီး တန်ဖိုးနည်းလာ များလာတာကို ပြောချင်တာပါ အကယ်၍သာ လူအဝင်အထွက်အရေအတွက်တွေ မှတ်ထားတဲ့ Data တွေမရှိဘူးဆိုရင် ဒီလိုဆန်းစစ်မှု့မျိုးတွေ လုပ်လို့မရပါဘူး။ ခြောက်လဆိုတဲ့ ပမာဏဟာ မကြာပါဘူး ရလာတဲ့ Data ပမာဏဟာလည်း မများလှပါဘူး ဒါပေမယ့် အချိန်နဲ့အမျှများလာမယ် ဆိုရင်တန်ဖိုးကြီးလာပါတယ်။ Facebook မှာဖြည့်ထားတဲ့ နာမည်၊ လိပ်စာ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ အီးမေး၊ ကစားတဲ့ဂိမ်းတွေ ဒါတွေက ကိုယ့်တစ်ယောက်အတွက် များတယ်မဟုတ်ပါဘူး ဒါပေမယ့် ကိုယ့်လိုလူ သန်းချီရှိသွားရင်တော့ တန်းကြေးများလွန်းသွားတယ် ဒီလိုနဲ့ပဲ Quantitative Data တွေနဲ့ ငွေရှာနေတဲ့လူတွေ အများကြီးပဲမဟုတ်လား။

စဥ်းစားမိသလောက်လူ့ခွစာ

ခင်တဲ့လူရော မတည့်တဲ့လူရော ကျွန်တော့်အကြောင်း အတူညီဆုံးပြောတဲ့စကားက လူ့ခွစာတဲ့ ဘာလို့ပြောတယ်မှန်း စဥ်းစားမရဘူး တစ်ကယ်ကသူများကို ခွတိုက်တယ်လည်း ခွစာဆိုတာ သူများနဲ့အမူအကျင့် အပြောအဆိုမတူတာကို ပြောကြပုံရတယ်။ ဘယ်နေရာတွေ ပြောပုံဆိုပုံမတူသလည်း ပြန်စဥ်းစားတော့ အတော်လေးတော့ များတယ်ပြောရမယ် ဒီရက်ပိုင်းမှတ်မိသလောက် ပြန်စဥ်းစားမိတယ်။

တစ်လောလောက်က ကိုသာသာမင်္ဂလာဆောင်တယ် နောက်တော့ Facebook မှာ Status ကို Married လို့ပြောင်းသွားတယ်။ ကိုယ့်သူငယ်ချင်း မင်္ဂလာဆောင်တာ သဘောမကျတဲ့လူ မရှိပါဘူး ဝမ်းသာလွန်းလို့ အပြောင်အပျက် ဘာမှမပြောပဲ Comment မှာ ဝမ်းသာကြောင်း သဘောကျကြောင်း ရေးလိုက်ပါတယ်။ ဖြစ်ချင်တော့ သူများတွေက Like ဆိုတာကို နှိပ်ကြသတဲ့ဗျာ အဲဒါကို မောင်ပြုံးက ခင်ဗျားကသဘောကျရင် ဘာလို့ Like ကိုမနှိပ်သလဲတဲ့။ ခက်တော့အခက်သား ကိုယ်တိုင်ရေးလိုက်တဲ့စာကို မောက်စ်နဲ့ Like button ကို ကလစ်နှိပ်လိုက်တာထက် ကျွန်တော်တန်ဖိုးထားပါတယ်။ Like ကိုနှိပ်လိုက်လို့ ဘာဖြစ်သွားမှာလည်း မေးတဲ့လူလည်းရှိတယ် ဒါပေမယ့် အားတိုင်းမနှိပ်တတ်တဲ့ အကျင့်ကို ပြင်ဖို့မလွယ်ဘူး ပြင်စရာလိုတယ်လည်း မမြင်မိသေးဘူး အဲဒီ့ကိစ္စတွေမှာ ကျွန်တော်ဟာ အများလုပ်ပုံနဲ့ သဟဇာတ ဖြစ်ပုံမရဘူး။

မျှော်လင့်ချက်ချင်း မတူတာလည်းရှိတယ် ဥပမာပြောရရင် စာရေးတယ် Technical နဲ့ပါတ်သက်တဲ့ အမြင်တွေရေးတယ် ဖတ်တဲ့လူလာဖတ်တယ် မျှော်လင့်တာက ကောင်းလိုက်တာတို့ နောက်လည်းရေးပါဦးတို့ ဒါမျိုးတွေမဟုတ်ဘူး ရေးထားတာက ဘယ်နေရာက ဘာမှားနေတယ်လို့ ပြောခဲ့မယ်ဆိုရင် ဘယ်အရာတွေလိုသေးတယ် လို့ပြောခဲ့မယ်ဆိုရင် အင်မတန်ဝမ်းသာပါတယ်။ ဘာကောင်ဖြစ်နေလို့ ရေးနေသလဲဆိုတဲ့ အပြောမျိုးလာလည်း ခွေးဟောင်တိုင်း ခေါင်းထောင်ကြည့်ရင် အိပ်ရေးပျက်တယ်လို့ ယူဆပြီး ပြန်ပြောမနေတာလည်း အကျင့်ဖြစ်နေတယ်။ ခက်တာက သူများကိုလည်း အဲဒီလိုပဲလို့ ယူဆမိတာကအမှားဖြစ်မယ် အကြောင်းသိနေတဲ့လူက ဘာမှမဖြစ်ပါဘူး။ စေတန်ဆို အားတိုင်း Technical post တွေပဲရေးနေတယ် သူ့ဆီမှာသွားရေးထားတဲ့ ကျွန်တော့်ရဲ့ Comment မှန်ရင် ကောင်းလိုက်တာလို့ တစ်ခါမှမပြောမိဘူး ဘာတွေထည့်လိုက်ရင် ပိုကောင်းမယ် ရေးထားတာက ဘယ်နေရာမကောင်းဘူး ဒါမျိုးတွေပဲများပါတယ်။ မခင်လို့ရေးတာလားဆို မဟုတ်ပါဘူး သူငယ်ချင်းဆိုတာထက် ညီတစ်ယောက်လို ဖြစ်နေတာပဲ ခင်လွန်းလို့ရေးရတာပါ လိုနေတာကိုမပြောပဲ ကောင်းလိုက်တာလို့ ပြောရတာကို သစ္စာဖောက်တယ်လို့ ခံစားမိလို့ပါ။ အများက ကောင်းတဲ့ကိစ္စကိုပဲ ပြောနေပြီး မကောင်းတဲ့ကိစ္စကို မသိချင်ယောင်ဆောင်တတ်တာကို မကောင်းတဲ့ဟာကို ပြောပြီးတော့ ကောင်းတဲ့ဟာကို သူများပြောပြီးသားဆိုပြီး မပြောတတ်တဲ့ကိစ္စက အများနဲ့ သဟဇာတ ဖြစ်ပုံမရဘူး။

ကောင်းတယ်လို့ အများစုလက်ခံတဲ့ အကြောင်းအရာကို ဆွေးနွေးထားတာ မြင်တိုင်းလည်း ကိုယ့်အယူအဆနဲ့ မကိုက်ရင် ထောက်ခံဖို့ဝန်လေးတယ်။ မှတ်မှတ်ရရ အစ်မတစ်ယောက်က မိဘကျေးဇူးပေါ့ မိဘစကားနားထောင်သင့်ကြောင်း စသည်ဖြင့်ရေးထားတဲ့ ဆောင်းပါးလေးကို တွေ့ပါတယ် မကောင်းတာ တစ်ခုမှမပါပါဘူး အဲဒါကတော့လက်ခံပါတယ်။ အများကတော့ Like တွေနှိပ်ကြ ကောင်းလိုက်တာပြောကြပေါ့ ထုံးစံအတိုင်းပဲ Like လည်းမနှိပ်ဖြစ်ပါဘူး ဘာလို့ဆိုတော့ ကိုယ်တိုင်က မိဘစကားဆိုပြီး နားထောင်တဲ့လူ မဟုတ်ပဲကိုး မိဘဆိုပေမယ့် အကြောင်းအရာတစ်ခု ပြောလာမယ်ဆိုရင် ကိုယ်တိုင်ပဲစဥ်းစားပါတယ် နားထောင်နိုင်တဲ့ အကြောင်းအရာဆို နားထောင်ပါတယ် မိဘပြောလို့ဆိုပြီး မျက်စေ့စုံပိတ် လုပ်မယ့်လူတော့မဟုတ်တာ အသေအချာပဲ။ အမုန်းဆုံးစာပေထဲမှာ မတွေးခေါ်နိုင်တဲ့အရွယ်ကို ယျေဘုယကောင်းတဲ့ အကြောင်းအရာဘန်းပြပြီး လိုချင်တာရိုက်သွင်းတာမျိုးကို အမုန်းဆုံးပဲ။ အဲဒါကြောင့် သားလေးဖတ်ဖို့တို့ သမီးလေးဖတ်ဖို့တို့ဆိုတဲ့ စာအုပ်မျိုးတွေအင်မတန်မုန်းတယ်။ ရန်ဖြစ်တာ မကောင်းပါဘူး ဒါပေမယ့် အန္တရာယ်ပြုလာတာကို မခုခံပဲနေတာကို သူရဲကောင်းလိုလို လူလိမ္မာလိုလို မတွေးတတ်တဲ့ကလေးကို ရိုက်သွင်းထားတာက အဆိပ်ခပ်တယ်လို့ ယုံကြည်ထားတာ။ ဒါမျိုးကိစ္စတွေကတော့ အများစုနဲ့လုံးလုံးကို သဟဇာတ ဖြစ်မယ့်ပုံမပေါ်ဘူး။

ကိုယ်စိတ်ထဲက မလိုတာတွေကို အလွယ်တကူ ပယ်ထားလိုက်တတ်တယ်။ မိဘကျေးဇူးကိစ္စမှာ ဝင်ပြောမိရင်းနဲ့ အရာအားလုံးတော့ ပြောသမျှနားထောင်းလို့ မဖြစ်ဘူး ဥပမာဆိုရင် သိဒ္ဓတ္ထ ဖအေစကားအကုန် နားထောင်ခဲ့ရင် ဘုရားတောင် မဖြစ်ခဲ့ဘူးလို့ ပြောလိုက်မိတယ်။ ဖတ်မိတဲ့သူငယ်ချင်း တစ်ယောက်က လာပြောပါတယ် သိဒ္ဓတ္ထလို့ဘာလို့ခေါ်သလဲ မရိုမသေနဲ့လို့ ပြောပါရောလား ပြောမယ်ဆိုရင် ကိုယ့်အတွက်က ဘာသာရေးမှာ လူပုဂ္ဂိုဆိုတာကို ပယ်ထားတာ ဘုရားဆိုလို့ ကိုးကွယ်တယ်လို့ မဟုတ်ဘူး ဟောတဲ့ဝါဒကို လက်ခံနိုင်လို့ ဝါဒကိုထူထောင်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အထွဋ်အမြတ်ထားတာပါ။ သူ့ဟာသူ မုန့်ညင်းစေ့ထဲ လမ်းလျှောက်နိုင်တာတို့ ဘာတို့က မြင်လည်းမမြင်ဖူး စိတ်လည်းမဝင်စားဘူး အဲဒါတွေကြောင့် ဒီဘာသာကို လက်ခံထားတာမဟုတ်ဘူး ဝါဒကိုလက်ခံလို့သာ ဗုဒ္ဓဘာသာဖြစ်နေတာ။ အဲဒီ့တော့ သိဒ္ဓတ္ထဆိုတာ အမည်နာမပဲ လူတိုင်းခေါ်လို့ရတာပဲ မရိုမသေလုပ်တယ်လို့ မခံစားသင့်ဘူး။ အများစုဟာ လူနဲ့မူကိုခွဲနိုင်ဖို့ အတော်ခက်ခဲပုံရတယ်။ ဒီလိုကိစ္စတွေလည်း အများနဲ့ကျွန်တော် သဟဇာတ မဖြစ်ပြန်ဘူး။

ဒီရက်ပိုင်း စဥ်းစားမိသလောက်ကို ရေးချထားလိုက်မိတယ် တစ်ကယ်က ဒီထက်ပိုပြီးအများနဲ့ သဟဇာတ မဖြစ်တဲ့အကြောင်းတွေ အများကြီးရှိပုံရပါတယ်။ ဘာကြောင့်ဖြစ်သလဲ အတော်စဥ်းစားရခက်တယ် ငယ်ကတည်းက တစ်ယောက်တည်းနေခဲ့တော့ အများရဲ့အမူအကျင့်ကို မရခဲ့တာလည်းအကြောင်းအရင်း တစ်ရပ်ဖြစ်နိုင်တယ် နောက်တစ်ချက်က ငယ်ကတည်းက ရိုက်သွင်းတဲ့စာမျိုး တစ်ခုမှမဖတ်ခဲ့ရတာလည်း တစ်ချက်အပါအဝင်ဖြစ်မယ်။ နောက်ဆုံးကတော့ ဖအေဖြစ်သူဟာ လူ့ခွစာလို့အင်မတန် နာမည်ကြီးတဲ့ လူကြီးဖြစ်နေတာ အဆိုးဆုံးအချက်ဖြစ်မယ်။