Calm Hill My Random Thoughts

Vi

အလုပ်ထဲက ဆာဗာတွေက အများအားဖြင့် Terminal ကနေသုံးလေ့ရှိတယ် တစ်ခါတစ်လေ File တွေကပြင်စရာရှိရင် ဒေါင်းလုပ်လုပ်ပြင်ရတယ် ကိုယ်ကတော့ လုပ်ရမှာပျင်းလို့ Terminal ထဲမှာပဲ vi နဲ့ပြင်လိုက်တာများတယ် အလုပ်ထဲက စီနီယာအစ်ကိုက Terminal သုံးနေကျမဟုတ်ဘူး တစ်နေ့က ကိုယ်ကပြင်စရာရှိလို့ vi နဲ့ပြင်နေတာတွေ့တော့ vi ထဲကနေ Exit ဘယ်လိုလုပ်သလဲ မေးလာလို့ အတိတ်ကို သတိရမိတယ်။ vi Editor ပေါ်ခဲ့တာ အတော်ကြာပါပြီ 1976 ခုနှစ်က စပြီးအသုံးပြုခဲ့တာဆိုတော့ ၃၅ နှစ်သက်တမ်းရှိနေပါပြီ။ Linux စသုံးတော့ 2001-2002 လောက်ကဖြစ်မယ် အဲဒီ့အချိန်က Linux က အခုခေတ်လို GUI လှလှပပနဲ့မဟုတ် ဖွင့်လိုက်ရင် Black and White Screen ပဲမြင်ရပါတယ် GUI တစ်ခုခုတင်ထားရင်တောင် သုံးချင်ရင် startx ဆိုမှတင်ထားတဲ့ Window Manager တစ်ခုခုဖွင့်သုံးရတယ်။ မျက်မမြင်ပုဏ္ဏားဆင်စမ်းသလိုပဲ မေးစရာလည်းလူမရှိ ရှာစရာလည်း အင်တာနက်လည်းမရှိ ဂူဂဲလည်းမရှိ စမ်းတဝါးဝါးတင်လိုက်တာ Linux တစ်ခုစက်မှာ တင်လို့ရလိုက်တယ်။ ကျောင်းက စာကြည့်တိုက်ကလည်း ဖတ်လို့ကောင်းမယ့် စာအုပ်မှန်သမျှက Reference ထဲမှာထည့်ထားတယ် ဘယ်တော့မှငှားလို့မရဘူး ဖတ်သလားဆိုတော့ ဘယ်သူမှလည်းမဖတ်ကြပါဘူး။ Linux စာအုပ်ကို စာကြည့်တိုက်ထဲဖတ် မှတ်စုထဲကိုကူးထည့် အိမ်ရောက်မှစမ်းကြည့်ရတယ်။ စာရိုက်ချင်ရင် Command က vi ဆိုပြီးမှတ်လာခဲ့တယ် တကယ်တော့ ငယ်ကတည်းက Command Line နဲ့ကမစိမ်းပါဘူး Windows မရှိခင် DOS တွေခေတ်ကတည်းကသုံးပါတယ် အဲတော့ စာရိုက်တဲ့ Text Editor ဆိုတော့ DOS ထဲက edit လိုပဲ စိတ်ကထင်လိုက်မိတယ်။ အိမ်ရောက်တော့ စမ်းကြည့်ဦးမယ်ဆိုပြီး vi လို့ရိုက်လိုက်တယ် အဲဒီ့မှာပြဿနာစတာပဲ Menu လည်းတစ်ခုမှမပါ စာကလည်းရိုက်လို့မရ မရတာနဲ့ ခလုတ်မှန်သမျှ အကုန်လျှောက်နှိပ်တော့ ဘယ်ဟာနှိပ်လိုက်မိသလဲမသိဘူး စာရိုက်လို့ရသွားတယ်။ ရိုက်လို့ရသွားပြန်တော့ Save ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ အဲဒါထက်ဆိုးတာက vi ထဲကနေဘယ်လို ထွက်ရမှန်းမသိတော့တာပဲ နောက်ဆုံးကြံရာမရတာနဲ့ မီးခလုတ်ပိတ်လိုက်ရတယ်။ ၁၀ နှစ်နီးနီးလွန်လာပြီးတဲ့ အခုနောက်တော့ vi နဲ့အသားကျနေတာ အချိန်တွေအတော်ကြာသွားခဲ့ပြီ ဒါပေမယ့် မီးခလုတ်ပိတ်လိုက်ရတာ အမှတ်တရဖြစ်နေတယ်။

Six Editor