Calm Hill My Random Thoughts

Android Camp Mandalay & Me

မန္တလေးကိုခဏ ပြန်ရောက်တော့ သတိတရနဲ့ ဆရာဖြစ်သူဆီကို အလည်သွားရတယ် ဆရာလည်း ကိုယ့်မြင်တော့ အတော်အံ့ဩသွားပုံရတယ်။ ကွန်ပျူတာအကြောင်းမပါရင် စကားမပြောတတ်တဲ့ လူနှစ်ယောက်တွေ့မှတော့ ပြောသမျှလည်း ကွန်ပျူတာအကြောင်း မပြတ်ပြောရင်းနဲ့ ဆရာဇနီးက ၁၇ ရက်နေ့မှာ Android Camp လုပ်မယ်ဆိုပြီး မတွေ့တာလည်းကြာတော့ လာခဲ့ပါဦးဆိုလို့ Android Camp Mandalay ကိုသွားဖြစ်ခဲ့တယ်။

မနက်ခင်း ၉ နာရီလောက် ယောင်လည်လည်နဲ့ ရွှေဖြူပလာဇာကိုရောက် ကွန်ပျူတာပညာရှင်အသင်း ဘယ်မလဲလို့လိုက်ရှာရတယ်။ နေသားတကျဖြစ်နေတဲ့ ပညာရှင်အသင်းကိုမြင်တော့ မီးလောင်သွားတဲ့ ICT Park တောင်မရှိခင် တစ်ချိန်တုံးက အသင်းဝင်ချင်ရင် ဝင်ခွင့်ဖောင်ကို ဘယ်သင်တန်းမှာလိုက် ဝယ်ရမှန်းမသိတဲ့ အချိန်တွေကို သတိရမိသေးတယ်။ ဒီအချိန်မှတော့ ကိုယ့်ကိုသိတဲ့လူလည်း တစ်ယောက်မှ မတွေ့တော့ပါဘူး။ Android Camp ဘယ်အခန်းလဲ မေးပြီးဝင်သွားတော့ ဆရာဦးသိန်းထွဋ်တော့ရှိတယ်။

Android Camp စတော့ ပြောမယ့်လူက တစ်ယောက်ပဲရှိပါတယ် Luke ဆိုတဲ့ ထိုင်းမှာနေတဲ့ Mobile Developer တစ်ယောက်ပြောပါတယ်။ နည်းနည်း နားထောင်လိုက်တော့ ပြောတဲ့လူရဲ့ Development Skill ကတော့ အလုပ်လုပ်နေတဲ့လူမှန်း သိသာပါတယ် Development တော့သူကောင်းကောင်း နားလည်ပါတယ်။ ကိုယ်ကလည်း သူများကောင်းတယ်ပြောရင် မကောင်းတာကို ထည့်ပြောချင်တဲ့လူဖြစ်တော့ သူကတစ်ခုခုကောင်းတယ်ပြောလိုက် ကိုယ်ကအဲဒါကဘယ်လိုတော့ မကောင်းဘူးလုပ်လိုက်နဲ့ သူလည်းစကားကို သူပြောချင်တဲ့အတိုင်း ဆွဲပြောလို့မရ ဖြစ်ဖြစ်သွားတယ်။

အမေးအဖြေလုပ်ကြတော့ ကွာဟမှုရှိနေတာတွေကို သွားတွေ့ပါတယ်။ လက်ရှိရှိပြီးသား Web Services တွေကို Android App ကနေဘယ်လို သုံးလို့ရနိုင်မလဲလို့ တစ်ယောက်ကမေးပါတယ်။ မေးတဲ့လူက Web Services တွေကို Develop လုပ်နေတယ်လို့ဆိုတယ်။ HTTP Library တွေပါတဲ့အတွက် ယူသုံးလို့ရပါတယ်လို့ ပြန်ဖြေပါတယ်။ Luke ပြန်ဖြေတဲ့ အဖြေကမှန်ပါတယ်။ ဒါပေမယ့် ထပ်မေးတာက Browser လိုသလားဆိုတော့ မေးတဲ့လူဟာ Web Services နဲ့ Web Application ဆိုတာဘာလဲလို့ ကွဲပြားပါသလားလို့ ပြန်စဉ်းစားရမလိုဖြစ်တယ်။ ဖြစ်နိုင်တာက သူဟာ Web Application တွေကိုရေးပြီး အဲဒီ့ဟာတွေကို Android ပေါ်ကနေ သုံးလို့ရသလားလို့ မေးချင်တာဖြစ်မယ်။

အဲဒီမှာဖြေတဲ့လူကလည်း မျက်စေ့လည်သွားတယ် Browser မလိုဘူး HTTP ပေါ်ကနေ RESTful Service တွေကိုသုံးလို့ရတာပဲ ပြန်လာတော့အများအားဖြင့် JSON လာမယ်မဟုတ်လားဆိုတော့ ပိုရှုပ်သွားတယ် RESTful ဆိုတော့ဘာကို ပြောမှန်းမေးတဲ့လူ ပိုလည်သွားတယ်။ အဲဒါကိုဖြေတဲ့လူက Heroku ကြားဖူးသလား Cloud ပေါ်မှာ Web Application တွေ Service တွေတင်လို့ လွယ်တယ်ဆိုတဲ့နောက်တော့ ဘယ်လိုမှရှင်းမရတော့ပဲ ရပ်လိုက်ရတော့တယ်။ တစ်ခြားမေးခွန်းတွေကတော့ Android ရေးတဲ့လူတွေမေးတော့ Implementation နဲ့ဆိုင်တာတွေဆိုတော့ အဆင်ပြေပါတယ်။

Implementation အတွက် Luke ပြင်ဆင်နေတုံးမှာ အားနေလို့တစ်ယောက်ယောက် စကားပြောထားဗျာဆိုတော့ ဆရာဦးသိန်းထွဋ်က ခင်ဗျားအမေးဆုံးဆိုတော့ ခင်ဗျားထွက်ပြောဗျာဆိုတော့ ဘာမှမပြင်ဆင်ထားတော့ မေးချင်ရာမေးဖြေချင်ရာဖြေပေါ့ Mobile Application တွေအကြောင်း သိချင်တာမေးဆိုတော့ ပထမဆုံးမေးတာက Apple Store မှာ Gift Card ဝယ်လို့ရတယ်ပြောတယ် Android Store မှာအဲဒါမျိုးရှိသလားဆိုတော့ အတော်ဖြေရခက်သွားတယ် ကိုယ်ကဒီအတိုင်း ဝယ်လို့ရတဲ့နေရာမှာနေတော့ မြန်မာနိုင်ငံထဲကနေ ဘယ်လိုဝယ်ကြသလဲ ဘယ်လိုမှမသိနိုင်တော့ဘူး အဲဒီတော့ မသိပါဘူးပဲဖြေရတယ်။

နောက်တစ်ယောက်က အစ်ကိုက Android ကိုဘာနဲ့ရေးသလဲဆိုတော့ ကျွန်တော်အဲဒါတွေ တစ်ခါမှမရေးဖူးလို့ ဖြေရပြန်တယ် အဲဒါကိုထပ်မေးတာက စောစောကအစ်ကို Development Tools တွေကို ဘယ်ဟာကအလကားရတယ် ဘယ်ဟာဘာသုံးတယ်ပြောတယ် အဲဒါမရေးပဲနဲ့ အဲဒီလောက်အထိ ဘယ်လိုသိတာလဲဆိုတော့ အတော်ဖြေရခက်သွားတယ်။ မရေးဘူးဆိုတာက Application တစ်ခုအဖြစ် ထွက်လာအောင် မရေးပေမယ့်အဲဒီ့ Application တွေဘယ်လိုဖြစ်အောင် ဒီဇိုင်းလုပ်တဲ့ လူတစ်ယောက်ဟာ Programming အသေအချာ တတ်ပါတယ်ဆိုတာ အလွယ်ဆုံးဘယ်လို ရှင်းပြရမလဲမသိဘူး။

နောက်တစ်ခု စိတ်ဝင်စားကြတာက Mono နဲ့ Android မှာဘယ်လို Development လုပ်သလဲလို့ စိတ်ဝင်စားကြတယ်။ ဒါကတော့ Mono ကိုဘယ်သူတွေ သုံးနေကြသလဲအသေအချာ လေ့လာရတော့မယ် နောက်ပြီးတော့ သူတို့ရဲ့ Support အခြေအနေဘယ်လိုရှိသလဲ လက်ရှိအခြေအနေမှာ Application ဘယ်နှစ်ခုဟာ Mono ကိုသုံးပြီးရေးထားသလဲ အသေချာလေ့လာပြီးမှပဲ သုံးသင့်မသုံးသင့် ဆုံးဖြစ်ရမှာဖြစ်လို့ ကောင်းသည်မကောင်းသည် မပြောဖြစ်ခဲ့တော့ဘူး။

အဲဒီတော့ လက်ရှိမြင်ခဲ့တာက Android ပဲဖြစ်ဖြစ်ပဲပေါ့ Mobile ရေးကြမယ်ဆိုရင် ရေးတတ်တယ် ဘာနဲ့ရေးမယ်ဆိုတာထက် ပိုတာတွေသိဖို့လိုတယ်ဆိုတာ လိုအပ်နေကြသေးတယ်။ Phone တစ်လုံးထဲမှာပဲ Internet Connection မလိုတဲ့ Application တစ်ခုဆိုတာ အင်မတန်ရှားတယ်ဆိုတာ သိဖို့လိုအပ်နေသေးတယ်။ အလွယ်ဆုံးပြောရရင်တော့ အခုအချိန်မှာသုံးနေတဲ့ Application တွေဟာ ဘယ်လိုအလုပ်လုပ်သလဲ နောက်ပြီးတော့ ရေးမယ်ဆိုရင်တော့ ဘာရေးမှာလဲဆိုတာကို အရင်ဆုံးသိဖို့လိုတယ်ဆိုတာ လေ့လာသင့်ကြသေးတယ်။

ပွဲပြီးခါနီးမှ ဆရာရောက်လာတယ် ငါကမင်းကိုဒီနေ့အတွက် တစ်ခုခုပြောခိုင်းမလို့ လိုက်ရှာနေတာ ဘယ်လိုက်ရှာရမှန်း မသိတော့ဘူးပြောတယ်။ ကြိုပြီးသိခဲ့ရင်တော့ ပြင်ဆင်လာလို့ရသေးတယ်။ မပြန်ခင်တစ်ရက်ရရင် ပြောပါဆိုတော့ ရက်ကအတော်ကပ်နေပြီ ၁၉ ရက်နေ့မနက်ခင်း လုပ်ချင်ရင်တော့ Cloud Computing ရယ် Web Services တွေကို Mobile တွေကနေ ဘယ်လိုသုံးကြတယ်ဆိုတာ ပြောပေးမယ်ဆိုတော့ စီစဉ်ကြသေးတယ် ဒါပေမယ့် ကွန်ပျူတာပြပွဲကလည်း ကပ်နေတော့ဘယ်လိုမှ စီစဉ်မရတော့ဘူးလို့ စနေနေ့မှာ ဆရာပြန်ဖုန်းဆက်တော့ Seminar မလုပ်ဖြစ်ခဲ့ဘူး။