အင်တာနက်နှင့် ကဖီး

အိမ်ကိုခဏပြန်ရောက်တော့ ပထမဆုံးလမ်းမှာ သတိထားမိတာက လက်ဘက်ရည်ဆိုင် သေးသေးလေးတွေ မရှိကြတော့ဘူး။ သူတို့တွေလည်း လက်ဘက်ရည်ဆိုင် အင်ပါယာချဲ့ထွင်ကြတဲ့ စစ်ပွဲမှာအားလုံးနီးနီး ကျဆုံးကုန်ကြပြီ။ ဘယ်နေရာပဲကြည့်ကြည့် မင်းသီဟ၊ ရွှေပြည်မိုး၊ ယူနီစန်၊ မန်းမြို့တော် ဒါတွေပဲတွေ့ရတော့တယ် ရောက်ရောက်ချင်း ၃၅လမ်းမှာနေတဲ့ သူငယ်ချင်းကို လက်ဘက်ရည်သောက်မယ် သွားခေါ် ပြီးတော့ မင်းသီဟကိုချီတက်ကြတယ်။ သူငယ်ချင်းကတော့ပြောတယ် လက်ဘက်ရည်တွေက အရည်အသွေးအရင်လောက် မကောင်းတော့ဘူးတဲ့ ဒါပေမယ့် မသောက်ရတာကြာပြီဖြစ်တဲ့ ကိုယ့်အတွက်တော့ ပင်နီဆူလာက ကြဲတောက်တောက် လက်ဘက်ရည်နဲ့တော့ ဘာမှမဆိုင်ဘူးပေါ့။

စကားစမြည်ပြောနေရင်းနဲ့ သူငယ်ချင်းက အီးမေးဝင်လာလို့ စစ်လိုက်ဦးမယ်ဆိုပြီး သူရဲ့ဖုန်းနဲ့အီးမေးစစ်နေတာ သတိထားမိတယ်။ စပ်စုပြီးတော့ဖုန်းမှာ အင်တာနက်ရနေသလား မေးကြည့်မိတော့ ဒီလက်ဘက်ရည်ဆိုင်က ဝိုင်ဖိုင်နဲ့အင်တာနက် ပေးသုံးထားတယ်လေတဲ့။ အဲဒါနဲ့ လက်ဘက်ရည်ဆိုင် ဘယ်နှစ်ဆိုင်လောက် အဲလိုပေးထားသလဲမေးတော့ အခုကတော့ ဆိုင်အကြီးတော်တော်များများ ပေးနေပါပြီတဲ့ လက်ဘက်ရည်ဆိုင်တွေက အပြိုင်အဆိုင်ဆိုတော့ တစ်ဆိုင်တပ်ရင် ကျန်တဲ့ဆိုင်တွေ တပ်ရတာပဲပေါ့လို့ဆိုတယ်။ မနက်ကျရင်ငါ့အိမ်လာခဲ့ လက်ဘက်ရည်ဆိုင် အခြေအနေတွေ မင်းမြင်ရလိမ့်မယ်လို့ သူငယ်ချင်းကခေါ်တယ်။

နောက်နေ့မနက်စောစော သူငယ်ချင်းရှိတဲ့ ၃၅ လမ်းဘက်ကို ဆိုင်ကယ်တစ်စီးနဲ့ ထွက်လာခဲ့တယ်။ သူငယ်ချင်းနှစ်ယောက် ၂၆ လမ်းအနောက်နားက သာသနာ့ဘိမာန်ရှေ့ဖွင့်ထားတဲ့ လက်ဘက်ရည်ဆိုင်ကို ချီတက်ခဲ့ကြတယ်။ မန္တလေးလက်ဘက်ရည်ဆိုင် မနက်ခင်းကတော့ အရင်အတိုင်း လူအပြည့်ခုံအစေ့ပါပဲ။ သူငယ်ချင်းက အရင်ကတော့ကွာ ငါလက်ဘက်ရည်ဆိုင်ရောက်နေရင် အင်တာနက်ကအဆက်ပြတ်သွားတယ် အခုတော့ ဒီဆိုင်မှာအင်တာနက်ရတော့ ငါလည်း လက်ဘက်ရည်ဆိုင်ရောက်ရောက် အိမ်မှာရှိရှိ Facebook မှာအမြဲရှိတယ်ဆိုပဲ။ အဲဒါနဲ့ ဒီဆိုင်ကအင်တာနက် ဘယ်လိုလုပ် တတ်ဖြစ်သွားသလဲမေးတော့ ငါမြှောက်ပေးလိုက်တာလေဆိုတော့ ပါးစပ်ပိတ်ထားလိုက်ရတယ်။

ဆိုင်ထဲပါတ်လည် အကဲခတ်မိတော့ တစ်ချို့ကလည်း ဖုန်းကလေးတွေနဲ့ သုံးနေကြတယ် တစ်ချို့ကလည်း Tablet အသေးလေးတွေရှိတယ် ကွန်ပျူတာနဲ့သုံးနေတာတော့ သိပ်မတွေ့မိပါဘူး။ အဲဒါနဲ့ဘာသုံးနေသလဲ စပ်စုပြီးလိုက်ကြည့်မိတော့ အတော်များများက Email နဲ့ Facebook စစ်နေကြတယ်။ တစ်ချို့ကလည်း ရွှေဈေးကြည့်နေတယ် တစ်ချို့လည်းငွေဈေးတွေကြည့်တဲ့ App လေးတွေနဲ့ အင်တာနက်ရတော့ ဖုန်းတစ်လုံးစီနဲ့ အလုပ်ဖြစ်နေကြတယ်။ အဲဒီ့အထဲမှာ ဘောလုံးပွဲခန့်မှန်းကြည့်တဲ့လူနဲ့ နှစ်လုံးဂဏန်းကြည့်တဲ့လူလည်း တွေ့ရပါသေးတယ်။ အလကားရလို့ဆိုပြီး ကွန်ပျူတာတစ်လုံးနဲ့ လာပြီးတော့ ချက်တင်ဖွင့်ပြီး စကားပြောနေတဲ့လူတွေ မတွေ့သလောက်ပါပဲ။ ကိုယ့်အလုပ်အတွက်ကိုယ် အသုံးတည့်လို့သုံးနေတာ မြင်မိတော့ အတော်လေးတော့ ဝမ်းသာမိပါတယ် ဘာပဲဖြစ်ဖြစ် အင်တာနက်နှေးတယ်ပဲပြောပြော လူတိုင်းအတွက် အသုံးတည့်တယ်ဆိုတာ သဘောပေါက်မိနေကြပြီမဟုတ်လား။

ရှေးတုံးကတော့ ချိတ်ထဘီ၊ ရွှေခြေချင်း၊ ပုံတော်ဖိနပ်နဲ့ စက်ဘီးစီးတဲ့ မန္တလေးသူတွေ အခုခေတ်မှာ ဂျင်းဘောင်းဘီ၊ Foot Chain၊ ဒေါက်ဖိနပ်နဲ့ မော်တော်ဆိုင်ကယ်စီးတဲ့ အချိန်ရောက်သွားတော့ လက်ဘက်ရည်ဆိုင်တွေလည်း ခေတ်ကိုအမှီလိုက်ရတယ်။ အင်တာနက်ဆိုတာ တစ်သီးတစ်သန့်နဲ့ လူတန်းစားတစ်ခုအတွက် မဟုတ်တော့ပဲ လူအများရှိတဲ့နေရာမှာ သုံးလို့ရနိုင်တာ မကောင်းဘူးမမြင်မိပါဘူး အင်တာနက်ကို ကဖီးဆိုင်မှာ တပ်လိုက်တော့ အင်တာနက်ကဖီး ပိုပြီးခေါ်လို့အဆင်ပြေသွားတာပေါ့ ဒီလိုသာဆိုင်တွေ တိုးလာခဲ့ရင်တော့ နောက်နှစ်နည်းနည်းအတွင်းမှာ လက်ဘက်ရည်ဆိုင် အင်ပါယာတိုးချဲ့ရာကနေ အင်တာနက်ကဖီးတွေ ဂိမ်းဆိုင်ဘဝကိုပဲ လုံးဝပြောင်းသွားကြတော့မလားလို့ မဆီမဆိုင်နဲ့ စိုးရိမ်လိုက်မိပါသေးတယ်။

4 thoughts on “အင်တာနက်နှင့် ကဖီး

  1. စင်စင် sinsin

    long time no see Ko Lu Pyo..
    စာပြန်ဖတ်ရတာ ဝမ်းသာပါတယ်…
    glad to read ur post…

    Reply
  2. စင်စင် sinsin

    ဇော်ဂျီနဲ့ ရေးတာ မမြင်ရဘူးလားလို့ ယင်းလိပ် မြန်မာ ၂ ဘာသာ လုပ်နေတာ.. ဟွန်း

    Reply
    1. CalmHill Post author

      Long time no see တာ မမဆင်ဆင် မလာတာပါကွယ်
      ဘာနဲ့ရေးရေးရအောင် လုပ်ထားပြီးသားပါ။ :D

      Reply
  3. phyo maw

    အင်း ရန်ကုန် မပြန်ဖြစ်တာ ကြာလေတော့ ဘယ်လိုအခြေအနေရှိန်မှန်းတော့ မသိဘူး မန်းလေးကတော့ မိုက်ထှာ သွားချင်သား… ဒီတစ်ခေါက် ပြန်ရင်တော့ အထက်ပိုင်းဘက် ခြေဆန့်ချင်သေးတယ်….။

    ဟုတ်ပ သိပ်မကြာခင် လက်ဘက်ရည် ဖရီးဝိုင်ဖိုင် ယဉ်ကျေးမှုက အင်တာနက်ဆိုင်တွေကို ဝင်သိမ်းလေမလား စောင့်ကြည့်ရဦးမှာပေါ့ ဖုံးတွေ တက်ပလက်တွေကလည်း ပေါလာပါဘိ ဟုတ်စ…။

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>