CalmHill
Published

Mon 12 March 2012

←Home

အညာရယ် ဧရာရယ် ဇေယျာရယ်

လူတစ်ချို့အတွက်တော့ အညာသားဆိုတာ နိမ့်ကျတယ်လို့ ခံစားမိသလားမသိ အညာသားလို့ခေါ်ရင် မကြိုက်ချင်ကြဘူး။ ကိုယ့်အတွက်တော့ အညာသားဆိုတာ အင်မတန်နားထောင်လို့ကောင်းတဲ့ အခေါ်အဝေါ်တစ်ခုပဲ ဘယ်သူပဲခေါ်ခေါ် ဟုတ်တယ် ကျွန်တော်အညာသားလို့ အမြဲပြန်ဖြေပါတယ် အသားအရောင် ကြည့်လိုက်ကတည်းက အညာသားဆိုတာ ဘယ်လိုမှ သက်သေပြစရာ မလိုအပ်ပဲ လူတိုင်းလက်ခံကြတယ်။ အိမ်ကိုဆောင်းတွင်း ပြန်ချင်ပေမယ့် အခြေအနေအရေ ဆောင်းအကုန်နွေအကူး တပေါင်းလထဲမှပဲ ရောက်ခဲ့တော့တယ်။

ရောက်တုံးရောက်ခိုက် ယာခင်းတွေရှိတဲ့ အနီးဆုံးအရပ်ဖြစ်တဲ့ ရှမ်းလေးကျွန်းဘက်ကို ဆိုင်ကယ်တစ်စီးနဲ့ တစ်ညနေတော့ထွက်ခဲ့တယ်။ ရှမ်းလေးကျွန်းဆိုတာက ဧရာဝတီမြစ်ထဲမှာရှိပါတယ် ရေကျချိန်ဆိုရင် သောင်ပေါ်လာတဲ့အတွက် ရွာထဲကိုလမ်းလျှောက်ဝင်နိုင်ပေမယ့် မိုးတွင်းရေတက်ချိန်ဆိုရင်တော့ ရွာထဲကိုလှေနဲ့ဝင်ရပါတယ် အိမ်တွေကတော့ ခြေတံရှည်အိမ်တွေဆိုတော့ လူတွေတော့နေလို့ရပါတယ်။ မိုးတွင်းရွာထဲရေဝင်ချိန် ရောက်ပြီဆိုရင်တော့ နွားတွေကိုရေလွတ်ရာ လမ်းပေါ်မှာသွားထားကြရတယ်။ တစ်နှစ်တစ်ခါ ဒုက္ခများကြပေမယ့် ရေကျသွားရင်ပေါ်လာတဲ့ ကျွန်းတွေပေါ်မှာ စိုက်ပျိုးစားကြတာမို့ ဒီလိုပဲအစဉ်အဆက်နေလာတာ နှစ်တွေလည်းကြာခဲ့ပြီပေါ့။

ရှမ်းလေးကျွန်းဘက်ရောက်တော့ မင်းတုန်းမင်းလက်ထက်မှာ နေပြည်တော်မှာ သီတင်းသုံးမယ့် သံဃာတော်တွေ ပါတိမောက်ရရမယ်ဆိုတာရယ် အခြားဝိနည်းပြဿနာတွေနဲ့ ရှမ်းလေးကျွန်းဆရာတော်ကြီးနဲ့ ဗန်းမော်ဆရာတော်ကြီး ပြဿနာဖြစ်ကြပြီး ဗန်းမော်ဆရာတော်ကြီးက မန္တလေးတောင်ပေါ်က ဗျာဒိတ်ပေးကိုယ်တော်ကြီးမှာ ခြံထဲကနွားကြီးငြိမ်ငြိမ်နေလို့ စာတက်ချိတ်ထားလို့ ဆရာတော်ကြီးကို မင်းတုန်းမင်းကနယ်နှင်ရတဲ့ ငယ်တုံးကဖတ်ဖူးတဲ့ ဗန်းမော်ဆရာတော်ကြီးရဲ့ ပုံပြင်စာအုပ်တွေကို သတိရမိတယ်။ တကယ်တော့ ရှမ်းလေးကျွန်းဆရာတော်ဆိုတာက ရှမ်းလေးကျွန်းဇာတိဖြစ်လို့ခေါ်တာလား ဒီမှာပဲသီတင်းသုံးလို့ခေါ်တာလားတော့ ကိုယ်လည်း သေသေချာချာမသိပါဘူးလေ။

ရှမ်းလေးကျွန်းကိုကျော်တော့ ပြောင်းခင်းတွေ မြေပဲခင်းတွေ စပြီးတော့တွေ့ရပါတယ် စိမ်းစိမ်းစိုစိုနဲ့ နောက်ခံက မင်းဝံတောင်တန်းနဲ့ နေအဝင်နဲ့ဆိုတော့ ရှုခင်းဟာအတော်ကိုလှပါတယ်။ ရှုခင်းကောင်းတော့ ဓာတ်ပုံရိုက်မယ်ဆိုပြီး လမ်းပေါ်မှာဆိုင်ကယ်ရပ် အောက်ဘက်ဆင်းမယ်လုပ်တော့ နေရာမလွတ်လပ်ဘူးဖြစ်နေတယ် ကမ်းနားလမ်းတစ်လျောက်မှာ ခုံလေးတွေချပြီးတော့ အအေးဆိုင်လေးတွေ ဖွင့်ထားကြတယ်။ အဲတော့ ကင်မရာအကြီးကြီးနဲ့ အောက်ဆင်းသွားပြန်ရင်လည်း ထိုင်နေကြတဲ့စုံတွဲများက သူတို့ကိုဓာတ်ပုံရိုက်တယ် ထင်ပြီးလိုက်ရိုက်ရင်ဒုက္ခဆိုပြီး နေရာလွတ်မှပဲ ဓာတ်ပုံရိုက်မယ်ဆိုပြီး ဆိုင်ကယ်ဆက်စီးလာလိုက်တာ ရွှေကြက်ယက်သာ ရောက်သွားခဲ့တယ် နေရာမလွတ်လို့ ယာခင်းတွေလည်း မရိုက်ခဲ့နိုင်တော့ဘူး။

ရွှေမင်းဝံခြေရင်းက မြစ်မင်းယဉ်ဧရာ ဝိုင်းခွေလို့လာ မင်းဝံကပြာ ဧရာကဖွေး လှေလောင်းညို ရေဂယက်မှာ လင်းရွက်နဲ့လေး။

ရွှေကြက်ယက်ဆိပ်ရောက်တော့ ဘုရားပေါ်တက်ဖူးပြီးတော့ မြစ်ကမ်းနံဘေးက ရင်ပြင်ပေါ်ကို တက်လာခဲ့လိုက်တယ် ဆောင်းအကုန်နွေအကူး ညနေဖြစ်တော့ မြစ်ထဲမှာမြူတွေဆိုင်းစပြုနေပြီ။ မြူထနေတဲ့ ဧရာဝတီရယ် စစ်ကိုင်းဘက်က မင်းဝံတောင်တန်းရယ် ကြည့်မိတော့ ငယ်တုံးကဖတ်ဖူးတဲ့ ဇော်ဂျီရေးတဲ့ ကဗျာလေးကိုသတိရမိတယ်။ ကဗျာထဲကလို လင်းရွက်နဲ့ လှေကလေးများ တွေ့မလားရှာမိပေမယ့် သစ်လုံးတွေတင်ထားတဲ့ သင်္ဘောကြီးတွေပဲတွေ့လို့ ဪခေတ်တွေလည်း ပြောင်းသွားခဲ့ပါပေါ့လို့ သတိထားမိတော့တယ်။ ကဗျာထဲမှာတော့ ပဲ့နင်းက ရွှေကြက်ယက်လား ဂေါဝိန်လားမသေချာပေမယ့် ကိုယ်ကတော့အချိန်တန်ရင် ဂေါဝိန်ဘက်ပြန်မယ့်လူဖြစ်နေတယ်လို့ စဉ်းစားမိလို့ပြုံးမိသေးတယ်။ နေလည်းဝင်ခါနီးပြီမို့ ကတိုက်ကရိုက်ပဲ စစ်ကိုင်းတံတားနဲ့ နေအဝင်ကို ဓာတ်ပုံရိုက်ပြီး အိမ်ပြန်ခဲ့တော့တယ်။

Go Top
comments powered by Disqus