Calm Hill My Random Thoughts

မုန်ညင်း၊ ဝက်ရိုးနဲ့ ခါကြက်ဥသုတ်

စနေမနက်အစော ဈေးသွားလိုက်တော့ ဈေးထဲမှာ မုန်ညင်းတွေ အများကြီးတွေ့တာနဲ့ ဝယ်လာခဲ့လိုက်တယ်။ ဘာချက်မယ်လည်း တကယ်တော့ မစဉ်းစားမိသေးပါဘူး လတ်တယ်ဆိုပြီး ဝယ်လာခဲ့တာပါ။ အိမ်ရောက်တော့ ညီမဖြစ်သူကလည်း နောက်နေ့တစ်ခုခု ချက်ရအောင်ဆိုတော့ ဝယ်လာတဲ့မုန်ညင်းကို ဘယ်လိုချက်ရမလဲ စဉ်းစားရတော့တယ်။ မုန်ညင်းကိုပေါင်းမယ်လို့တော့ စိတ်ကူးမိပေမယ့် အလုပ်ရှုပ်ပါတယ်ဆိုပြီး အလုပ်ရှုပ်သက်သာအောင် မုန်ညင်းစော လုပ်မယ်လို့ပဲ စီစဉ်လိုက်တော့တယ်။

ဝက်ရိုးဝယ်လာခဲ့တယ် လူကလည်းပျင်းတော့ အသားဟင်းတစ်ခွက်လည်း ထပ်မချက်ချင်တော့ ဝက်သားသုံးထပ်သား ထပ်ဝယ်လာပြီးတော့ ဟင်းရည်ထဲ ထည့်ချက်လိုက်မယ်လို့လည်း စိတ်ကူးလိုက်တယ်။ မုန်ညင်းစော လုပ်ရတာကလွယ်ပါတယ် ဟင်းရည်ကိုချိုအောင်လို့ ညကတည်းက ဝက်ကရိုးကို ဂျင်းကြက်သွန်ဖြူထည့်ပြီး မီးအေးအေးနဲ့ အရိုးပြုတ်အိုး တည်ထားလိုက်တယ် ရေခန်းလိုက် ရေထပ်ဖြည့်ပြန်တည်နဲ့ အိပ်ခါနီးအချိန်မှပဲ မီးပိတ်ထားလိုက်တော့တယ်။

မနက်ရောက်တော့ အရိုးပြုတ်အိုးကိုထပ်တည် ပြီးတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ချက်မယ်လုပ်ထားတဲ့ သုံးထပ်သားကိုပါ ထည့်လိုက်တယ် တကယ်ကတော့ မုန်ညင်းစောက အသားမထည့်ပါဘူး အရိုးပြုတ်ရည်နဲ့ပဲလုပ်တာ ချက်ရမှာပျင်းလို့ ထည့်လိုက်တယ်။ အသားနဲ့အခေါက်နူးတော့ မန်ကျည်းသီး ရေစိမ်ထားတာလေး အနှစ်လေးတိုက်ထည့် ဆားလေးထည့်လုပ်ရတယ်။ တစ်အောင့်လောက်နေတော့ ဟင်းရည်ကို အချိုအငန်မြည်းပြီး အချိုအတွက် သကြားလေးထည့်လိုက်တယ် ရှမ်းပြည်မယ်တော့ ကြံသကာထည့်တယ်။

အချိုအငန် အနေတော်ဖြစ်ရင်တော့ မုန်ညင်းလေးတွေ ခပ်ရှည်ရှည်လှီးထားတာလေးတွေ ထည့်လိုက်ပြီးတော့ မုန်ညင်းရိုးလေးတွေ နူးတဲ့အထိတည်ထားလိုက်တော့ မုန်ညင်းစောရတာပါပဲ။ စားခာနီးမှ ပန်းကန်ထဲထပ်ထည့် အပေါ်ကနေ ငရုတ်သီးစိမ်းလေး ထောင်းထားတာထည့် နံနံပင်လေးအုပ်လိုက်တော့ ချဉ်ချဉ်ငန်ငန်စပ်စပ် မုန်ညင်းစောစားလို့ရသွားပါပြီ ဟင်းတစ်ခွက်တည်း ဖြစ်နေမစိုးလို့ ခါကြက်ဥလေး ခြစ်ပြီးတော့ မြေပဲထောင်းလေးနဲ့ သုပ်လိုက်သေးတယ် ဘာပဲဖြစ်ဖြစ် ရှမ်းပြည်အလွမ်းပြေပေါ့။