Calm Hill My Random Thoughts

ဂြိုဟ်သွားပြက္ခဒိန်

မန္တလေးအိမ်က စာအုပ်စင်မှာ နက္ခတ်ဗေဒင်စာအုပ် အများကြီးရှိတယ် အဖေ့လက်ထက်က ကျန်ခဲ့တာတွေရယ် အသစ်ထွက်သမျှ စိတ်ဝင်စားရင်ဝယ်တယ် အဟောင်းဆိုင်ကနေ ရှာဖွေပြီးတော့ ဝယ်ထားတဲ့စာအုပ်တွေရယ် အတော်ကိုများများရှိတယ်။ ကိုယ်စိတ်ဝင်စားလို့ ကိုယ်ဖတ်တာဖြစ်လည်း လူအပြောခံရတာတော့ မလွတ်ကင်းဘူး ဒီလိုခေတ်မှာ ဗေဒင်တွေဘာလို့ သင်နေသလဲလို့ ပြောတဲ့လူကပြောတယ် လက်ဝါးထိုးပေးပြီး ဟောပေးပါလားလို့ မေးတဲ့လူလည်းမေးတယ် ရှေ့ဖြစ်မဟောတတ်ပါဘူး နားလည်တာတွေက သင်္ချာတွေလို့ဆိုတော့ သူတို့သဘောမပေါက်ကြဘူး နက္ခတ်ဗေဒင်တွေဟာ အင်မတန်ရှေးကျတဲ့ သိပ္ပံအတတ်ပညာတွေဆိုတာ သဘောပေါက်တဲ့လူ အတော်နည်းပါတယ်။

ဗေဒင်စာအုပ်မှာ ရှေ့ဖြစ်ဟောနည်း စာအုပ်တွေဟာ အင်မတန်ပေါပါတယ် ကောင်းတယ်မကောင်းဘူး မှန်တယ်မမှန်ဘူးတော့ မဆိုလိုဘူးပေါ့လေ။ ဒါပေမယ့် အတွက်အချက်ကျမ်းတွေကတော့ နားလည်တဲ့လူလည်း နည်းသလို စာအုပ်စာတမ်းဟာ အင်မတန်ကိုရှားပါတယ်။ အတွက်အချက်ကျမ်းမှာ အလွန်ဆုံးရှာလို့လွယ်ရင် တွက်ပြီးသွား ဂြိုဟ်သွားပြက္ခဒိန်ကိုကြည့်ပြီး ဇာတာဖွဲ့နည်းကျမ်းပဲ ရှာလို့ရနိုင်ပါတယ်။ နားလည်တဲ့လူနည်းတယ်ဆိုတာဟာ အခုအချိန်အထိ ဂြိုဟ်သွားပြက္ခဒိန်ထုတ်ပြီး ရောင်းနေတဲ့လူအရေအတွက်ဟာ လက်ချိုးရေနိုင်တဲ့ အနေအထားမှာရှိပါတယ်။ စာအုပ်ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ဂြိုဟ်သွားပြက္ခဒိန်တွေမှာ ရေးထားတာတွေ့လေ့ရှိတဲ့ သံဒိဋ္ဌကျမ်းတွေ သူရိယသိဒ္ဓန္တကျမ်းတွေက နာမည်သာရှိပေမယ့် ဖတ်ချင်လည်းရှာလို့ မရတတ်ပါဘူး အဲဒီတော့ အဟောင်းဆိုင်တွေမှာတွေ့ရင် မဖတ်နိုင်သေးတောင် အားရင်ဖတ်ဖို့ဝယ်ထားရတယ်။

ရှေးကစာအုပ်တွေ ဖတ်ရတာကအတော်လည်း စိတ်ရှည်ရပါတယ် ကိန်းဂဏန်းတွက်ချက်တာကို ရှေးကအခေါ်အဝေါ်တွေနဲ့ရေးပါတယ် ဥပမာပြောရင် ၁ နဲ့ ၂ နဲ့ပေါင်းဆိုရင် ၁ ကို ၂ နှောတယ်လို့ရေးလေ့ရှိတယ် ၃ နဲ့ ၄ မြှောက်တယ်ဆိုလည်း ၃ ကို ၄ခါဆ လို့ရေးလေ့ရှိတယ် အဲဒီတော့ အသားမကျသေးခင် လွယ်လွယ်ကူကူ တွက်ရမယ့်အခန်းတွေကိုပဲ တစ်လုံးချင်းဖတ်ပြီး ဂဏန်ပေါင်းစက်နဲ့ မှန်းတွက်လိုက် ထွက်လာတဲ့အဖြေတိုက်နဲ့ မနည်းဖတ်ရပါတယ်။ အတော်ကို ကြိုးစားတွက်တော့ သူ့အထဲကအတိုင်းတော့ တွက်လို့ရသွားပါတယ် ဒါပေမယ့် အဖြေတွေကို ဝယ်လို့ရတဲ့ တွက်ပြီးသား ပြက္ခဒိန်တွေနဲ့ တိုက်ကြည်တော့ တစ်ချို့နေရာတွေ မတူပြန်ဘူး အနည်းနဲ့အများ လွဲတာတွေရှိတယ် ဘာလို့လဲလို့ အဖြေမရှာတတ်ဘူး။

ပြဿနာက သံဒိဋ္ဌကျမ်းတွေက မူအမျိုးမျိုးနဲ့ ကွဲပြားနေတယ် အဓိကအားဖြင့်တော့ ဆင်တဲမူနဲ့ ကန်ဦးမူဆိုပြီး နှစ်ခုကအပြိုင်ဖြစ်နေတယ်။ အဖေ့စာအုပ်တွေထဲက ဆင်တဲမူနဲ့တွက်ကြည့်ရာကနေ ကန်ဦးမူနဲ့ သံဒိဋ္ဌကျမ်းတစ်ခုလည်း ထပ်ပြီးရှာလို့ရခဲ့တော့ နှစ်ခုကိုယှဉ်တွက်ကြည့်တယ် တစ်ချို့နေရာတွေမှာ ထွက်လာတဲ့ အဖြေလွဲတာတွေရှိတယ်။ သူတို့ကတော့ သူမှန်တယ် ကိုယ်မှန်တယ် ငြင်းကြပေမယ့် ကိုယ့်အမြင်ကတော့ နှစ်ခုလုံးသူ့နည်းသူ့ဟန် လွဲကြပါတယ်။ သူရိယသိဒ္ဓန္တကျမ်းတွေမှာပါတဲ့ ကိန်းဂဏန်တွေက ကြီးလွန်းတဲ့အတွက် ဂဏန်တွက်စက်မရှိတဲ့ အလီကျက်ပြီး တွက်ရတဲ့ခေတ်မှာဆိုတော့ ဂဏန်းကြီးလွန်းရင် တွက်ချိန်ကြာသလို အမှားလည်းများပါတယ် အဲဒါကြောင့် အနီးစပ်ဆုံးအစားထိုးတွက်နိုင့်မယ့် ကိန်းအသေးကိုကိုယ့်နည်း ကိုယ့်ဟန်အစားထိုးကြတာပါ။ နောက်ပြီးတော့ ဒဿမကိန်း မသုံးတတ်တဲ့အတွက် အနီးစပ်ဆုံးယူတဲ့အတွက်လည်း အမှားဖြစ်တဲ့အကြိမ်လည်း ပိုတိုးပါတယ်။

ဒီလိုနဲ့ တစ်ယောက်ထဲ ကျမ်းပေါင်းစုံနဲ့ တွက်လိုက်ချက်လိုက် လုံးလည်လိုက်ပြီးတဲ့နောက် အသေအချာသင်ပေးနိုင်မယ့် ဆရာတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ ဆရာကတော့ ဆွေစဉ်မျိုးဆက်က ပြက္ခဒိန်ဆက်တဲ့ ပုဏ္ဏားမျိုးရိုးဆိုတော့ ဗေဒင်လက်ရိုး အသေချာငယ်ကတည်းက သင်ခဲ့ရတဲ့လူဆိုတော့ အတော်အဆင်ပြေပါတယ်။ တစ်ခြားလူတွေနဲ့မတူတာက သူတွက်ပုံတွေဟာ လက်ရိုးဆိုပေမယ့် ခေတ်မှီပါတယ် Scientific Calculator ကိုကောင်းကောင်း အသုံးချနိုင်တဲ့အတွက် ဒီဂရီတွေ နာရီတွေကို အဆင်ပြေပြေအသုံးချနိုင်တယ်။ ကိုယ်သိထားတဲ့ ဗွက်ပေါက်နေတဲ့ သူရိယသိဒ္ဓန္တကို သူအသေအချာရှင်းပြမှပဲ အသေအချာတွက်နိုင်တော့တယ်။

ဆရာလည်း ဂဏန်းတွက်စက်နဲ့ တွက်ရတာအဆင်ပြေပေမယ့် ကိုယ်ကတော့ ကွန်ပျူတာသမားဆိုတော့ ခလုပ်လည်းအခါခါ နှိပ်ချင်တဲ့လူမဟုတ်။ ပရိုဂရမ်အပြီးရေးမယ်လို့လုပ်လိုက် မအားလိုက်နဲ့အချိန် အတော်ကြာသွားပြီး အပြင်ထွက်လာလိုက်တာ ဒီအချိန်အထိရောက်သွားခဲ့တာပဲ မှတ်စုတွေမြင်မိရင် ကြွေးတင်နေသလို စိတ်ထဲမှာဖြစ်နေတာလည်းကြာခဲ့ပြီ အခုတော့မအားတဲ့ကြားကနေ ဂြိုဟ်သွားပြက္ခဒိန်ကို အပြီးသတ်အောင်တော့ရေးနေတယ် သူရိယသိဒ္ဓန္တ အမရပူရမူနဲ့တော့ ထပ်တူလို့မပြောလိုဘူး တစ်ချို့နေရာတွေ ပြင်လိုက်တာတွေရှိတယ်။ နှစ်တွေထောင်ချီသွားတော့ မူရင်းကိန်းသေတွေဟာ ဒီအချိန်မှာ အနည်းနဲ့အများတော့ မှားတာကတော့မှားနေပါပြီ ခေတ်သစ်နက္ခတ္တဗေဒနဲ့ ဘယ်လောက်ကွာဟသလဲ ယှဉ်ကြည့်ချင်သေးတယ်။

အသုံးတည့်မယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ URL ကနေ တစ်လချင်းအလိုက် ပြက္ခဒိန်ကိုတွက်ကြည့်လို့ရပါတယ် ဗမာပြည်စံတော်ချိန်နဲ့ တွက်ထားတာပါ။ အမှားအမှန်တော့ အာမခံပါဘူး စမ်းကြည့်လိုက်ပြန်ပြင်လိုက်နဲ့ တတ်နိုင်သလောက်တော့ လိုက်စစ်နေပါတယ်။ ဒဿမတွေကို အကုန်ယူပြီးတွက်တဲ့အတွက် လက်ရှိ ဝယ်လို့ရနိုင်တဲ့ သံဒိဋ္ဌပြက္ခဒိန်တွေနဲ့ အနည်းငယ်တော့ အတိမ်းအစောင်းရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေမှာတော့ ဂြိုဟ်အသီးသီးရဲ့ မန္ဒဥစ်တွေကို ၂၀၀၇ လောက်ကတွက်ထားတဲ့ ကိန်းသေတွေနဲ့ တွက်ထားတဲ့အတွက် အနှစ် ၂၀ လောက်ခွာတွက်မိရင်တော့ ကွာဟမှုများတာဖြစ်နိုင်ပါသေးတယ်။ မန္ဒဥစ်တွေကို ကိန်းအရှင်တွေနဲ့ အစားထိုးဖို့ကျန်နေသေးတယ်။

http://myancalendar.appspot.com

မြန်မာဝေါဟာရ ပြက္ခဒိန်မှာ ပြဿနာက အနာဂါတ်အတွက် ကြိုတွက်လို့မရဘူး နှစ်ကူးချိန်တွေနဲ့ ဝါထပ်ရက်ငင်တွေက တစ်ခါတစ်ရံမှာ ပုံသေတွက်လို့မရနိုင်ဘူး ပြက္ခဒိန်အကြံပေးအဖွဲ့က ဆုံးဖြတ်မှသာ ဝေါဟာရပြက္ခဒိန်ဟာ အတည်ဖြစ်တယ်။ အဲဒီ့နေရာမှာ အများပိုင်တဲ့ပြက္ခဒိန်ကို ကိုယ့်ပစ္စည်းလိုသဘောထားပြီး ယတြာခြေချင်လို့ လုပ်ချင်သလိုလုပ်ကြတဲ့ လူတွေကြောင့်ကတော့ ဘာမှလုပ်​ပေးလို့မရတဲ့တွက် မပြောလိုတော့ပါဘူး ဒါပေမယ့်တကယ်တမ်း အငြင်းအခုန်ဖြစ်ကြတာက အတတ်ပညာချို့ယွင်းချက်ကြောင့်လည်း ဆိုလို့ရပါတယ်။ အဓိကကတော့ တစ်နိုင်လုံးစံအဖြစ်သုံးမယ့် ကိန်းသေတွေကို အသေအချာညှိပြီး သတ်မှတ်သင့်တယ်။ ကြိုတွက်လို့မရပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ နှစ်ကူးချိန်တွက်ပြီး ထည့်လို့တော့ရပါတယ် ဒါပေမယ့် နှစ်စဉ်တော့ ပြက္ခဒိန်အကြံပေးအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ကိုက်မကိုက် ပြန်ကြည့်ပြီး လိုအပ်ရင်ညှိဖို့တော့လိုမယ် အချိန်ရရင်တော့ ဝေါဟာရပြက္ခဒိန်ကိုလည်း ထည့်ထားပါဦးမယ် လက်ရှိကတော့ ကိန်းဂဏန်းတွေပဲမြင်နေရတော့ ဝေါဟာရလတွေ ကြည့်လို့ရမှာမဟုတ်ဘူး။