Calm Hill My Random Thoughts

ပရိုဂရမ်မာဋီကာ (၂)

ကွန်ပျူတာလောကမှာ အသစ်ဆိုရင် ပိုကောင်းတယ်လို့ လူတိုင်းလက်ခံကြတယ် ဒီနေ့ဝယ်ထားတဲ့ကွန်ပျူတာ နောက်ထပ်အလွန်ဆုံး ခေတ်မှီလှရင် သုံးလေးလပေါ့ သိပ်မကြာပါဘူး အဲဒီ့ထက်ကောင်းတာ ထွက်လာတာပါပဲ။ အစပဲကောင်းတဲ့ တရုတ်ပစ္စည်း ဒုက္ခပေးလွန်းလို့ မူလလက်ဟောင်းမှ ကောင်းတယ်လို့ ထင်တတ်တဲ့ ကိုယ့်နိုင်ငံက လူမျိုးတွေတောင် ကွန်ပျူတာ အဟောင်းဝယ်ပါလား အကြံပေးမိရင် ရူးနေသလားလို့ ကိုယ့်ကိုပြန်မပြောသွားရင် ကံကောင်းလို့ဆိုရမယ်။

သို့ပေမယ့် ဟောင်းလေလေ အဖိုးတန်လေလေဆိုတာ့ ပရိုဂရမ်မာတွေလို့ ပြောလို့ရပါတယ်။ ဒါကိုလည်း လူငယ်ခြေတက် ပရိုဂရမ်မာတွေက လက်ခံဦးမယ်မဟုတ်ဘူး ဘယ်နှယ့်ဗျာ Fortran, COBOL, BASIC ခေတ်က ပရိုဂရမ်မာအိုကြီးတွေတော့ သုံးရမယ်မဟုတ်ပါဘူးလို့ ဆိုချင်ဆိုကြဦးမယ် အဲလိုမြင်တဲ့လူတွေကို အပြစ်မပြောထိုက်ဘူး ခိုင်းစားလို့ရတဲ့ ပရိုဂရမ်မာ အမြန်ထုတ်လို့ရတဲ့ခေတ်မှာ ပရိုဂရမ်မာဖြစ်လာတဲ့ လူတွေရဲ့အမြင်ကိုးဗျ။

တစ်ခေတ်တစ်ခါက ပရိုဂရမ်မာဆိုတာက ကွန်ပျူတာတွေ ဘယ်လိုအလုပ်လုပ်သလဲ အရင်ဆုံးနားလည်ပြီးမှသာ ကွန်ပျူတာကိုခိုင်းတဲ့ ပရိုဂရမ်ကိုရေးလို့ရတယ်။ အခုခေတ် ပရိုဂရမ်မာဆိုတာက ကွန်ပျူတာဆိုတာ ဘယ်လိုအလုပ်လုပ်သလဲ အသေအချာမသိလည်း ပရိုဂရမ်ဆိုတာက ရေးလို့ရတဲ့ခေတ်မှာ လူဖြစ်ကြသကိုးလို့ ပြောရမလိုဖြစ်တယ်။ အခြေခံဖြစ်တဲ့ Processor တွေက Instruction တွေကို ဘယ်လို Execute လုပ်သလဲ Memory ထဲမှာ Data တွေဘယ်လိုသိမ်းသလဲ Operating System တွေဘယ်လို အလုပ်လုပ်သလဲ Network ပေါ်မှာ Data တွေဘယ်လိုသွားသလဲ အသေအချာ နားလည်တဲ့ ပရိုဂရမ်မာဆိုတာ အခုခေတ်မှာက အတော်ရှားသွားပြီ။

ဥပမာပြောရရင် ကွန်ပျူတာတစ်လုံးကနေ အခြားတစ်လုံးကို Network ပေါ်ကနေ Data ပို့ချင်ရင် အခုအချိန်မှာ အင်မတန်လွယ်ပါတယ် အခုခေတ်မှာ အလွန်ဆုံးရေးရမယ်ဆို အကြောင်းနှစ်ဆယ်အစိတ်ပေါ့။ တစ်ချိန်ကဆိုရင် Socket Server တစ်ခုရေး Port တစ်ခုကိုဖွင့် အဲဒီ့ Port ကိုလာသမျှ Data တွေကို အဆက်မပြတ်ဖတ်ပြီးတော့ ရေးယူကြရတယ်။ ဒီထက်ပို ခက်တဲ့ အချိန်ကဆိုရင် ကိုယ်သွားမယ့် Network အမျိုးအစားအလိုက် Protocol ကအစ ဘာသုံးသလဲသိဖို့လိုပြီး သက်ဆိုင်ရာ Operating System ကပေးထားတဲ့ API တွေကိုခေါ်ဖို့လိုတယ်။

အဲဒီတော့ ဒီခေတ်မှာ ဒါတွေသုံးမှမသုံးတာလို့ ပြောကောင်းပြောမယ် ဟုတ်ပါတယ်မသုံးပါဘူး ဒါပေမယ့် အလုပ်ဘယ်လိုလုပ်သွားသလဲ အသေးစိတ်သိနေတဲ့အတွက် သူတို့ရဲ့ Knowledge Level ဟာ လက်ရှိလူတွေထက် ပိုများနေတဲ့အတွက် ခက်ခက်ခဲခဲ ပြဿနာတစ်ခုဖြစ်ရင် အဲလိုလူတွေက ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာ ပိုပြီးတော့ရှင်းပေးနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်လုပ်ဖို့ဆိုရင်တော့ ငယ်တဲ့ပရိုဂရမ်မာကိုခန့်ရတယ် ဒါပေမယ့် ပြဿနာရှင်းဖို့ နေရာအတွက်တော့ အိုဟောင်းနေတဲ့ ပရိုဂရမ်မာတွေကို ခန့်ကြရတာပေါ့။

ဒီလိုဆိုရင် ဒို့ကအဟောင်းတွေ လိုက်ဖတ်ရမှာလားလို့ မေးလာရင်တော့ အဲလိုလည်းမဟုတ်ဘူးလို့ပဲ ပြောပါရစေ။ အဟောင်းဆိုတာက အချိန်အရ ဟောင်းသွားတာမဟုတ်လား။ ကိုယ်လုပ်နေတဲ့ အကြောင်းအရာတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လေ့လာဖို့ပဲလိုပါတယ် နောင်တစ်ချိန်မှာ အခုခေတ်မှာသုံးနေတဲ့ နည်းပညာတွေထက် လွယ်တဲ့အရာတွေပဲ ထပ်ထပ်ပြီးထွက်လာဦးမှာပါ။ အခုခေတ်လုပ်နေတဲ့အရာတွေက နောက်လူတွေအတွက် အင်မတန်ခက်ခဲတဲ့အရာတွေ ဖြစ်လာဦးမှာပါ။

ဒီတော့ အခုအချိန်မှာ အသေအချာ လေ့လာခဲ့တဲ့လူတွေက တစ်ချိန်ကျရင် အဖိုးတန်တဲ့ ပရိုဂရမ်မာအိုကြီးတွေ ဖြစ်လာဦးမှာပေါ့။ ဟောင်းသွားတိုင်း ကောင်းမှာလားမေးရင်တော့ ကိုယ့်ခေတ်က အတတ်ပညာမှ အသေအချာမတတ်ရင် နောင်တစ်ခေတ်က အတတ်ပညာကိုလည်း နားလည်မှာမဟုတ်​တော့ သစ်သီးများလိုပဲ အချိန်ကြာတော့ ပုတ်သွားသလိုပဲ အသက်ကြီးလာလို့ ဘယ်နားမှသုံးမရလို့ ဘယ်သူကမှလည်း အလုပ်မခန့်တော့တဲ့ ပရိုဂရမ်မာအိုကြီးတွေလည်း အများကြီးပဲပေါ့။ ဟောင်းသွားအောင် အတင်းကြိုးစားစရာမလိုပေမယ့် ပုတ်သွားမယ့်အထဲ မပါအောင်တော့ အသေအချာဂရုစိုက်ရလိမ့်မယ်။