Calm Hill My Random Thoughts

Renbukan Dojo

Etsunen ဘန်ကောက်မှာရှိတဲ့ Fukakusa Shihan ရဲ့ Renbukan Dojo ကို ဒီနှစ်တော့ရောက်ဖြစ်တယ်။ Renbukan မှာနှစ်စဉ်နှစ်တိုင်း Etsunen နဲ့ Kagamibiraki ကိုလုပ်လေ့ရှိပေမယ့် မအားတာနဲ့နှစ်တိုင်း လွဲနေတာများပါတယ်။ ၂၉ ရက်နေ့ညမှာ နောက်ဆုံးသင်တန်းချိန်ရှိပေမယ့် လေယာဉ်နောက်ကျ ဟော်တယ်ရောက်တဲ့အချိန်က ည ၁၁ နာရီဖြစ်နေတဲ့အတွက် သင်တန်းချိန်လွတ်ပါတယ်။ ဒါပေမယ်သင်တန်းပြီးညစာကို တည်းတဲ့ဟော်တယ်က စားသောက်ဆိုင်မှာ Fukakusa Shihan ပါလိုက်လာပြီးတော့ စုပေါင်းစားကြတဲ့အတွက် Fukakusa Shihan နဲ့တော့ စကားပြောချိန်ရလိုက်တယ် ကံကောင်းထောက်မစွာပဲ ဆရာဖြစ်သူက Fukakusa Shihan ကို ၃၀ ရက်နေ့က သင်တန်းမရှိပေမယ့် လေယာဉ်နောက်ကျတဲ့ လူတွေအတွက် Special Training တစ်ခုဖွင့်ပေးပါလို့ တောင်းဆိုတော့ Fukakusa Shihan ကလည်း ၃၀ ရက်နေ့ညမှာ တစ်ချိန်ဖွင့်ပေးမယ်လို့ ပြောပါတယ်။ ချင်းမိုင်တက္ကသိုလ် Aikido Club ကဆရာက ပုံမှန်အားဖြင့် Shihan ကပိတ်ရက်မှာ ပြန်ဖွင့်ပေးလေ့မရှိဘူး မင်းကံကောင်းပါတယ်ဆိုလို့ လေယာဉ်နောက်ကျလို့ စိတ်ညစ်ရပေမယ့် သင်တန်းမှီသေးတဲ့အတွက် ဝမ်းသာရပါတယ်။

အဲလိုနဲ့ ၃၀ ရက်နေ့ ညနေပိုင်းမှာ Renbukan Dojo မှာ တစ်ချိန်ကစားဖြစ်ပါတယ်။ Etsunen ကတော့ ၃၁ ရက်နေ့ည ၁၁ နာရီကနေ ၁၂ နာရီအထိ ကစားပြီးတော့မှ New Year Party က သင်တန်းအပြင်မှာပဲ လုပ်ကြပါတယ်။ အခြားသော Shihan တွေလည်း ဆုံဖူးနေကြဖြစ်ပေမယ့် Fukakusa Shihan ကိုပုဂ္ဂိုရေးအရ ခင်နေမိတာက ဘယ်အချိန်ဘယ်နေရာပဲတွေ့တွေ့ ဟိတ်ဟန်မရှိပါဘူး တကယ်တော့ 8 Dan ဆိုတာက တစ်ကမ္ဘာလုံးလက်ချိုးရေမှ လက်နှစ်ဘက်ပြည့်ရုံလောက်ပဲ ရှိတော့တဲ့အရေအတွက်ပါ။ သင်တန်းပြီးသွားတဲ့နောက်တော့ ဆရာရယ်တပည့်ရယ် မဟုတ်တော့ပါဘူး အားလုံးပျော်ပျော်ပါးပါး စကားပြောကြ အစားအသောက်စားလိုက်နဲ့ မနက် ၃ နာရီထိုးတော့ သူများတွေမပြန်သေးပေမယ့် နောက်နေ့မနက် မန္တလေးပြန်ရမှာဖြစ်လို့ Fukakusa Shihan ကို ကျွန်တော်ပြန်နှင့်ပါရစေလို့ ခွင့်တောင်းရတယ်။ သူများတွေ စားနေသောက်နေတုံး နေဦးလုပ်နေပေမယ့် မနက် ၈ နာရီလေယာဉ်ဖြစ်လို့ ပစ္စည်းသိမ်းဖို့လည်းရှိပါတယ်လို့ ခွင့်တောင်းမှပဲ ပြန်လွှတ်ပါတော့တယ်။