Calm Hill My Random Thoughts

Roasted Chicken

Roasted Chicken

Oven တစ်လုံးရကတည်းက မချက်ဖြစ်တဲ့ဟင်းတွေ လက်သွေးတဲ့အနေနဲ့ ပြန်ချက်နေတာ ဒီတစ်ပါတ်တော့ Roasted Chicken လုပ်ဖြစ်တယ် Roasted Chicken က Oven မရှိလည်း ချက်လို့တော့ရပါတယ် ဒါပေမယ့်အတော်အလုပ်ရှုပ်တယ် ပထမဆုံးကြက်ကိုကြော် ပြီးတာ့မှအသီးအရွက်အတိုအစနဲ့ အိုးအကြီးကြီးထဲထည့်နှပ်ဆိုတော့ အင်မတန်အားမှပဲ လုပ်နိုင်လိမ့်မယ်။ Oven နဲ့ဆိုရင်တော့ အလုပ်မရှုပ်ပါဘူး စိတ်ရှည်ဖို့ပဲလိုတယ်။

ပါဝင်ပစ္စည်း

  1. ကြက် ၁ ကောင်
  2. အာလူး ၅ လုံး
  3. ကြက်သွန်နီ ၂ လုံး
  4. ကြက်သွန်ဖြူ ၂ လုံး
  5. မုန်လာဥနီ ၃ လုံး
  6. သံပုရာသီး ၁ လုံး
အာလူးတွေနဲ့ ကြက်သွန်နီတွေကို အခွံမခွာပဲ ခါးလည်ကနေ ထက်ခြမ်းခြမ်း ကြက်သွန်ဖြူတစ်ဥကို အခွံသင်ဓားပြားရိုက် တစ်ဥကို်တော့ အခွံမသင်ပဲနဲ့ အမွှာလေးတွေပဲတစ်ခုစီခွဲထား မုန်လာဥနီကို ခပ်ကြီးကြီးလှီး သံပုရာသီးကိုအလယ်ကနေ ထက်ြခမ်းခြမ်းထား။

ကြက်တစ်ကောင်းလုံးကို ခြေထောက်ကိုဒူးဆစ်ကနေဖြတ် လည်ပင်းကိုအရင်းကဖြတ် ပြီးရင်တော့ ဗိုက်ထဲမှာအဆုတ်တွေ ကလီစာလက်ကျန်သွေးတွေ ကျန်နေတာရှိတတ်တယ် အဲဒါတွေအသေအချာဆေးပြီး ရေခြောက်အောင် လေသလပ်ထား။ အဲလိုလုပ်ထားတုံးမှာ ကြက်ကိုနယ်ဖို့အတွက် ထောပတ်နည်းနည်း(ဆီ)၊ ဆား၊ ငရုတ်ကောင်းနက်၊ သစ်ကြမ်းပိုးမှုန့်(မရှိလည်းမထည့်နဲ့) အဲဒါတွေကိုဖျော်ပြီး ရေခြောက်ရင် ကြက်ကို အတွင်းအပြင် အသေအချာသုတ်ပြီးနယ်ရမယ် စိတ်ရှည်အချိန်ရရင် ကြက်ရင်အုံအရေခွံနဲ့ အသားကြားကို လက်နဲ့ထိုးပြီးတာ့ အထဲကိုလည်း သုတ်ရင်စားလို့ ပိုကောင်းတယ်။

နယ်ထားတဲ့ကြက်ရဲ့ ဗိုက်ထဲကို ကြက်သွန်ဖြူဓားပြားရိုက်ရယ် သံပုရာသီး ၂ ခြမ်းရယ်ကိုသွပ် နေရာလွတ်သေးရင် ကြက်သွန်နီ တစ်ခြမ်းလောက်ပါ ထပ်လို့ရသေးရင်ထည့် ပြီးရင်တော့ကြက်ရဲ့အဆီဖူးရယ် ခြေနှစ်ချောင်းရယ်ကိုအားလုံးပူးပြီးတော့ အပ်ခြည်ကြိုးနဲ့ချည်ပြီး ဗိုက်ထဲအဆာတွေ မထွက်အောင်ပိတ်လိုက်လို့ရပြီ။

roasted_chicken1

Oven ထဲထည့်မယ့် ဗန်းတစ်ခုထဲမှာ အလည်ကနေကြက်ကိုထား ဘေးကနေ အာလူး၊ မုန်လာဥနီ၊ ကြက်သွန်ဖြူတွေကို အဆင်ပြေသလိုစီ။ အသီးအရွက်တွေကို အခွံမသင်ထားတာက Oven ထဲမှာ ၁ နာရီလောက် အနည်းဆုံးရှိမှာဆိုတော့ အခွံသင်ထားရင် ကျွမ်းကုန်မှာကြောင့်ပါ။ ပြီးရင်တော့ အပူချိန်ကို ၂၀၀ ဒီဂရီစင်တီဂရိတ်လောက်နဲ့ ၁ နာရီခွဲလောက်တော့ ကြာလိမ့်မယ် အဲဒါကတော့ ကြက်အကောင်အကြီးအသေး မူတည်လိမ့်မယ် အများအားဖြင့်က ၁ နာရီကျော်ရင် ရပါတယ်။ ကြက်ကိုအရမ်းခြောက်တယ်ထင်ရင် ရေနည်းနည်းဖြန်းပေးရင်ရတယ်။

တကယ်တော့ ကြက်ကိုင်တာနယ်တာ အသီးအရွက်လှီးတာဖြတ်တာ အားလုံးပေါင်းက မိနစ် ၂၀ လောက်ပါပဲ ပြီးရင်တော့ Oven ထဲကိုထည့်ထားလိုက်ရုံပဲ အချိန်စေ့လောက်မှ သွားကြည့်ပြီးတော့ အခြေအနေနည်းနည်းကြည့် ကျက်ရင်ထုတ်ထားရုံပါ ဟင်းချက်သလို ကြည့်နေစရာမလိုတော့ အရမ်းအလုပ်ရှုပ်တယ်တော့မဟုတ်ပါဘူး ကိုယ်တိုင်လုပ်ပြီးရင်တော့ ဆိုင်ကရောင်းတဲ့ ကြက်ကင်ကို Roasted Chicken လို့ပြောတာလည်း သိပ်လက်မခံချင်တော့သလို မအားလို့သာဝယ်စားချင်စားမယ် သိပ်တော့စားချင်တော့မှာမဟုတ်ပါဘူး။