Calm Hill My Random Thoughts

Trying Double-Edged Razor

ကလေးဘဝတုံးကတော့ လူကြီးတွေ နှုတ်ခမ်းမွှေး ရိတ်တာမြင်ရတာ ကိုယ့်မှာမရှိသေးတဲ့ အရာဆိုတော့ အားကျစရာကြီးပဲ။ လူပျိုပေါက်ဖြစ်လာတော့ နှုတ်ခမ်းမွှေးရှည်လာလို့ စပြီးတော့ရိတ်ရတဲ့အထိ သဘောကျမိပါသေးတယ် အဲဒီနောက်တော့ သိပ်မကြာပါဘူး တလွဲဆံပင်ကောင်းဆိုသလို မျိုးရိုးကအမေဘက်လိုက် ဦးလေးတွေရဲ့ ခြေရာကိုနင်းပြီး မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးက လိုချင်တာထက် ပိုများများလာတဲ့နောက် အလုပ်တစ်ခုကြီးလို ဖြစ်လာတဲ့အတွက် စိတ်ရှုပ်ရတော့တယ်။ တကယ်ကတော့ လူ့အလိုနတ်မလိုက်နိုင်ပါ ကိုယ်ကပိုလာလို့ မလိုချင်ပါဘူးဆို သူငယ်ချင်းတစ်ယောက်က ကိုယ့်လိုဖြစ်ချင်လို့ဆိုပြီး နှုတ်ခမ်းမွှေးကို သန်အောင်ဆိုပြီး မနက်တိုင်းရိတ်ပေမယ့် ဓားရှတာပဲအဖတ်တင်တယ် ဘယ်လိုလုပ်လုပ် နှုတ်ခမ်းမွှေး အခုချိန်အထိ သန်သန်မာမာ ထွက်မလာရှာဘူး။

မုတ်ဆိတ်ရိတ်တဲ့ ပစ္စည်းပစ္စယ ဝယ်ရတဲ့ဒုက္ခက မိန်းကလေးတွေ အလှပြင်ပစ္စည်း ဝယ်ရသလိုပဲ ခဏခဏပြဿနာတက်တယ်။ မန္တလေးမှာနေတုံးက ဝယ်လို့ရတဲ့ဓားက ဓားသွား ၂ ခုပါတဲ့ SuperMax ပေါ့ ပစ္စည်းကပဲ အတုတွေဖြစ်လာလို့လား ကိုယ့်နှုတ်ခမ်းမွှေးကပဲ ပိုမာလာလို့လားမသိ နောက်ပိုင်းတော့ ဓားတွေက ၂ ခါထက်ပိုရိတ်လို့မရပဲ တုန်းကုန်တော့တယ်။ အဲလိုနဲ့ ဓားကနေစက်ကိုပြောင်းမယ်ဆိုပြီး Phillips တံဆိပ်နဲ့ အားသွင်းရတဲ့ မုတ်ဆိတ်ရိတ်စက်လေး တစ်လုံးနဲ့ပြောင်းရိတ် အားသွင်းရတဲ့ဒုက္ခက ဘယ်အချိန် အားကုန်မယ်မသိတော့ ရိတ်နေရင်းနဲ့ အားကုန်သွားရင် ပြဿနာတက်ပြီပဲ အဲလိုနဲ့ ကျောင်းသွားခါနီး နှုတ်ခမ်းမွှေးတစ်ခြမ်း ရိတ်အပြီးမှာ ဓာတ်ခဲကုန်သွားလို့ အချိန်မရလို့ နှုတ်ခမ်းမွှေးတစ်ခြမ်းနဲ့ ကျောင်းတက်ခဲ့တဲ့နေ့လည်းရှိဖူးတယ်။

မုတ်ဆိတ်ရိတ်ဓားထုတ်တဲ့ ကုမ္ပဏီတွေဟာ ဘာမှလုပ်စရာမရှိရင် ဓားကိုအချောင်းတိုးတဲ့ အလုပ်ကိုပဲလုပ်လေ့ရှိတယ် အရင်ကနှစ်ချောင်း အခုတော့ငါးချောင်းအထိ တိုးပြီးနေကြပါပြီ။ နိုင်ငံခြားရောက်သွားတဲ့နောက် တံဆိပ်ကအတုဖြစ်မှာ မပူရတဲ့အတွက် ဓားတုံးတဲ့ပြဿနာ မကြုံရတော့ပေမယ့် ဓားစျေးကြီးတဲ့ပြဿနာက ရှေ့တန်းရောက်လာတယ်။ လက်ကိုင်တစ်ခုဝယ်ရင် ဓားအသွား ၁ ခုလက်ဆောင်ပါတယ် ဒါပေမယ့်အဲဒီ့ဓားတုံးသွားလို့ နောက်တစ်ခါ ဓားအသွား ၅ ခုပါတဲ့ကဒ်တစ်ခု ထပ်ဝယ်ရပြီဆိုရင် လက်ကိုင်ဖိုးထက် ၃ ဆလောက်ပေးရပြန်တယ် ခက်တာက မရှိမဖြစ် ပစ္စည်းဖြစ်နေတာပဲ မရိတ်ပဲလည်း နေလို့ကလည်းမရနဲ့ စျေးကြီးလည်းဝယ်ရတော့တယ်။

တစ်ရက်ကတော့ အိမ်ဆိုင်တစ်ခုမှာ ဘရိတ်ဓားထည့်ရိတ်ရတဲ့ တရုတ်ကလာတဲ့ မုတ်ဆိတ်ရိတ်ဂျုပ်တစ်ခု တွေ့တာနဲ့ဝယ်လာတယ် ငယ်တုံးကတော့ အဖေ့ဆီမှာတော့မြင်ဖူးတယ် တစ်ခါမှတော့မရိတ်ဖူးဘူး စမ်းရိတ်ကြည့်တော့ ဘာပြောကောင်းမလဲ ဒဏ်ရာဗလပွနဲ့ တိုက်ပွဲကပြန်လာသလို ရဲရဲတောက်ဖြစ်သွားတော့တယ်။ အဲဒါနဲ့ အင်တာနက်ပေါ်မှာ ရှာဖွေကြည့်တော့ ဘရိတ်ဓားထည့်ရိတ်တဲ့ မုတ်ဆိတ်ရိတ်ဂျုပ်တွေဟာ အခုအချိန်အထိရောင်းနေတယ် သူလည်းတကယ်တော့ ကောင်းတဲ့တံဆိပ်တွေဟာ စျေးမချိုဘူး ဂျာမနီကထုတ်တဲ့ Merkur တံဆိပ်ဆိုရင် အင်မတန်စျေးကြီးတယ်။

Edwin Jagger

လက်ကိုင်စျေးကြီးပေမယ့် ဓားကတော့စျေးချိုတယ် လက်ကိုင်ကလည်း တကယ်တော့ ကိုယ်ဝယ်နေကျ ဓား ၅ ချောင်းတစ်ကဒ်တန်ဖိုးဆို အတော်လေးကို ကောင်းတာရနေပါပြီ အဲဒါနဲ့စမ်းကြည့်တာပေါ့ဆိုပြီး Edwin Jagger တံဆိပ်နဲ့ဝယ်မယ်ဆိုပြီး စင်္ကာပူအနှံ့ရှာပေမယ့် တရုတ်ဆိုတဲ့အမျိုးက ရိတ်စရာနှုတ်ခမ်းမွှေးမှ များများစားစား မရှိတဲ့အမျိုးဆိုတော့ ဘယ်သူမှမဝယ်တဲ့ပစ္စည်းဆိုပြီး မရောင်းကြဘူးထင်တယ် ဘယ်လိုမှဝယ်လို့မရလို့ Online ကနေမှာယူရတယ်။ ဓားကတော့ဝယ်လို့ရတယ် အိမ်ဆိုင်လေးတွေမှာ Gillette တံဆိပ်နဲ့ဓားက ၁၀ ချောင်းပါမှ ပြား ၈၀ လောက်ပေးရတာပါ။

Online ကမှာထားတဲ့ Edwin Jagger လေးရောက်လာတော့ လုပ်ထားတဲ့လက်ရာကတော့ အတော်လေးသဘောကျတယ် စမ်းရိတ်ကြည့်တော့ တရုတ်ပြည်ဖြစ် မုတ်ဆိတ်ရိတ်ဂျုပ်လိုတော့ သွေးသံရဲရဲမဖြစ်ပါဘူး ဒါပေမယ့် တစ်ချက်နှစ်ချက်တော့ ဓားထိလိုက်သေးတယ် အဲဒီလောက်က ဓားအပြောင်းအလဲမှာ လက်သင့်ခံနိုင်ပါတယ် ၁ ပါတ်လောက်စမ်းရိတ်ပြီးတော့ အသားကျသွားတဲ့အခါတော့ ဓားလည်းမထိတော့ပါဘူး။ အခုတော့ စျေးဝယ်သွားရင် မုတ်ဆိတ်ရိတ်ဓား ၃ ချောင်းပါတာဝယ်မလား ၅ ချောင်းပါတာဝယ်မလား Vitamin-E Coated လုပ်ထားတာလား စဉ်းစားစရာမလိုတော့ဘူး။ အဲလိုနဲ့ ဓားအမျိုးအစားက အတော်လေးစုံသွားပြီ ​မသုံးဖူးသေးတာဆိုလို့ သင်တုံးဓားပဲရှိတော့တယ် စိတ်ကူးပေါက်တဲ့ရက်တော့ စမ်းကြည့်ရဦးမယ်။