Calm Hill My Random Thoughts

Drink like a Gentleman

Aikido Seminar ရှိလို့ ရန်ကုန်သွားမယ်ဆိုတော့ ရန်ကုန်ကနေပို့လိုက်တဲ့ ဖိတ်စာထဲမှာ Farewell Dinner အတွက်က Alcohol ပါတာသောက်ချင်ရင် Bring your own bottle (BoB) လို့ပါတယ် ကိုယ်ကအဲလိုလည်း သောက်တဲ့လူလည်း မဟုတ်ပေမယ့် တခြားလူတွေလည်းရှိတယ် အရက်ပုလင်းက မပါလို့မှမရတာ အဲဒါနဲ့ စင်္ကာပူကထွက်ကတည်းက Duty Free ဆိုင်မှာ ပုလင်းဝယ်ကြရတယ် ကိုယ်နဲ့လိုက်လာတဲ့ တရုတ်မကြီးက သောက်ရမယ်ဆိုရင် ထိပ်ဆုံးကဆိုသလိုပဲ ပါသမျှလူတွေရဲ့ ပါ့စပို့တွေကိုလိုက်တောင်း ပိုက်ဆံလည်းစုစပ်ပြီးတော့ ဝီစကီနဲ့ရှန်ပိန်တွေ အများကြီးဝယ်လာတယ် သူ့ဟာသူ ဘယ်ဟာတွေက လက်ဆောင်ပေးဖို့ ဘယ်ဟာတွေကတော့ ဒို့လူတွေသောက်ဖို့ဆို ဝေစုတွေခွဲထားတယ်။

လိုက်လာတဲ့လူတွေထဲမှာ Edward Yoshioka ဆိုတဲ့ စီနီယာကြီးတစ်ယောက်ပါတယ် ကိုယ့်ထက်အသက်က နှစ်ပြန်မကကြီးပေမယ့် ဒီလိုပဲပြောမနာဆိုမနာ သူငယ်ချင်းလိုဖြစ်နေတာ သူကအစကတည်းက BoB ကိုနားမလည်ဖြစ်နေတာ လေယာဉ်ပေါ်ရောက်ကတည်းက မြန်မာနိုင်ငံမှာ ဘီယာကစျေးကြီးလားဆိုမေးတယ် အဲဒီတော့ ကိုယ်လည်းစဉ်းစားကြည့်တော့ မြန်မာနိုင်ငံမှာ ဘီယာကစျေးပေါပါတယ် စင်္ကာပူမှာလိုတမင်စျေးကို မြှင့်ထားတာမှမရှိတာ အဲဒါနဲ့စျေးက မများပါဘူးလို့ အယုတ်အလတ်အမြတ်မရွေး သောက်လို့ရအောင် စျေးနှုန်းသတ်မှတ်ထားလို့ ဘီယာဆိုင်တိုင်း လူအင်မတန်စည်ပါတယ်လို့ အဲဒါဆိုဘာလို့ ညစာစားပွဲမှာ ဘီယာမတိုက်တာလဲဆိုတော့ ကိုယ်လည်းဘာပြောရမှန်းမသိဘူး အဲဒါတော့ မသိဘူးလို့စီစဉ်တဲ့လူတွေ ဘာဖြစ်လို့လဲမသိလို့ပဲဖြေရတော့တယ်။

ရန်ကုန်ရောက်တဲ့ည Dinner အပြီးမှာ Edward က ရန်ကုန်ကဆရာနဲ့ ထမင်းစားစကားပြောပြီးတဲ့နောက် တစ်ခါထပ်ပြီးတော့ ကိုယ့်ဘက်လာမေးပြန်ရော ရန်ကုန်ကဆရာက အရက်မသောက်ဘူး အဲဒါကိုသူကဘာလို့ အရက်မသောက်တာလဲဆိုမေးပြန်တယ်။ အဲဒါနဲ့ ဒါကတော့သူက ဘာသာရေးကြောင့် မသောက်တာပါလို့ဆိုတော့ အဲဒါဆိုရင် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာများတော့ ဒီနိုင်ငံလူတွေက အရက်မသောက်တဲ့လူ များတာပေါ့လို့ပြောတော့ အဲလိုလည်းမဟုတ်ပါဘူးလို့ သောက်တဲ့လူလည်းသောက်ပါတယ် ကိန်းဂဏန်းတော့ ဒို့နိုင်ငံမှာအတိအကျ ဘာမှမရှိတော့ ငါလည်းမသိဘူးလို့ ငါ့ပါတ်ဝန်းကျင်အရဆို မသောက်တဲ့လူထက် သောက်တဲ့လူကများပါတယ်လို့ နောက်ပြီးတော့ တချို့ပြည်နယ်တွေမှာ အရက်သောက်တာ အထူးအဆန်းရယ်လည်း မဟုတ်ပါဘူးလို့ ဒါပေမယ့် မိန်းကလေးတွေကတော့ အခုအချိန်အထိတော့ သောက်တယ်ဆိုတာ နည်းတော့နည်းပါသေးတယ်လို့ ဖြေလိုက်ရတယ်။

အဲလိုနဲ့ မြန်မာနိုင်ငံကလူတွေ အရက်သောက်ခြင်း မသောက်ခြင်းနဲ့ အရက်ဋီကာဖွင့်တာ မပြီးနိုင်တော့တဲ့ အခြေအနေဖြစ်လာတယ်။ နောက်တော့ထပ်မေးတာက မြန်မာနိုင်ငံမှာ အရက်သောက်တာကို မကောင်းတဲ့အလုပ်လို့ မြင်ကြတာရှိသလားဆိုတော့ အင်း အဲဒါကတော့ အဲလိုရှိတယ်လို့ပြောရမယ်လို့ မိဘတော်တော်များများက သားသမီးကိုတော့ အများအားဖြင့် အရက်မသောက်ဖို့တော့ တားကြတာရှိတာပဲလို့ အားပေးတယ်တော့မရှိကြဘူးလို့။ အဲဒီနောက်တော့သူဆက်ပြောတာက မွတ်စလင်နိုင်ငံတွေက အရက်မရောင်းကြဘူး နိုင်ငံခြားသားအတွက်ပဲ ရောင်းတဲ့ဆိုင်လေးတွေရှိကြတယ်။ နောက်ပြီးတော့ ယေဘုယျအားဖြင့်တော့ ခရစ်ယာန်နိုင်ငံ အတော်များများမှာ အရက်သောက်တာက အထူးအဆန်းရယ်တော့ မဟုတ်ဘူးတဲ့ ဝိုင်ကိုခရစ်တော်ရဲ့ သွေးအနေနဲ့ယူဆပြီးတော့ ဘုရားကျောင်းတွေမှာလည်း နည်းနည်းစီတိုက်တာလည်းရှိတော့ သာမန်အလုပ်ပါပဲတဲ့။ ဒါပေမယ့် နိုင်ငံအပေါ်မူတည်ပြီးတော့ ကောင်းတယ်ဆိုးတယ် လက်ခံတာကမတူဘူးလို့ ဆက်ပြောတယ်။

အင်္ဂလန်လိုနိုင်ငံမှာ လူငယ်အများစုက သောက်ပြီးတာနဲ့ ရမ်းတော့တာပဲတဲ့ အဲဒါကြောင့် ခရစ်ယာန်နိုင်ငံဖြစ်ပေမယ့် အဲလိုနိုင်ငံကျတော့ အရက်သောက်တာ မကောင်းတဲ့အလုပ်လို့ပဲ မြင်ကြတယ်တဲ့ ဒါပေမယ့် ဂျာမနီလိုနိုင်ငံကျတော့ မနက်လင်းကတည်းက သောက်နေတာပဲတဲ့ ဘီယာဆိုရင် အရက်သေစာစာရင်းထဲတောင် သွင်းပြီးတော့ယူဆတဲ့ နိုင်ငံမှမဟုတ်တာတဲ့ ဒါပေမယ့် သောက်ပြီးတော့ မူးရမ်းတာရန်ဖြစ်တာ မရှိသလောက်ပဲ ဂျပန်လည်းအတူတူပဲ ယောက်ျားမိန်းမရွေး အနည်းဆုံးဘီယာတော့ အမူးသောက်တာပဲ နောက်တော့မူးလာရင်လည်း ပြဿနာရှာလို့ ဖြစ်ကြတာအတော်နည်းတယ် အဲဒီတော့ အဲလိုနိုင်ငံတွေကျတော့ အရက်သောက်တာကို ထူးဆန်းတဲ့အလုပ်ရယ်လို့ မသတ်မှတ်တော့ မကောင်းဘူးရယ်လို့ မယူဆကြပြန်ဘူးတဲ့။ အဲဒါနဲ့ ဒါဆိုရင် သောက်တာချင်းအတူတူ နိုင်ငံအပေါ်မူတည်ပြီးတော့ ယေဘုယျအားဖြင့် ရမ်းတဲ့နိုင်ငံနဲ့ မရမ်းတဲ့နိုင်ငံ ဘာလို့ကွာနေတုံးလို့ ကိုယ့်ခွင်ထဲရောက်တော့ ကိုယ့်ထပ်မမေးအောင် ပြန်မေးရတော့တယ်။

အဲဒီတော့မှသူက ဆက်ပြောပြတာက သူလုပ်ခဲ့ဖူးတဲ့ Research တစ်ခုအတွက် နိုင်ငံပေါင်းစုံလှည့်ပြီးတော့ အရက်သောက်ပြီးရင် ဆိုးပြီးရမ်းတတ်သလား ငြိမ်းငြိမ်းချမ်းချမ်းနေသလား အဲဒီလူတွေရဲ့ ကိုးကွယ်တဲ့ဘာသာ စသည်ဖြင့် Survey လုပ်ပြီးတော့ Paper တစ်စောင်ရေးရဖူးတယ်တဲ့ အဲဒီ Survey အပေါ် Analyze လုပ်ပြီးတော့ထွက်လာတဲ့အဖြေမှာ ပါတ်ဝန်းကျင်က အရက်သောက်တာ ကောင်းတယ်ဆိုးတယ်ဆိုတာက ဘာသာရေးကြောင့် အဓိကမဟုတ်ပဲနဲ့ သောက်ကြတဲ့လူတွေရဲ့ အပြုအမူကြောင့်ဆိုတဲ့ အဖြေကတော့သိသိသာသာ ထွက်တယ်ဆိုပဲ။ သောက်ကြတဲ့လူချင်းအတူတူ ဆိုးခြင်းမဆိုးခြင်းကတော့ ရှေ့ဆောင်လမ်းပြနဲ့ဆိုင်တယ်ဆိုတယ်။ ဆိုလိုတာက မသောက်တတ်သေးတဲ့အချိန်မှာ ကိုယ့်ပါတ်ဝန်းကျင်က သောက်တဲ့လူတွေမှာ မူးလာရင်းဆိုးတဲ့ ပါတ်ဝန်းကျင်ကလူတွေက အရက်သောက်တတ်တဲ့ အချိန်ရောက်ပြီဆိုရင် မူးလာတာနဲ့ဆိုးဖို့က သေချာသလောက်လို့ဆိုတယ်။

စောစောကမင်းပြောပုံအရ အရက်သောက်တာကို မကောင်းဘူးလို့ မြန်မာနိုင်ငံမှာယူဆတယ်ဆိုကတည်းက မြန်မာနိုင်ငံကအရက်သမား အများစုဟာသောက်ပြီးရင် ဆိုးကြပါလိမ့်မယ်ဆိုတော့ ကိုယ်လည်းစဉ်းစားကြည့်တယ် သူပြောတာငြင်းစရာသိပ်မရှိဘူး ပထမဆုံးစဉ်းစားမိတာ ငယ်တုံးကသူငယ်ချင်းတွေပြောတဲ့ ရဲဆေးတင်တယ်ဆိုတာပဲ တကယ်ကတော့ မဟုတ်တာတစ်ခုခုလုပ်ဖို့ မလုပ်ရဲလို့အရက်မူးရင် လုပ်ရဲမလားလို့သောက်တာပဲ တစ်ခုခုဖြစ်ခဲ့လည်း မူးနေလို့ဆိုတဲ့ဆင်ခြေက အဆင်သင့်သုံးလို့ရတာကိုး။ ကိုယ်မြင်ဖူးသလောက်က လူစုပြီးတော့သောက်ကြ ပြီးလာလို့မူးလာပြီဆိုရင် ပထမဆုံးစဉ်းစားက မဟုတ်တဲ့အလုပ် တစ်ခုမဟုတ်တစ်ခုလုပ်ဖို့ပဲ တကယ်တော့ အရက်မူးတာနဲ့ မဟုတ်တာလုပ်တာနဲ့ တကယ်တော့မဆက်စပ်ဘူး ရှေ့ကထုံးတမ်းစဉ်လာလိုဖြစ်နေတာ အကျင့်ဖြစ်နေလို့နောက်လူတွေ လိုက်လုပ်ကြတာလို့ သူပြောတာနဲ့တိုက်ဆိုင်ပြီး ကောက်ချက်ချလို့တော့ရတယ်။

အဲဒီတော့ နောင်လာနောက်သားတွေ ဂုဏ်သရေရှိ အရက်သမားဖြစ်ဖို့အတွက် လက်ရှိသောက်နေတဲ့ အသောက်သမားတွေမှာ တာဝန်အပြည့်ရှိတယ်လို့ဆိုရမယ်။ နောင်လာနောက်သား အသောက်သမားတွေ အခုခေတ်မြန်မာနိုင်ငံမှာလို မျက်နှာငယ်ရတဲ့ဘဝမဖြစ်အောင် လက်ရှိသောက်လက်စလူတွေက မူးတာနဲ့တစ်ခြား မကောင်းမှု့ကိစ္စနဲ့ မဆက်စပ်ပဲနေကြဖို့လိုတယ် မူးတာနဲ့ရမ်းတာကို မခွဲနိုင်တဲ့လူတွေကို အမျိုးကောင်းသား အမူးသမားများသမဂ္ဂဆိုပြီး ကမ္ဘာအနှံ့ဖွဲ့ပြီးတော့ နိုင်ငံအလိုက်ငြိမ်ငြိမ်သက်သက် သောက်စားတဲ့အလေ့အကျင့် လုပ်ပေးမယ်ဆိုရင် အတိုင်းအထက်အလွန် ဖြစ်မယ်ထင်တယ်လို့ အဲဒီ Research ကို Application အနေနဲ့ ဆက်လုပ်လေပြောမိတော့ ဘေးနားက နားထောင်နေတဲ့လူတွေ အကုန်လုံးက ဝိုင်းရယ်ကြတော့တယ် ဆရာကဝင်ပြီးတော့ Edward ကသူများကို အချွန်နဲ့မနေကျတဲ့ ဒီတစ်ခါတော့မင်းက သူ့ကိုအချွန်နဲ့မသွားပြီဆိုပြီး ပြောစမတ်ဖြစ်သွားတော့တယ်။