Calm Hill My Random Thoughts

Birthday 2013

တစ်ခါတစ်ခါ အချိန်ကုန်တာက မြန်လွန်းသလိုခံစားရတယ် စင်္ကာပူပြန်ရောက်ကတည်းက အလုပ်ကအတော်လေးများနေတာနဲ့ ဒီတနှစ်မွေးနေ့ရောက်တာ တကယ်ကတော့ သတိတောင်မထားမိပါဘူး တစ်ချို့ကလည်း မွေးနေ့ဆိုတာ သေဖို့တစ်နှစ်နီးတာပေါ့တဲ့ တကယ်တော့ထင်လို့ပါ သေဖို့မသေဖို့က ချက်ချင်းလည်း ရောက်ချင်ရောက်တာပါ ဘယ်သူမှပြောနိုင်တာမှမဟုတ်တာ အဲဒီတော့ မွေးနေ့နဲ့ ဆက်စပ်ပြီးတော့ သေဖို့နီးပြီလို့ မယူဆမိပါဘူး တစ်နှစ်ဆိုလည်းတစ်နှစ် နံပါတ်ပဲတိုးလာတယ်ပဲ ယူဆလေ့ရှိတာပါ။

စနေနေ့ညက လုပ်စရာရှိတာလုပ်ရင်း အလုပ်တော်တော်ရှုပ်သွားပြီး ပြန်ရောက်တော့ အိပ်ပျော်သွားတယ် ည ၁၂ နာရီကျော်တော့ ညီမတစ်ယောက်က ဖုန်းဆက်နှိုးမှ မွေးနေ့ရောက်ပြီလား အေးအေးဆိုပြီး အိပ်ချင်မူးတူးနဲ့ စောင်ခေါင်းမြီးခြုံပြီးပြန်အိပ် မနက်မိုးလင်း အိပ်ရာထတော့ အမေကဖုန်းဆက်ဦးလို့ Message ပို့ထားတာတွေ့လို့ မနက်စောစောဖုန်းဆက်။ ခဏစကားပြောပြီးလို့ အိပ်ယာသိမ်းမယ်လို့ ကြည့်လိုက်တော့ ကုတင်ဘေးက ကွန်ပျူတာပေါ်မှာ လေးဒေါင့်ပုံးတစ်ခုတွေ့တယ် အဲဒီတော့မှ ညီမဖြစ်သူက အခန်းထဲဝင်ပြီး မွေးနေ့လက်ဆောင် လာထားသွားမှန်းသိတယ်။

Chopper

ဘာလဲဆိုပြီးဖွင့်ကြည့်တော့ အစ်ကိုဖြစ်သူ အပျင်းပြေကစားရအောင် Radio Control နဲ့ ဟယ်လီကော်ပတာ လေးတစ်စီးဖြစ်နေတယ် အင်မတန်အားတဲ့လူဆိုတော့ ဘယ်အချိန်သွားကစားမှန်း အတော်လေးစဉ်းစားရမယ့် အခြေအနေရှိတယ် တစ်နေကုန် မျောက်အုန်းသီးရသလို ဟယ်လီကော်ပတာ တစ်စီးနဲ့အလုပ်ရှုပ်တော့တယ် အားသွင်းလိုက် ဓာတ်ခဲသွားဝယ်လိုက်နဲ့ နောက်ဆုံးတော့ တစ်နေကုန်သွားတယ် မောင်းလို့ကောင်းကောင်းမရပါဘူး ဟယ်လီကော်ပတာက ကြီးနေတော့အိမ်ထဲမှာ ဘယ်လိုမှမောင်းလို့မရတာနဲ့ နောက်ရုံးပိတ်မှပဲ အပြင်သွားပြီးတော့ ကွင်းကျယ်ကျယ်တစ်ခုမှာ သွားပြီးတော့စမ်းသပ်မယ် စိတ်ကူးတယ်။

ညနေပိုင်းတော့ ဘာရယ်မဟုတ်ဘူး မွေးနေ့ဗန်းပြပြီးတော့ မဆုံတာကြာတဲ့လူတွေ လူစုံအောင်စုပြီး တစ်နေရာမှာတော့ စားကြမယ်ဆိုပြီး ကိုဒီဘီတို့နှစ်ယောက်ကိုဖုန်းဆက် စေတန်တစ်ယောက်ကတော့ ဘယ်လိုမှဖမ်းမမိပါဘူး စင်္ကာပူရောက်နေတဲ့ နိုင်လင်းအောင်ကတော့ အားနေတာဆိုတော့ ဖမ်းလို့မိတယ်။ ဒီတစ်နှစ်တော့ သာထက်လည်းမရှိ ဆောင်းချမ်းမိုးလည်းမရှိ လူကတော့မစုံပါဘူး ဒါပေမယ့်ရှိတဲ့လူနဲ့ပဲ ချိန်းပြီးညစာစားရတော့တယ်။ ကိုဒီဘီတို့က မွေးနေ့ရှင်ကို ဦးစားပေးအနေနဲ့ အိမ်နားလာခဲ့မယ်ဆိုပြီး ရောက်လာကြတယ်။

ကိုဒီဘီတို့နှစ်ယောက်က လက်ဆောင်ဆိုပြီး အင်္ကျီတစ်ထည်ဝယ်လာပေးတယ် ဒါပေမယ့် အင်မတန်ထွားကျိုင်းတဲ့ ခန္တာကိုယ့်အတွက် အတိုင်းအထွာမှားပုံက Medium ဝယ်လာတယ် အဲဒါနဲ့မရဘူးလို့ ပြာဂလောင်ပြာလချောင်ရဲ့ စွပ်ကျယ်လိုဖြစ်နေမယ်ဆိုပြီး ဆိုင်ကိုသွားပြီးတော့ Small Size နဲ့လဲရတယ် ဒါပေမယ့် Small ဆိုတာက ကလေးဆိုင်ပဲ ရှိလို့ထင်ပါတယ် မနည်းရှာယူလိုက်တယ် ကံကောင်းထောက်မစွာ ရှာလို့တော့ရပါတယ်။ အိမ်နားလေးက Shopping Mall ထဲကအကင်ဆိုင်မှာ တက်ညီလက်ညီကင်ကြပြုတ်ကြ နောက်ဆုံး ဆိုင်ပိတ်ခါနီးမှပဲ ပြန်ဖြစ်တော့တယ်။

အိမ်ပြန်ရောက်တော့ အိုက်ကိဒိုသင်တန်းကဆရာက ဖုန်းဆက်ပြီးတော့ မင်းမွေးနေ့ ထမင်းကျွေးမယ် ဘီယာသောက်ရအောင် လုပ်နေလို့ အရမ်းနောက်ကျနေပြီဆရာ မလုပ်ပါနဲ့တော့လို့ မနည်းပြောယူရတယ် သူကလည်း လမ်းရှာနေပုံရပါတယ်။ မွေးနေ့ဆိုရင် တစ်နေရာစီရောက်နေပေမယ့် သူငယ်ချင်းတွေက Facebook ကနေတော့ အမှတ်တရလာစကားပြောတယ် သူငယ်ချင်းတွေများတော့ တစ်ခါတစ်လေပြန်မပြောဖြစ်တာနဲ့ အရင်နှစ်ကပိတ်ထားလိုက်တာ ဆုတောင်းတင်မဟုတ်တော့ပဲ ရေးမရလို့ဆိုပြီး Message နဲ့ပူညံပူညံလုပ်တာပါ အဆစ်တိုးလာတဲ့အတွက် ဒီနှစ်တော့ဖွင့်ထားရတော့တယ် ညပိုင်းအိပ်ခါနီးမှပဲ Facebook ပေါ်က Birthday Wishes တွေ Reply ပြန်ပြီးမှ အိပ်ရတော့တယ်။