Calm Hill My Random Thoughts

Antisocial with Social Networks

Internet သုံးဖြစ်တာ တကယ်တော့ ၁၀ နှစ်ကျော်သွားပြီ လွန်ခဲ့သော ၁၀ နှစ်ဆိုတာက မြန်မာနိုင်ငံမှာက ဖွင့်ပေးထားတဲ့ Website အရေအတွက်နဲ့ မြန်မာတွေရှိတဲ့ Website ဆိုတာက လက်ချိုးရေလို့ရတဲ့ အခြေအနေပါ အဲဒီ့နေရာတွေမှာ လိုက်ရှာကြည့်မယ်ဆိုရင် Forum တခုမှာမှ Register မလုပ်ဖြစ်ပါဘူး IRC တွေနဲ့ လုံးလည်လိုက်နေတဲ့အချိန် အခုအချိန်အထိ IRC Nickname တခုမှမရှိခဲ့ဖူးဘူး အဲလောက်ကို Internet ပေါ်မှာ Social ကျ အပေါင်းအသင်းဆန့်တဲ့လူလို့ ပြောရလိမ့်မယ်။ အဲဒါတွေမသုံးတော့ ဘာလုပ်နေတုံးဆို အဲဒီ့အချိန်ကတော့ ကျောင်းသားဘဝဆိုတော့ လုပ်စရာတွေစူးစမ်းစရာတွေက အတော်လေးများပါတယ် အင်တာနက်ဆိုတာ အိမ်ကနေသုံးဖို့က ဖုန်းဖိုးအကုန်ခံ တော်တီးတော်ဆိုပြီး အသံစုံမြည့်တဲ့ Modem လေးနဲ့မတတ်သာမှ သုံးရတာဆိုတော့ အပြင်ကဆိုင်မှာ ရတဲ့အချိန်လေး ဖတ်စရာရှိတာတွေ Off−line Save လုပ်ပြီးအိမ်ယူလာ စမ်းစရာရှိတာတွေ Download လုပ်ပြီး Software CD ဖိုးကလည်း ချွေတာရပါသေးတယ်။

အဲလိုနေရင်းနဲ့ ကျောင်းပြန်တက်ဖြစ်တော့ တချို့ဘာသာတွေက Social Network Research တွေပါလာတယ် အဲဒီ့မှာ Facebook & Twitter ကိုမသုံးမနေရသုံးရတော့တယ် နောက်ပိုင်းလည်း Facebook ကိုဆက်သုံးဖြစ်ပါတယ် Facebook သုံးနေရင်းနဲ့ ငယ်သူငယ်ချင်းတွေအများကြီး ပြန်ပြီးတော့ အဆက်အသွယ်ရဖူးသလို ကိုယ်ကတခြားမှာနေပေမယ့် ကျန်နေခဲ့တဲ့ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ် မပြတ်တော့ဘူးပေါ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီးတော့ Social Network ဆိုတာက ဝါဒဖြန့်စရာ နေရာတခုလိုပဲ ဖြစ်လာတော့တယ် Internet သုံးဖို့လည်းလွယ်လာတော့ အရင်ကမသုံးတဲ့ သူငယ်ချင်းတွေ အစ်ကိုအစ်မတွေ ဦးလေးအဒေါ်တွေပါ Facebook ပေါ်ရောက်လာတော့တယ်။ မကောင်းဘူးလားဆို အကျိုးရှိတာသုံးရင်ကောင်းပါတယ် ဒါပေမယ့် ကောလဟာလဖြန်ဖို့ အသုံးချခံတွေ ဖြစ်ကုန်တာများတယ် တခြားနိုင်ငံမှာက အင်တာနက်စသုံးတဲ့ ကလေးတွေကို သွန်သင်ဆုံးမရတာ ကိုယ့်နိုင်ငံကတော့ ကြီးကောင်ကြီးမားတွေဖြစ်နေတော့ ဘယ်လိုမှပညာပေးလို့ရမယ့် အခြေအနေလည်း မမြင်ပါဘူး။

အရင်တုံးကတော့ သူငယ်ချင်းတွေနဲ့ စကားပြောစနောက်နဲ့ Facebook မှာပျော်ပါတယ် အခုတော့ မနက်မိုးလင်းတာနဲ့ မဟုတ်တာတွေနဲ့ပြည့်နေတဲ့ နေရာကြီးဖြစ်လာတယ် တနေ့တနေ့ အမင်္ဂလာတွေနဲ့ပဲ အတင်းတုတ်လိုက်ဆဲလိုက်နဲ့ မမြင်ချင်ရင်အဲဒီ့လူတွေကို Remove လုပ်ပါလား Hide လုပ်ပါလားဆိုရင် ဘယ်သူမှန်းမသိ ဘယ်ဝါမှန်းမသိ လက်ခံထားတဲ့လူတွေမဟုတ်ပဲ အပြင်လောကက မိတ်ဆွေတွေ ညီအစ်ကိုမောင်နှမတွေဖြစ်နေတော့ Remove လုပ်လိုက်တာနဲ့ ကိုယ့်ကိုရှာလို့မတွေ့ရင် အပြင်မှာ အကြီးအကျယ် ပြဿနာတက်နိုင်တဲ့ အခြေအနေရှိတယ် Hide လုပ်ဆိုပြန်တော့လည်း သူတို့နဲ့ ပါတ်သက်သမျှ သတင်းတွေ အားလုံးပျောက်သွားမှာဖြစ်သလို အဲလိုလုပ်ရင်လည်း ရှိသမျှလူအကုန်လုံး Hide လုပ်ရမယ့် အခြေအနေမှာရှိတယ်။ နောက်ဆုံးနည်းက မသုံးတော့ဖို့ပဲရှိတယ် ဒါတောင်မှမဝင်လို့တော့ မဖြစ်သေးဘူး Invite လုပ်ထားပြီးတော့ Accept မလုပ်ပြန်ရင်လည်း အိမ်မှာနေတဲ့ အမေလည်း အငြိမ်မနေရပဲ သွားတိုင်ချင်တိုင်မယ့် အခြေအနေဆိုတော့ ကြုံတဲ့အခါတော့ ဝင်ပြီးတော့ သိတဲ့လူဆိုရင် Accept လုပ်တဲ့အလုပ်ပဲ လုပ်တော့တယ်။

တကယ်တော့ကိုယ့်မှာက စာဖတ်စရာတွေက အများကြီးရှိပါတယ် လက်ရှိပိုင်ဆိုင်တဲ့ Knowledge က ဘယ်လောက်အထိပဲ သုံးလို့ရနိုင်မလဲလည်း စဉ်းစားရသေးတယ် အဲဒီတော့ စာမဖတ်ပဲဘယ်လိုမှ နေလို့လည်းမဖြစ်နိုင်ပါဘူး Social Network တွေလျှော့လိုက်တာနဲ့ အချိန်ကသိသိသာသာ ပိုပြီးထွက်လာတယ် အရင်ကဆိုရင် ရုံးပိတ်ရက်ဟာ ဘယ်လိုကုန်မှန်းမသိ ကုန်သွားတတ်တယ် အခုတော့ရုံးပိတ်ရက် သင်တန်းသွားချိန်သွားတယ် သင်တန်းပြီးတော့လည်း သူငယ်ချင်းတွေနဲ့ စကားပြော ထမင်းစားတဲ့အခါ အတူတူစား ပြန်ရောက်တဲ့အချိန် စာဖတ်စရာရှိတာဖတ် လုပ်စရာရှိတာလုပ် သူ့အချိန်နဲ့သူ အတော်လုံလောက်ပါတယ် အခုတော့ GTalk လို Messanger တွေကိုပါ အကုန်လုံး ပိတ်လိုက်တယ်။ ကိစ္စရှိရင်ဖုန်းဆက် ဒါမှမဟုတ်အီးမေးပို့ Online မြင်မလားလို့တော့ မမျှော်နဲ့လို့ ရင်းနီးတဲ့သူငယ်ချင်းတွေကို မှာထားလိုက်တော့တယ်။ အားတဲ့အချိန်ခဏပဲ Facebook ကိုခဏဝင်တယ် Twitter ကတော့ News Reader လိုသုံးဖြစ်နေတော့ အားတဲ့အချိန်ဖတ်ပါတယ် Antisocial ပဲပြောပြော ကိုယ့်အတွက်တော့ အတော်ကိုငြိမ်းချမ်းသွားတယ်။