Calm Hill My Random Thoughts

Terminology

Programming language တခုကိုလေ့လာရတာ ပထမအကြိမ်မှာ အချိန်တော်တော် ပေးကြရပါတယ် ကျောင်းတက်နေတဲ့ အချိန်မှာ ပထမဆုံး Language ကိုအကောင်းဆုံး သင်ခဲ့ကြဖို့အကောင်းဆုံးပဲ။ ပြဿနာက လူအများစုက ကျောင်းကိုအပျော်တက်ကြတာ ပျော်လို့အားရတဲ့ အချိန်ရောက်တော့ ကျောင်းပြီးတဲ့ အချိန်ဖြစ်နေပြီ မလုပ်ချင်လည်း အလုပ်ကလည်း စပြီးလုပ်ရတယ် အလုပ်လုပ်ရပြီဆိုတော့ အရင်ကမတတ်ခဲ့တာကို အရင်းအပြင်အတိုးနဲ့ပါ ပြန်သင်ရတော့ အသေအချာ မလေ့လာနိုင်တော့ဘူး ခိုင်းတာလုပ်တတ်အောင် Tutorial တွေရှာဖတ်စမ်းကြည့်နဲ့ ယက်ကန်ယက်ကန် အလုပ်ထဲကိုဝင်ရတော့တယ်။

ဘယ်လိုလူပဲဖြစ်ဖြစ် အလုပ်ထဲကို ကန်ထည့်လိုက်ရင်တော့ အချိန်အတိုင်းအတာ တခုရောက်ရင်တော့ လုပ်လက်စအလုပ်ကို လုပ်ခိုင်းလို့တော့ဖြစ်ပါတယ် ပြဿနာက ဘယ်အချိန်မှာ တက်လာပြီလဲဆိုတော့ လုပ်နေကျအလုပ်မဟုတ်ပဲ အသစ်တခုခု စမ်းသပ်လုပ်ရရင်တို့ မမျှော်လင့်တဲ့ ပြဿနာပေါင်းစုံ ရှင်းရပြီဆိုရင် ဇာတ်လမ်းကစလာပါပြီ ဘယ်ကစပြီးတော့ လုပ်ရမှန်းမသိတော့ဘူး သိတဲ့လူတွေကို မေးရမြန်းရ ရှာရဖွေရတော့မယ် တကယ်ကတော့ အဲဒီအထိက ပြဿနာမဟုတ်ပါဘူး မေးတာမြန်းတာကတော့ စနစ်တကျနဲ့ လေ့လာခဲ့တဲ့လူလည်း ဒီလိုပဲလုပ်ကြရတာပါ။

Mysteryzillian မှာဖြေပေးနေတာ အတော်ကိုကြာပြီ အများအားဖြင့် အလွယ်တကူ Search Engine မှာရှာလို့တွေ့နိုင်တဲ့ မေးခွန်းတွေလည်း ခဏခဏထပ်ပြီး မေးတာတွေ့တယ် အများအားဖြင့် Software Development နဲ့ဆိုင်တဲ့ မေးခွန်းတွေကို မပြည့်စုံတာများသလို ကိုယ်သိမယ်ထင်လို့ ဖြေချင်ရင်တောင် မေးထားတဲ့မေးခွန်းကို နားလည်ဖို့ ကြိုးစားရတာ အတော်ကြာတယ်။ အစကတော့ မရှာကြတာက ပျင်းလို့ရယ် စာမဖတ်ချင်လို့ရယ်ပဲ ထင်နေမိတာပါ။

ကြာလာတော့ ဒီလူတွေမှာ နောက်ထပ်ပြဿနာ တခုရှိတယ်လို့မြင်လာတယ်။ အခြေခံမရှိပဲ အလုပ်အတွက် လေ့လာခဲ့ရတဲ့ အခြေအနေတွေက ဒုက္ခပေးနေတာ ဖြစ်ဖို့များတယ် အဲဒီလူတွေက ကိုယ်သုံးနေတဲ့ Tools တွေ Technology တွေရဲ့ Terminology တွေကို အသေအချာမသိဘူး ဒီတော့ တခုခုဖြစ်လာလို့ ရှာရဖွေရတော့မယ်ဆိုရင် Search လုပ်ဖို့အတွက်တောင် ဘာလို့ရှာရမှန်း မသိတော့တဲ့ အခြေအနေရှိပါတယ် နားလည်တဲ့လူရှိလို့ မေးမယ်ဆိုရင် နားလည်အောင်မမေးတတ်တော့ Forum တွေမှာမေးတဲ့အခါ အတော်ပြဿနာရှိပါတယ် ကိုယ့်စိတ်ထဲရှိရာ ပုံဖော်ပြောကြတော့ ဖြေရမယ့်လူလည်း မျက်စေ့လည်လာတယ်။

တခါတခါ ကိုယ်ကမေးခွန်းကို အသေအချာဖတ်ပြီးတော့ ဘာဖြေရမလဲက အတော်လေးစဉ်းစားရတယ် အများအားဖြင့်က မေးခွန်းမှာ မေးထားတာနဲ့ ကိုယ်ဖြေရမယ့် အကြောင်းအရာ မတူတာများတယ် အဲဒါကို မေးခွန်းကို ဘာမေးတာလဲ ပြန်ပြန်မေးရင်းနဲ့ မုန့်လုံးစက္ကူကပ် ဖြေပေးရမယ်ကိုယ်လည်း ရူးချင်လာတယ်။ လက်ပူတိုက်ပြီး အလုပ်အတွက် သင်ရတဲ့အခြေအနေ ဖြစ်လာရင်လည်း အသေးစိတ် မလေ့လာနိုင်ရင်တောင် Terminology လောက်တော့ အသေအချာ ဖတ်သင့်တယ် မဟုတ်ရင်တော့ အကူအညီတောင် တောင်းလို့မတတ်တဲ့ အခြေအနေတွေ ဖြစ်ဖြစ်လာလိမ့်မယ်။