Calm Hill My Random Thoughts

Incidents in the life of a Martial Artist (2)

ကိုယ်ခံပညာတခု လေ့လာချင်တဲ့အခါဖြစ်ဖြစ် သင်ပေးနေရတဲ့အခါပဲဖြစ်ဖြစ် အမြဲတမ်းရင်ဆိုင်ရတာက ပါတ်ဝန်းကျင်ပါပဲ အများအားဖြင့် ကိုယ်သင်ယူချင်တဲ့အခါ ကိုယ့်မိဘတွေနဲ့ ကိုယ်သင်ပေးတဲ့အခါ သင်တန်းသား/သူတွေရဲ့ မိဘအုပ်ထိမ်းသူတွေနဲ့ မဖြစ်မနေရင်ဆိုင်ရတယ် တကယ်ကတော့ မြန်မာနိုင်ငံမှရယ်တော့ မဟုတ်ပါဘူး မိဘဆိုတဲ့အမျိုးက အားကစားအားပေးရင်တောင် သတ်ပုတ်နေရတဲ့ အားကစားတော့ နောက်ဆုံးဦးစားပေးပဲ အားပေးတာများတယ် ပထမတချက်က ကလေးတွေကို ခိုက်ရန်ဖြစ်မှာ စိုးရိမ်ကြတာရယ် နောက်တချက်က ဒဏ်ရာအနာတရလည်း ဖြစ်လွယ်မယ်လို့ ယူဆကြတဲ့ အချက်ရယ် ပညာရေးကို အာရုံစိုက်တာ နည်းသွားမှာကို စိုးရိမ်ကြတာရယ်က အများဆုံးဖြစ်လိမ့်မယ်။

မိဘတွေယူဆကြတဲ့ အချက်တွေက မမှားပါဘူး တကယ်လည်း စိုးရိမ်သင့်ပါတယ်။ သင်ပေးနေတဲ့ဆရာတွေဟာ သင်တန်းသားတွေအတွက် အရမ်းအရေးကြီးတယ် အတိုက်အခိုက် အသတ်အပုတ် ဖြစ်တဲ့အတွက် အနည်းနဲ့အများကတော့ လက်တည့်စမ်းရင်းနဲ့ အပြင်မှာဖြစ်လာလိုက် နောက်တော့ လက်ယဉ်သွားပြီး မကြာခဏဖြစ်ရင်း ကိုယ်ခံပညာကို အလွဲသုံးစားလုပ် နေကြတာတွေလည်း ရှိနေတာပါပဲ။ ဒါတွေအတွက်လည်း သင်ပေးတဲ့ဆရာက ထိမ်းကျောင်းရဦးမှာ အဲလိုအရေးပါတဲ့ နေရာမှာရှိတဲ့ ဆရာတယောက်ဟာ တကယ်ယုံကြည် စိတ်ချထိုက်တဲ့ အရည်အချင်းတွေ ရှိရဲ့လားဆိုတာလည်း မိဘတွေကလည်း လေ့လာသင့်တယ်။

တချိန်တုံးက Asahi အသင်းမှာ နေခဲ့တဲ့အချိန်က ဆရာကြီးဉီးကျော်ညွန့် ပြောပြခဲ့ဖူးတဲ့ စာပေဟောပြောပွဲကို သတိရမိတယ် အသင်းမှာ နာမည်ကြီး စာရေးဆရာတွေဖြစ်တဲ့ ဆရာမြသန်းတင့်နဲ့ ဆရာအောင်သင်းကို ဖိတ်ပြီးတော့ စာပေဟောပြောပွဲ တခါကလုပ်တယ်။ ဦးအောင်သင်းက ကရာတေးအသင်းက ဖိတ်တယ်ဆိုတော့ ဘာမှန်းလည်းသူမသိ ကိုယ်ခံပညာအသင်းဆိုတော့ ဘာပြောရမယ်လည်းစဉ်းစားမရ ကလေးလေးတွေပဲဆိုတော့ ယဉ်ကျေးလိမ်မာဖို့ ဟောပြောရမယ်ဆိုပြီးပဲ သင်တန်းရောက်လာတယ်။ အသင်းရောက်တော့ ကလေးတွေက အသင်းထဲဝင်လာ စက်ဘီးလေးတွေ စနစ်တကျလေးစီ ဆရာကြီးရှေ့အရင်လာ ဖိနပ်ချွတ်အလေးပြု ဆူဆူညံညံလည်းမရှိ ဟောပြောမယ့် နေရာမှာနေရာယူကြနဲ့ အဲဒါကိုကြည့်ပြီးတော့ ဒီကလေးတွေကို ကျွန်တော်က ယဉ်ကျေးလိမ္မာဖို့ စည်းကမ်းရှိကြဖို့ ဟောပြောဖို့ လိုပါ့မလားလို့ သံသယဖြစ်မိတယ်လို့ အံ့သြတကြီးနဲ့ ပြောခဲ့ဖူးတယ်။

တကယ်လို့သာ အဲဒီအချိန်က ကလေးတွေရဲ့ စည်းကမ်းသေဝပ်တဲ့ အမူအရာတွေနဲ့ရယ် ဆရာတွေအနေနဲ့လည်း သံသယဖြစ်ရာရှိတဲ့ ပညာအရည်အချင်း အကျင့်စာရိတ္တနဲ့ သက်သေပြနိုင်တာ မဟုတ်ခဲ့ပဲနဲ့ ကရာတေးပြပွဲနဲ့ အတတ်ပညာကို အံ့သြလောက်အောင် ပြခဲ့မယ်ဆိုရင်လည်း အပြင်လူဖြစ်တဲ့ ဦးအောင်သင်းကို ဘယ်လိုနည်းနဲ့မှ အသင်းအပေါ်မှာ လေးစားလာအောင် တကယ်ပဲလူငယ်တွေအတွက် တိုက်တွန်းထိုက်တဲ့ နေရာတခုဖြစ်တယ်ဆိုတာ လက်ခံလာအောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ အဲဒီလိုပါပဲ မိဘဆိုတာက အပြင်လူဖြစ်တဲ့အတွက် ဘယ်လောက်တော်တဲ့ ကိုယ်ခံပညာပါလို့ ဆွဲဆောင်ပြီးတော့နေလည်း အကျိုးမရှိပါဘူး သူတို့အတွက်ဘာမှမထူးဘူး ဒါပေမယ့် ဆရာဖြစ်သူရဲ့ အများသူငှာ လေးစားလောက်တဲ့ အကျင့်စာရိတ္တ ပညာအရည်အချင်း လက်ရှိသင်တန်းရဲ့ စည်းကမ်းသေဝပ်မှု ဒါတွေနဲ့သက်သေပြနိုင်ရင် မိဘတွေလည်းကိုယ့်ဆီမှာ ကလေးကိုသင်ခွင့်ပေးဖို့ သံသယမရှိနိုင်ပါဘူး။

ကိုယ်ခံပညာသင်တာ လူအထင်ကြီးဖို့ လိုအပ်လို့လားလို့ ပညာရှင်ဘက်က စဉ်စားတာလည်းရှိမယ် အပေါ်ယံဖြစ်ပေမယ့် တကယ်တမ်း အရေးကြီးလာခဲ့တာ အဲဒီအပေါ်ယံကြောင့်ပါ ကိုယ့်အတွက်မလိုအပ်ပေမယ့် ကိုယ်တွေလည်း လေ့လာခဲ့တဲ့အချိန်က မိဘတွေနဲ့ အတိုက်အခံဖြစ်ပြီး ဒီလိုအခက်အခဲတွေ ကျော်ဖြတ်လာခဲ့ရတာ နောင်လာနောက်သားတွေကို အဲဒီအခက်အခဲ မဖြစ်စေသင့်ဘူး တကယ်တော့ လူအထင်ကြီး လေးစားဖို့ဆိုတာ ငွေကြေးဓနနဲ့ တည်ဆောက်တာ မဟုတ်ပါဘူး အကျင့်စာရိတ္တ ပညာအရည်အချင်းနဲ့ တည်ဆောက်လို့ရပါတယ်။ ပညာအရည်အချင်းလို့ ထည့်ပြောရတာကလည်း မိဘတွေပူပန်ရတဲ့ အကြောင်းအရင်းတခုမှာ ပညာရေး ထိခိုက်မယ်ဆိုတာလည်း ပါလာတတ်တယ် ဒီကိစ္စရှင်းဖို့က ဆရာဖြစ်သူရဲ့ အတန်းပညာရေးဟာ အများကြီးအရေးပါပါတယ်။ လူဆိုတာကတော့ ဘဝအမျိုးမျိုးရှိတယ် အရာအားလုံးမပြည့်စုံတဲ့ ဆရာလည်းရှိလိမ့်မယ် ဒါပေမယ့် လူတိုင်းအညီအမျှ တည်ဆောက်နိုင်တာ အကျင့်စာရိတ္တပါ အဲဒါကတော့ မဖြစ်မနေပဲ ပိုင်ဆိုင်ရလိမ့်မယ်။

ဒီအကြောင်းအရင်းတွေ ကိုယ့်ဘဝမှာထပ်ပြီးတော့ ဖြည့်စွက်လိုက်ရလို့ အကျိုးယုတ်တာ တခုမှတော့မရှိပါဘူး ကိုယ်ခံပညာကို ထိုက်ထိုက်တန်တန် ပြန့်ပွားစေချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်အရင်ဆုံး ထိုက်ထိုက်တန်တန် တန်ဖိုးမြှင့်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ်သင်ပေးမယ့်လူတွေက ကိုယ်ခံပညာကို နားလည်လို့သင်ယူရင်တော့ အကောင်းဆုံး အခြေအနေပါ ဒါပေမယ့် အစိမ်းသက်သက်အတွက်က လူအများလေးစားလောက်တဲ့ လူတယောက်လုပ်နေတဲ့ အရာတခုဟာ အကျိုးမဲ့မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုးမပေးနိုင်ရင် နားမလည်သေးတဲ့လူတွေက ဆွဲဆောင်နိုင်ဖို့ အတော်လေးခက်ပါလိမ့်မယ် နောင်လာနောက်သားတွေ အတွက်လည်း ကိုယ့်ကိုအတုယူမိလို့ အကျိုးမယုတ်နိုင်တဲ့ လူတယောက်အနေနဲ့ တည်ရှိနေနိုင်တာ အကောင်းဆုံးပါပဲ ကိုယ်ချစ်တဲ့ အရာတခုအတွက် အရင်းအနီးကြီးကြီးရှိတတ်စမြဲပါ ကိုယ်လူအမြင်မှာ သိက္ခာမဲ့မယ့် အလုပ်တခု လုပ်ချင်ခဲ့တောင် သင်တန်းသားတွေရယ် ကိုယ်မြတ်နိုးတဲ့ အတတ်ပညာရယ်ကို အများရဲ့အမြင်မှာ ထိခိုက်မယ်ဆိုပြီး ကျောခိုင်းခဲ့တာ အများကြီး ရှိခဲ့ဖူးတာပါပဲ။