Calm Hill My Random Thoughts

Sweet Lies and Bitter Truth

ဒီရက်ပိုင်းကို ပိတ်ရက်တွေမှာ အပြင်ထွက်ဖြစ်နေတယ်။ ကျောင်းအတူတူ တက်ခဲ့ကြတဲ့ သူငယ်ချင်းတယောက် မြန်မာနိုင်ငံ အပြီးပြန်မယ်ဆိုပြီး လွန်ခဲ့တဲ့ တပါတ်ကျော်ကလည်း နှုတ်ဆက်ဖို့အတွက် မဆုံဖြစ်ကြတဲ့ သူငယ်ချင်း အတော်များများ ဆုံဖြစ်ကြတယ် သူငယ်ချင်းတွေ ဆုံမိကြတော့ ကျန်တဲ့လူတွေကလည်း ဒို့လည်း မြန်မာနိုင်ငံပြန်ပြီး အလုပ်တခု လုပ်ကြမလားဆိုပြီး စကားပြောဖြစ်ကြတော့ ဘာလုပ်ကြမလဲဆိုတော့ Private ကျောင်းတွေ သင်တန်းတွေကတော့ လတ်တလော အခြေအနေမှာ အလုပ်ဖြစ်ကြတဲ့ အခြေအနေရှိတယ်လို့ ပြောလာတော့ စိတ်မဝင်စားပါဘူးလို့ ငြင်းရတယ် ဘာလို့လဲအတင်း လုပ်နေကြတော့ မပြောချင်ပေမယ့် ပြောရတော့တယ်။

Three Wise Monkeys

Image From: http://www.dailynewscompany.com/2013/04/29/25-latest-random-mobile-wallpapers/

ကျွန်တော်တို့ အားလုံးက ပညာရေးအတွက် ကံကောင်းခဲ့ကြတဲ့ လူတွေပါလို့ ကျောင်းကောင်းကောင်းကို တက်ခွင့်ရခဲ့ကြဖူးတယ်လို့ ဒါတောင်မှ အလုပ်တခုအတွက် အာမခံချက် သေချာတယ် ပြောလို့မရသေးဘူး အထောက်အကူ တခုအနေနဲ့ပဲ ရတာမဟုတ်လားလို့ အဲလိုကျောင်းတွေရဲ့ ဝင်ခွင့်ဆိုတာက လျှောက်တဲ့လူရဲ့ အရည်အချင်းနဲ့ မမြင်ရတဲ့အရာဆို ကံကလွဲရင် ဘေးကနေ အထောက်အကူ မပေးနိုင်တာ အားလုံးသိပြီးသား Private ကျောင်းဆိုတာက ပြီးသွားလည်း လက်မှတ်တခုကလွဲလို့ ဘာမှမဖြစ်လာတာ ကျွန်တော်တို့သိတယ် တကယ်တမ်း လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ် လူအများစုက နိုင်ငံထဲက လွဲရင်ပြီးရော နိုင်ငံခြားဖြစ်ဆို ဟုတ်တာ မဟုတ်တာ သိကြတာလည်းမဟုတ် ကောင်းတယ်ပဲ ထင်ကြတော့တဲ့ အခြေအနေမှာ လုပ်ကြပြီဆိုရင်တော့ ဒီကျောင်းကပြီးရင် အလုပ်ကောင်း ရနိုင်တယ်တွေ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောကြရတော့မယ် ယုံသွားကြမယ့် လူငယ်တွေရဲ့ ဘဝအများကြီးနဲ့ ရင်းရမှာဖြစ်လို့ အဲလိုအလုပ်တော့ ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ပါဘူးလို့ပဲ ဖြေရတော့တယ်။

လွန်ခဲ့တဲ့ တပါတ်ကလည်း မြန်မာပြည်မှာ အလုပ်ရတဲ့အတွက် ပြန်တော့မယ့် သူငယ်ချင်း နောက်တယောက်နဲ့ ဆုံဖြစ်ပြန်တယ် သူပြန်တော့မယ်ဆိုတော့ သူ့မိဘတွေရော မောင်နှမတွေရော လာလည်ကြရင်းနဲ့ ပျော်စရာကြီးပါ။ ထမင်းလိုက်ကျွေးရင်းနဲ့ သူငယ်ချင်းရဲ့ အဖေဖြစ်သူရဲ့ သူတိုင်းပြည်ချစ်လို့ နိုင်ငံဝန်ထမ်း လုပ်တဲ့အကြောင်း သားဖြစ်သူလည်း အဲလိုချစ်လို့ မြန်မာပြည်ကို သူရဲ့အတွေ့အကြုံနဲ့ အလုပ်အကျွေးပြုဖို့ ပြန်မှာဖြစ်ကြောင်း အဆက်မပြတ်ပေါ့ သူတို့ကိစ္စဆိုတော့ ကိုယ်ကလည်းကန့်ကွက် စရာမှမဟုတ်တာ ဟုတ်ကဲ့ပဲ ဖြေရတာပေါ့။ ကိုယ့်အကြောင်းသိတဲ့ သူငယ်ချင်းကတော့ ဖအေဖြစ်သူရဲ့ စကားကို နားထောင်ရင်း မျက်နှာပျက်စပြုလာပြီး သိပ်မကြာပါဘူး ကိုယ့်လိုတခြားရောက်နေတဲ့ လူတွေကြောင့်ပဲ မြန်မာနိုင်ငံက ပျက်လာရသလို စကားတွေက ရောက်လာတယ်။

အဲဒါနဲ့ အန်ကယ့်ကို ကျွန်တော့် အကြောင်းပြောပြမယ်လို့ ကျွန်တော့် အဖေဖြစ်သူဟာ ဝန်ထမ်းဘဝနဲ့ပဲ ဆုံးသွားခဲ့တာပါ နိုင်ငံဝန်ထမ်းဆိုတာ ကျွန်တော့်ဘဝမှာ အထူးအဆန်း မဟုတ်ပါဘူးလို့ မြင်နေကြ ဖြစ်ရပ်တွေပါ အန်ကယ်ပြောသလို ဂုဏ်ယူစရာ ရှိသလို အန်ကယ် မပြောရဲပဲ ချန်ထားခဲ့တဲ့ သိမ်ငယ်စရာ အများကြီး ရှိတာလည်း ကျွန်တော်သိပါတယ်။ ငယ်ကတည်းက အဖေဖြစ်သူ အမြဲဆုံးမတဲ့ စကားတခွန်းက “သားကို ပညာသင်ပေးတာ အဖေတို့လို ခိုးစားရ တောင်းစားရတဲ့ ဘဝကို မရောက်စေချင်လို့ပဲ ကောင်းကောင်း မွန်မွန် ပညာသင် သင့်လျော်ရာနဲ့ အသက်မွေးပါ ငါတယောက်ပဲ အဲဒီ့ဘဝမှာ ရှိစေတော့ ဘယ်တော့မှ အဖေ့လို ဘဝကို မရောက်စေနဲ့” တဲ့ အပွင့်လင်းဆုံး စကားတခွန်းနဲ့ ဆုံးမတတ်တယ်။

နောက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လူတိုင်းကတော့ ကိုယ့်ကိုကိုယ်တော့ စကားလုံးလှလှနဲ့ တိုင်းချစ်ပြည်ချစ် အမျိုးချစ်ဆိုပြီး တန်ဆာဆင်ရတာ တကယ်ကတော့ ခွင်ကောင်းမလားလို့ မျှော်လင့်ခဲ့ကြတဲ့ လူတွေပါပဲ နာမည်ကြီးတဲ့ အစိုးရဌာနတွေမှာ ဝန်ထမ်းဖြစ်ဖို့ဆိုတာ အရည်အချင်းနဲ့ မဟုတ်ပဲနဲ့ ဘယ်လိုကြိုးစားမှ ဝန်ထမ်းဖြစ်မယ်ဆိုတာ အန်ကယ် သိတာပါပဲလို့ အန်ကယ့်သားလည်း သူ့အလုပ်နဲ့ အဆင်ပြေမယ့် အလုပ်တခုရလို့ ရလာမယ့်လခနဲ့ တန်တယ် မျှော်လင့်လို ပြန်တာက အဓိကပါ မြန်မာပြည်ကို ချစ်တဲ့အရာ အလုံးလည်း မမြင် အပြားလည်း မမြင်ပါဘူးလို့ ဒါပေမယ့် ဘာပဲလုပ်လုပ် နိုင်ငံတော်အတွက်လို့ စကားလုံးကြီး ခံထားရင်တော့ လူကြားလို့ တင့်တယ်တာပေါ့လို့ ပြောတော့ အန်ကယ်ကြီးလည်း နာလိုခံခက် သူငယ်ချင်းဖြစ်သူ မျက်နှာလည်းရှိ ပြောပြီးမှတော့ ဆက်နေလို့လည်း မသင့်တော့လို့ နှုတ်ဆက်ပြီး ပြန်ခဲ့ရတယ်။

ကိုယ်ပြောတဲ့ စကားတွေက လူတွေနဲ့ သိပ်ပြီးတော့ သဟဇာတ မဖြစ်မှန်း သိပါတယ် ကိုယ်လည်း လူကောင်း သူကောင်း မဟုတ်ပါဘူး လိမ်ပြောတတ်တဲ့ လူတစ်ယောက်ပါပဲ ဒါပေမယ့် လူအထင်ကြီးမယ့် စကားတွေ တန်ဆာဆင်ပြီးတော့ လိမ်ပြောတဲ့ အတတ်ပညာ သင်ဖို့အတွက် မကြိုးစားခဲ့ဖူးဘူး။ လူဆိုတာ မုသာဝါဒကို ရွံတယ်ဆိုပြီးတော့ နောက်ကွယ်မှာတော့ တန်ဆာဆင်ထားတဲ့ မုသားတွေကို အင်မတန် တပ်မက်ကြတာပဲ။ ငယ်တုံးကဖတ်ဖူးတဲ့ “မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ” ဆိုတဲ့ စာရေးဆရာ နန္ဒသိန်းဇံရဲ့ စာအုပ်ကို သတိရတယ် ကိုယ့်ကိုကိုယ်လည်း မလိုအပ်ပဲ စကားမပြောမိဖို့ အမြဲသတိထားရဦးမယ်။