Calm Hill My Random Thoughts

Applied Irimi

ညနေပိုင်း ရုံးကနေအိမ်ကို ပြန်လာတော့ ရထားကအတော်လေး လူကြပ်တယ် Woodlands ရောက်တော့ လူပိုကြပ်တယ် တက်လာတဲ့လူတွေထဲမှာ အခြောက်တယောက်ကလည်း ပါလာလေရဲ့။ အခြောက်လို့သာ ပြောရပါတယ် ကနွဲ့ကလျဆိုပေမယ့် လူခန္တာကိုယ်ကတော့ ကျားကိုးစီး စားမကုန်ဆိုသလို အရွယ်အစားမျိုးနဲ့ပါ အဲဒါရထားပေါ် တက်လာကတည်းက အတင်းတိုးတော့တာပဲ ကိုယ်လည်း အစကတော့သတိ မထားမိပါဘူးလေ ကိုယ့်ဂိမ်းနဲ့ကိုယ် ရထားဘယ်လောက် ကြပ်ကြပ်ပါ ဂိမ်းကတော့ ရအောင်ကစားတယ် ဘယ်သူဘယ်လောက် တိုးနိုင်တိုးနိုင် ကိုယ်ကိုင်ထားတဲ့ iPad နဲ့ ဗိုက်ထောက်သွားရင် တိုးမှမရတော့တဲ့ဟာ။

Sembawang လောက်ကျော်တော့ ဂိမ်းတပွဲပြီးလို့ ပါတ်ဝန်းကျင်ကြည့်တော့ လူလည်းသိပ်မကြပ်တော့ဘူး ကိုယ့်ပါတ်လည်က ယောက်ျားတွေအကုန် ဘေးကိုရှဲကုန်ကြပြီ။ ဟမ်… ဆိုပြီးသတိထားမိတော့ သကောင့်သားက ဘေးပါတ်လည်က ယောက်ျားလေးတွေကို အကုန်လှည့်တိုးနေတာကိုး စလုံးကလူတွေကလည်း သူတို့အသားထိတာ လုံးဝသည်းခံတာ မဟုတ်တော့ ရထားနည်းနည်း ချောင်တာနဲ့ဘေးကို ပြေးကြတော့တာ ကိုယ့်မှာသာ ဂိမ်းနှိပ်လွန်ပြီးတော့ အခြောက်တယောက်ရဲ့ သတ်ကွင်းထဲမှာ ကျန်နေခဲ့မှန်း သိရတော့တယ် ရထားမကြပ်တော့ အတင်းတိုးမရတော့ ရထားဆောင့်တိုင်း ကိုယ့်ဆီကို တိုးလာပြန်တယ်။ ရောက်ခါလည်း နီးပြီဆိုတော့ ဘာမှလည်း မပြောချင်တော့ ကိုယ့်ဟာကိုယ်ပဲ နည်းနည်းလှမ်းအောင် ခွာပြီးတော့ရပ်လိုက်တယ်။

ဘေးနားလူ တချို့ကလည်း အကဲခပ်နေကြတယ် အကဲခပ်ကြမှာပေါ့ စောစောက သူတို့ကကိုယ့်လို ဖြစ်ပြီးနေပြီကိုး ကိုယ့်မှာသာ ဂိမ်းကိုမဲနေတာနဲ့ စက်ကွင်းထဲကရောက်နေတာ။ ကိုယ်ရွှေ့လိုက်ပြီးလည်း အနားမသိမသာ ရောက်လာနဲ့ ကိုယ်ကနည်းနည်းထပ် ထပ်ရွှေ့လိုက်ရနဲ့ သံသရာလည်နေတုံး အီးမေးတခုဝင်လာလို့ ဖုန်းကိုဖွင့်ပြီး ကြည့်လိုက်မိတဲ့အချိန် ရထားထပ်ဆောင့်တာနဲ့ သကောင့်သားက သူ့ဂွင်ထဲရောက်ပြီဆို ထုံးစံအတိုင်း အားရပါးရ ပြေးဝင်အလာမှာ ကိုယ်ကသူ့ဘက်ကို ခြေတလှမ်းရွှေ့ပြီး ဖြစ်သွားလေတော့ ကိုယ့်ကိုဝင်တိုက်ပြီး သူ့ဟာသူပဲ နောက်ပြန်လဲပါတော့တယ်။ ဝုန်းကနဲ အသံကြားတော့ ဘေးနားကလူတွေက အားရဝမ်းသာနဲ့ ဝိုင်းကြည့်ကြ သူ့ဟာသူရှက်ရှက်နဲ့ ပြန်ထပြီးတော့ ရထားဒေါင့်တနေရာ သွားရပ်ပြီးတော့ ငြိမ်သွားတော့တယ်။

ခန္တာကိုယ် အရွယ်အစားလည်း ကွာတဲ့အတွက် ဘယ်သူကမှတော့ ကိုယ့်ကြောင့် လဲတယ်တော့ မထင်မိကြဘူး တကယ်ကတော့ တမင်လုပ်တာ မဟုတ်ပေမယ့် မတော်တဆတော့ မဟုတ်ဘူးဆိုရမယ်။ Aikido မှာ နည်းစနစ်အရ ရန်သူရဲ့အင်အားကို လွှဲယူသွားပြီးတော့ ကိုယ်လိုချင်သလို ထိမ်းချုပ်တဲ့နည်းစနစ် (Tenkan) နဲ့ တိုက်ခိုက်လာတဲ့ရန်သူ ကိုယ့်ဆီမရောက်ခင် ကိုယ်ကသူ့ဆီကို တိုးဝင်သွားတဲ့နည်းစနစ် (Irimi) ဆိုပြီးတော့ အမျိုးအစား ၂ခုပဲရှိတယ်။ ကိုယ်ကဖုန်းဆီ စိတ်ကရောက်နေတော့ သတိမထားမိတော့ဘူး ဒါပေမယ့် ကိုယ်ရှောင်ချိန်မရတဲ့ အရာတခုဝင်လာတာ သိလိုက်တဲ့အချိန် အလေ့အကျင့်အရ သူ့ဘက်ကိုလူကို ရွှေ့လိုက်မိပြီးပြီ တကယ်ကတော့ ခြေလှမ်းဝက်ပဲ ကြိုရွှေ့လိုက်ရတာပါ။ လူတယောက်အနေနဲ့ လှမ်းလိုက်တဲ့ ခြေထောက်တဖက် မြေပေါ်မချမိခင် အချိန်လေးမှာ အရာတခုကြားခံတာနဲ့ ပြင်းပြင်းထန်ထန်လဲမှာ အဲဒါ Irimi ရဲ့အခြေခံအကျဆုံး လှုပ်ရှားမှု့ပါ။ Yoshinkan Aikido မှာ ယုတ္တိမရှိဘူးလို့ ထင်ရတဲ့ Irimi နည်းစနစ် တမျိုးရှိတယ် တခါက Yoshinkan Style ဆရာတယောက်ကို Uke လိုက်ပေးဖူးမှ ကြောက်စရာ ကောင်းသလို လုပ်နိုင်ဖို့လည်း အင်မတန်ခက်မှန်း နားလည်ရဖူးတယ်။

မရည်ရွယ်ပေမယ့် ဖြစ်သွားတော့ စိတ်မကောင်းပါဘူး အဲဒါနဲ့ ဆောရီးပါပဲလို့ပြောတော့ လူပေါက်စလေးကို ဝင်တိုက်တာ လဲသွားကတည်းက အတော်လေး လန့်သွားပုံရတယ် သူ့ကိစ္စနဲ့သူ ရန်လည်းလုပ်မရတော့ ပေစောင်းစောင်းနဲ့ ထွက်သွားတယ်။ Bishan ရောက်တော့ ကိုယ်လည်း ရထားပေါ်က အဆင်းမှာ မောင်မင်းကြီးသား မကျေမနပ်နဲ့ ဖုန်းထဲကနေ အတင်းတုတ်နေတာ အသံကြားလိုက်မှ ခေါင်းနားပန်းကြီးသွားတာက အခြောက်က စလုံးအခြောက်မဟုတ်ပဲ မြန်မာဖြစ်နေလေရဲ့ အဲဒါနဲ့ ရထားပေါ်မှာ ဖုန်းမပြောမိတာ ကံကောင်းတယ်လို့ ယူဆလိုက်ရတယ် ကိုယ့်ကို တခြားလူမျိုးထင်လို့ ပြန်မပြောတာလည်း ဖြစ်ကောင်းဖြစ်မယ် မဟုတ်လား မြန်မာဆိုတာသိပြီး နောက်ကနေ လိုက်လာရင် ဒီတခါတော့ Irimi လည်း ကယ်နိုင်မယ်မဟုတ်ဘူးဆိုပြီး ရထားပေါ်က အမြန်ဆင်းပြေးခဲ့ရတယ်။