Calm Hill My Random Thoughts

Duck and Orange Stew

အလုပ်ရယ် သင်တန်းရယ်နဲ့ နပန်းသတ်နေပြီးတော့ ကိုယ်တိုင်လည်း ကောင်းကောင်းမွန်မွန် ချက်ပြုတ်မစားနိုင်တာ အတော်လေးကြာပါပြီ ဖြစ်သလိုချက်ရင်ချက် အပြင်မှာပဲစားချင်စားနဲ့ ဖြစ်လာတာကြာပြီ တခါတခါတော့လည်း အေးအေးချမ်းချမ်း ကျောင်းသားဘဝကို ပြန်ပြီးသတိရမိတယ်။ ဒီတပါတ်တော့ တိုက်တိုက်ဆိုင်ဆိုင် စနေနေ့သင်တန်း ပိတ်တာနဲ့ကြုံလို့ သောကြာနေ့ရုံးအပြန်မှာ စျေးဝင်ဝယ်ရင်းနဲ့ ဘဲပေါင်တွေတွေ့တာရယ် တရုတ်နှစ်ကူး ပြီးကာစဆိုတော့ လိမ္မော်သီးတွေလည်း လှတာတွေ့တာနဲ့ ဘဲသားနဲ့လိမ္မော်သီး ချက်မယ်လို့ အကြံအစည်ရပြီးတော့ ဝယ်လာခဲ့တယ်။

Duck and Orange Stew

ဘဲလိမ္မော်ပေါင်း ချက်ဖို့အတွက် ပါဝင်ပစ္စည်းတွေက

  1. ဘဲသား
  2. လိမ္မော်သီး
  3. ဂျင်း
  4. ကြက်သွန်မြိတ်

ဘဲလိမ္မော်ပေါင်းဆိုတော့ နည်းနည်းထူးဆန်းနေမယ် တကယ်ကတော့ ချက်ရပြုတ်ရတာ အတော်ကိုလွယ်ပါတယ်။ ဘဲဟာသဘာဝအားဖြင့် အဆီများပါတယ် ကျန်းမာရေးအတွက် အရင်ဆုံးအနေနဲ့ ဘဲသားမှာပါတဲ့ အဆီတွေကို အနည်းနဲ့အများ လျှော့ဖို့လိုတယ်။ ပထမဆုံးအနေနဲ့ ဘဲသားတွေကို ဆား၊ ငရုပ်ကောင်း၊ ဂျင်းနဲ့ နယ်ထားရမယ်။ ပြီးရင်တော့ ဆီအိုးကင်းကပ်နဲ့ အရေခွံတင်းလာအောင် ကြော်ပေးရမယ် ၃−၄ မိနစ်လောက်နေရင် အညိုရောင်သမ်းလာပြီး ဘဲမှာပါတဲ့အဆီတွေ အရည်ပျော်လာလိမ့်မယ် လှလှပပဖြစ်ချင်ရင်တော့ အရောင်ညီအောင် လှည့်ပြီးကြော်ပေးပေါ့။

Browned Duck

ကြော်ပြီးပြီဆိုရင်တော့ ဘဲလိမ္မော်ပေါင်း စတင်ဖို့အတွက် ပါဝင်ပစ္စည်းတွေဖြစ်တဲ့ လိမ္မော်သီးကို အကွင်းလိုက်လှီးရမယ် လိမ္မော်ခွံဟာ ဘဲနံ့မထွက်အောင်ရယ် အသုံးဝင်တဲ့အတွက် အခွံမခွာပါဘူး နောက်ပြီးတော့ ဂျင်းကိုနုတ်နုတ်စင်းရမယ် ကြက်သွန်မြိတ်ကို အရင်းပိုင်းတွေကို လက် ၂ ဆစ်လောက်အရွယ် ရှည်ရှည်ဖြတ် အဖျားပိုင်းတွေကို အလှဆင်ဖို့အတွက် သေးသေးလှီးထား။

Preparing Duck

ဒါတွေပြီးပြီဆိုရင်တော့ ဘဲပေါင်းအတွက် စတင်ဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ။ အရင်ဆုံး အရောင်ညိုထားတဲ့ ဘဲသားတွေကို အိုးထဲမှာစီထည့် အပေါ်ကနေ ဂျင်းကိုထည့်ရမယ် နောက်တထပ်အဖြစ် အကွင်းလိုက်လှီးထားတဲ့ လိမ္မော်သီးကိုထည့် ပြီးရင်တော့ အပေါ်ဆုံးကနေ ရှည်ရှည်လှီးထားတဲ့ ကြက်သွန်မြိတ် အရင်းပိုင်းတွေထည့် နောက်ဆုံးအနေနဲ့ ဘဲသားမြုတ်ရုံလောက် ရေထည့်ပြီးရင်တော့ ပေါင်းဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ။

Slow Cooker ရှိရင်တော့ ပိုအဆင်ပြေတယ် Low Heat နဲ့ ၂ နာရီလောက် ပစ်ထားလိုက်ရင် အချိန်တန်တော့ ကျက်နေပြီပေါ့ အိမ်မှာတော့ Slow Cooker မရှိတာနဲ့ ထမင်းပေါင်းအိုးက Soup Setting နဲ့ချက်လိုက်တယ် အဲဒါတွေက မရှိမဖြစ်တော့ မဟုတ်ပါဘူး မီးဖိုပေါ်မှာပဲ မီးအေးအေးနဲ့ ၂ နာရီလောက် တည်ထားလိုက်ရင် အဆင်ပြေပါတယ်။ ကျက်ခါနီးမှာ ဟင်းရည်ကို ဆားနည်းနည်းမြည်းပြီး လိုတယ်ထင်ရင် နည်းနည်းထည့်။ ကျက်သွားပြီဆိုရင်တော့ ကြက်သွန်မြိတ် သေးသေးလှီးထားတာကို ဖြူးပြီးရင်တော့ စားဖို့အတွက် ဘဲလိမ္မော်ပေါင်း အဆင်သင့်ဖြစ်ပါပြီ။