Calm Hill My Random Thoughts

Definitions of Educated Person

ပညာတတ်ဆိုတဲ့ စကားလုံးဟာ ပြောရတာလွယ်ပေမယ့် အဓိပ္ပာယ်ဖွင့်ရ အခက်အခဲရှိတယ်။ ဘယ်လိုလူကို ပညာတတ်ဆိုသလဲမေးရင် ဘွဲ့ရတဲ့လူကို ပညာတတ်လို့ ခေါ်တယ်ဆိုရင် တကယ်တတ်တာ မတတ်တာနောက်ထား လက်ဆုပ်လက်ကိုင် ဘွဲ့လက်မှတ်ရှိကြတဲ့ လူတစုကတော့ ရှေ့ဆုံးကနေ ထောက်ခံကြမယ် ပညာတတ်ဆိုရခြင်းမှာ ဘွဲ့ရခြင်းမရခြင်းနဲ့ မသက်ဆိုင်ဘူး အကြောင်းအကျိုး ဆက်စပ်ပြီးတော့ ဝေဖန်ပိုင်းခြားနိုင်စွမ်းလို့ ဖြေမယ်ဆိုရင်တော့ ဘွဲ့ရတဲ့လူတွေက အခွင့်ထူးခံအဖြစ် ပါခွင့်မရတော့ အင်တင်တင်ဖြစ်ပေမယ့် ဘွဲ့မရခဲ့ကြတဲ့ လူတွေကတော့ အနည်းဆုံးတော့ တန်းညှိလို့ရတယ်ဆိုပြီး ရောင်တော်ပြန်နဲ့ ရောလွှတ်လို့ရတော့ ထောက်ခံကြမှာပေါ့။

ကိုယ့်ကိုမေးလာရင်တော့ မေးတဲ့လူကို မေးချင်တဲ့ အဓိပ္ပာယ်ကို ပြန်မေးပြီးမှပဲ အဖြေကတော့ အမျိုးမျိုးပြောဖြစ်မယ်။ ပညာဆိုတဲ့နေရာမှာ ဝိဇ္ဇာသိပ္ပံ အတတ်ပညာ အသက်မွေးဝမ်းကျောင်း အတတ်ပညာလို့ ဆိုလိုမယ်ဆိုရင်တော့ သူတို့သင်ယူခဲ့တဲ့ တက္ကသိုလ် အမျိုးအစားကနေ ရရှိလာခဲ့တဲ့ လက်မှတ်အမျိုးမျိုး အဆင့်တန်း အမျိုးမျိုးအပေါ် မူတည်ပြီးတော့ ဘယ်လောက် အတိုင်းအတာအထိ တတ်မြောက်သလဲ အခြေခံအားဖြင့် ခွဲခြားလို့ရတယ် Formal Education အခွင့်အလမ်းမရခဲ့တဲ့ လူတွေများဖြစ်ရင် လုပ်ဆောင်ခဲ့တဲ့ Portfolio တွေကို အခြေခံအကဲခတ်ပြီးလို့ ဖြေဖြစ်လိမ့်မယ်။ ပညာဆိုတဲ့အရာကို ဆင်ခြင်တုံ တရားလို့ အဓိပ္ပာယ်ဖွင့်ရင်တော့ ရရှိထားတဲ့ လက်မှတ်အပေါ် အလုပ်အတွေ့အကြုံအပေါ် အခြေမခံပဲနဲ့ တဦးတယောက်ချင်းရဲ့ အပြောဆို အတွေးအခေါ် အဆုံးအဖြတ် အပေါ်မှာပဲ အကဲခတ်ပြီးမှ အခြေခံမယ်လို့ ဖြေဖြစ်ပါလိမ့်မယ်။

တက္ကသိုလ်တခုက ဘွဲ့ရရှိလာပြီးတဲ့ အသိပညာရှင် အတတ်ပညာရှင် တယောက်ဟာ အကောင်းအဆိုး ဆန်းစစ်တတ်နိုင် ဆင်ခြင်တုံတရား တွဲလျက်မရှိလာဘူးလား မေးရင်တော့ အင်မတန်ရှင်းလင်းတဲ့ အဖြေတခုရှိပါတယ် ယေဘုယျအားဖြင့် အခြေခံပညာရေးမှာ ပညာသင်ကြားရခြင်းရဲ့ အခြေခံအကျဆုံးက အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ရေး ဖြစ်ပြီးတော့ အဆင့်မြင့်ပညာဟာ အဲဒီအခြေခံအုတ်မြစ်ပေါ်မှာ ဆက်လက်ပြီးတော့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် ငယ်စဉ်ကတည်း အဓိကအကျဆုံး အုတ်မြစ်တည်ပေးဖို့ ပျောက်ဆုံးနေတဲ့ အင်မတန်မှပဲ ပျက်ယွင်းနေတဲ့ ပညာရေးစနစ်နဲ့ အရွယ်ရောက်ခဲ့ကြရလို့ တွဲလျက်ရှိရမယ့် အရာနှစ်ခုဟာ တခုစီအနေနဲ့ အမြင်ဖြစ်လာပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တာပါ တကယ်တော့ ဖြေဖို့အတွက် လိုအပ်လာစရာကို အကြောင်းမရှိသင့်ပါဘူး။

ဆင်ခြင်တုံတရားမှာ သူတပါးရဲ့ လုပ်ဆောင်ချက်ကို အကောင်းအဆိုး မဝေဖန်ခင်မှာ ကိုယ့်ရဲ့ကိုယ်ပိုင် စွမ်းအားကို အကဲဖြတ်နိုင်စွမ်းဟာ အခြေခံအကျဆုံး ဖြစ်လိမ့်မယ်။ ဆရာဝန် ဝတ္ထုရေးတယ် အင်ဂျင်နီယာ ပွဲရုံဖွင့်တယ် ကျောင်းဆရာမ ကျောက်ပွဲစားလုပ်တယ် ကိုယ့်အလုပ်ကို လုပ်လို့မရကြတဲ့ ပါတ်ဝန်းကျင်မှာ လူလားမြောက်ခဲ့ရတော့ အင်မတန် လွဲမှားနေတဲ့ ဖြစ်ရပ်တွေတောင် ထူးဆန်းတယ် မထင်မိကြတော့ဘူး ပိုဆိုးလာတာက ကိုယ်နဲ့ဆိုင်တာ တသက်လုံးမလုပ်ခဲ့ရပဲ မဆိုင်တာပဲ လုပ်လာခဲ့ရတော့ ဆေးမြီးတိုလောက် သိရင်ဖြင့် ကိုယ့်ရဲ့မူလ နေရာကိုမေ့ပြီး နေရာစုံဝင်စွက် စွယ်စုံဂုရုလို့ အထင်ရောက်တဲ့လူ အချိန်နဲ့အမျှ ပိုများလာတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ကိုယ်တကယ် ကျွမ်းကျင်တဲ့နေရာ လွဲနေတယ်လို့ ကိုယ်တိုင် နားမလည်နိုင်သ၍ ပညာတတ်ဆိုတဲ့ လူတန်းစားဟာ တကယ်မရှိလာ နိုင်သေးပါဘူး။

မှတ်မိသလောက် လွန်ခဲ့တဲ့ ၃ လလောက်က ကောင်လေးတယောက်က သူတို့တက္ကသိုလ်ကို ကိုယ်သာပြောင်းလဲခွင့် ရခဲ့မယ်ဆိုရင် ဘာတွေလုပ်မလဲလို့ မေးလာတာရှိတော့ အရှင်းလင်းဆုံး ရေးပေးခဲ့တာက ကိုယ်မကျွမ်းကျင်တဲ့အလုပ် လုပ်မှာမဟုတ်တဲ့အတွက် အဲဒီအခွင့်အရေး ဘယ်တော့မှလည်း ရမှာမဟုတ်ပါဘူးလို့ ရေးထားခဲ့လိုက်တယ်။ သူငယ်ချင်းတယောက်က လူငယ်တယောက် သိချင်တာကို ဘာလို့အဲလိုဖြေလဲတဲ့ မင်းအဲလိုရေးတော့ နောက်အကြံပေးမယ့်လူတွေ ဆက်မပြောတော့ပဲ တန့်ကုန်ပြီလို့ ပြောလာပြန်တယ်။

အဲဒါနဲ့ မင်းရောငါရော ကောင်းကောင်းမွန်မွန် ပညာသင်ခဲ့ရဖူးတယ် ဒါပေမယ့် ဒို့ပညာသင်ဖူးတဲ့ နေရာမျိုးတခု မင်းစီမံအုပ်ချုပ် ဖန်တီးနိုင်တယ်လို့ ယုံကြည်ချက် ဘယ်လောက်ရှိလဲလို့ မဖြစ်မနေ အခြေအနေ လက်ထဲ ရောက်လာလို့ မဖြစ်မနေလုပ်ရမယ် ဆိုတာကလွဲရင် ကိုယ်ကယ်တင်ရှင် ဖြစ်ချင်လို့တော့ Risks တွေအများကြီး ရှိမှန်းသိသိနဲ့ အလောင်းအစား မလုပ်တာ အကောင်းဆုံးပါ။ ရုပ်ရှင်ထဲမြင်ဖူးတာ သူများပြောတာ ကြားဖူးတာတွေ ကြုံခဲ့ဖူးတာတွေ အခြေခံပြီး တကယ်တမ်း အကောင်အထည်ဖော်ဖို့ လုံလောက်တယ်လို့ အထင်ရောက်နေတဲ့ လူတွေကို လက်ခုပ်တီးမယ့်အစား ငါတော့ ဗီလိန်ပဲ အဖြစ်ခံပါရစေ မသိတဲ့လူပြောတာကို မတတ်တဲ့လူတွေက အမှန်ထင်ပြီး အကောင်အထည် ဖော်ကုန်ကြရင် မခက်ပေဘူးလားလို့ ပြန်ပြောဖြစ်တယ်။

မိမိကိုယ်မိမိ သုံးသပ်နိုင်စွမ်းပြီးရင် ဆင်ခြင်တုံတရားမှာ နောက်ထပ် အရေးကြီးတဲ့ အချက်တခုက ဘယ်အရာပဲဖြစ်ဖြစ် မူလစေတနာတခုကို အခြေခံပြီးတော့ မျက်လုံးစုံမှိတ် ထောက်ခံမပေးမိဖို့နဲ့ တပါးသူအမှားကို ကိုယ့်အမှားအတွက် အကာအကွယ်မယူမိဖို့ပဲ။ မူလစေတနာတခုကိုပဲ အခြေခံပြီးတော့ ထောက်ခံမယ်ဆိုရင်တော့ ဘယ်အရာမှ ကန့်ကွက်ဖို့မရှိတော့ပါဘူး အပ်ပုန်းတယောက် ဆေးကုနေတာတွေ့လို့ သေအံ့မူးမူး လူနာတယောက်အတွက် လက်သမားတယောက် လက်ထဲကိုထည့်မယ် ဆိုကြပါစို့ လူနာသေမယ့်အရေးက အတူတူပါပဲ ဖြစ်ရပ် ၂ ခုလုံးဟာ ကန့်ကွက်ရမယ့်အရာပါ ဒါပေမယ့် မူလစေတနာအရကတော့ လက်သမားလည်း လူနာအသက်ရှင်စေချင်သလို အပ်ပုန်းလည်း လူနာကို အသက်မဆုံးစေချင်ဘူး။ လက်သမားဆေးကုလို့ လူနာအသက်ဆုံးတဲ့အခါ လက်သမားအနေနဲ့ အပ်ပုန်းကုလို့ သေတဲ့လူတွေရှိနေသ၍ သူကုလို့အသက်ဆုံးတာ အပြစ်မရှိဘူးလို့ အကာအကွယ်ယူမယ်ဆိုရင် လက်ခံနိုင်ကြမလား။

The meaning of Educated

Image From: http://pixabay.com/en/cattle-australia-victoria-landscape-63729/

ဆင်ခြင်တုံတရားဟာ Rationalism လို့ယူမယ်ဆိုရင် အဲဒီအရာ ပျောက်ဆုံးနေတဲ့ အရပ်တွေမှာအများဆုံး ကြီးစိုးတာက စိတ်ခံစားမှု့နဲ့ဆုံးဖြတ်တဲ့ Emotivism ဖြစ်လိမ့်မယ်။ မိမိပါတ်ဝန်းကျင်ကိုကြည့်ပါ မိမိကိုယ်ကိုကြည့်ပါ ဒီလိုဖြစ်ရပ်တွေ နေ့စဉ်နဲ့အမျှ ဘယ်လောက်ရှိနေသလဲ မိမိကိုယ်တိုင်ရော Emotivism မှာဘယ်လောက် ပါဝင်နေမိသလဲ သုံးသပ်ကြည့်ရင် အများကြီးတွေ့လိမ့်မယ် Rationalist ဟာ ဗီလိန်အဖြစ်နဲ့ ရှိကောင်းရှိလိမ့်မယ်။ Politic မှာကတော့ Emotivist တွေဟာ တိရိစ္ဆာန်တွေလိုပဲ ထိမ်းလို့ကျောင်းလို့လွယ်တယ် ချော့သင့်တဲ့အချိန်ချော့ ခြောက်သင့်တဲ့အချိန်ခြောက် ငြိမ်ငြိမ်နေစေချင်တဲ့အခါ အစားအစာလေး နည်းနည်းကျွေးထား ကိုယ်လိုချင်သလို ပုံသွင်းလို့ရတယ် ဘယ်တော့မဆို တဘက်မှာပဲနေတယ် အဲဒီတော့ အင်မတန် အသုံးတည့်ပြီး အသုံးချလို့ရတယ်။

အဆုံးသတ်ရရင်တော့ ပညာတတ်ဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ ဝိဇ္ဇာသိပ္ပံ အတတ်ပညာတွေ အတွက်ကတော့ သင့်လျော်တဲ့ အတန်းပညာတတ်ရမယ် ကျောင်းမှာပညာသင်တာ အချိန်ဖြုန်းတာတော့ မဟုတ်ပါဘူး ရှေ့လူတွေထားခဲ့တဲ့ ရှာဖွေတွေ့ရှိမှု့တွေကို အချိန်တိုအတွင်း လက်ဆင့်ကမ်းယူတာ အကောင်းဆုံး အသိဉာဏ်လက်ဆင့် ကမ်းခြင်းတမျိုးပဲ။ အတန်းပညာ မသင်လိုက်ရလို့ သင်ခွင့်မရလိုက်လို့ ပညာတတ်မဖြစ်တော့ဘူး အားငယ်စရာမလိုအပ်ပါဘူး အရေးအကြီးဆုံးဖြစ်တဲ့ ဆင်ခြင်တုံတရားရှိတဲ့ ပညာတတ်မျိုး ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပြီးတော့ ဖြစ်နိုင်ပါသေးတယ် တခုတော့ရှိတယ် ဆင်ခြင်တုံတရားရှိလို့ လူအများအမြင်မှာ ဟီးရိုးဖြစ်ချင်မှဖြစ်မယ် ဗီလိန်တော့ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်ပေါ့။