Calm Hill My Random Thoughts

နည်းနည်းလေးတော့လွဲနေမယ် (၁)

ရွေးကောက်ပွဲရှိလို့ မဲပေးဖို့ရယ် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲရှိတာရယ်နဲ့ ခွင့်ယူပြီးတော့ နိုဝင်ဘာလ ပထမပတ်မှာ မန္တလေးကို ခဏပြန်ခဲ့တယ်။ တကယ်ကတော့ အတူနေတဲ့ ညီမဖြစ်သူနဲ့ တူတူပြန်ရမယ့်ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ အိုက်ကိဒိုပြပွဲတခုရှိလို့ ဆရာဖြစ်တဲ့လူကို ကူမယ့်လူနည်းနေတာနဲ့ ဆရာဖြစ်သူကိုအားနာလို့ ပွဲပြီးတဲ့အထိ နေပေးလိုက်ပြီးတော့ ၂ ရက်နေ့မှပဲ အချိန်ကပ်ပြီးတော့ ၁ ယောက်ထဲပြန်လာခဲ့တယ်။ စင်္ကာပူကနေ ရန်ကုန်အထိ ချောချောမောမောပါပဲ အချိန်လည်းတိတိကျကျ ရောက်လာပြီးတော့ ရန်ကုန်ရုံးက မန်နေဂျာအစ်ကိုကြီးက မန္တလေးကိုဆက်သွားဖို့ လက်မှတ်တွေလာပေးတယ် အသွားနဲ့အပြန်ကို လေကြောင်းလိုင်း ၁ ခုစီဝယ်ထားပေးတယ်။ မန္တလေးကို အသွားအတွက်ကို Asian Wings နဲ့ Check-In ဝင်ပြီးတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပါပဲ ၁ နာရီခွဲ နောက်ကျမယ်ဆိုတော့ အပြင်လည်းပြန်ပြီး မထွက်ချင်တာနဲ့ လေဆိပ်ထဲမှာပဲ ထိုင်စောင့်နေလိုက်တယ် အဆင်မပြေတာက နေ့လည်စာပဲ အပေါ်ထပ်တက်ကြည့်တော့ သိပ်လည်းမစားချင်တာနဲ့ အောက်ပြန်ဆင်းလာခဲ့တယ်။ လေယာဉ်က ထင်တာထက်ကို ပိုပြီးတော့နောက်ကျတယ်။

လေယာဉ်ရောက်တော့ လူတွေကလည်း ကိုယ့်လိုပဲ ဗိုက်ဆာပြီဖြစ်မှာပေါ့ အလုအယက်တန်းစီ ကိုယ့်နောက်ဆုံးမှာ လေယာဉ်ပေါ်တက်ဖို့ ဖယ်ရီပေါ်လည်း လူတွေရောက်ရော ဖယ်ရီကားကြီးက စက်ရပ်သွားပြီးတော့ ဘယ်လိုမှကို နှိုးလို့မရတော့ နောက်ကားတစီး ထပ်ပြောင်းရတယ်။ လေယာဉ်ပေါ်ရောက်တော့ ကိုယ့်ထိုင်ခုံဘေးက တရုတ်ကြီးက သူ့အိတ်တွေရော ကိုယ့်ခုံအောက် သွပ်ထားတော့ ဒူးလည်းချမရ အဲဒါနဲ့ ဟေ့လူ ခင်ဗျားအိတ်တွေ ထုတ်ကွာဆိုပြီးရစ်တော့ သကောင့်သားက တရုတ်လိုကလွဲရင် ဘယ်ဘာသာမှ မပြောတတ်တဲ့ တရုတ်ဖြစ်နေတော့ လေယာဉ်မယ်ကို ခေါ်ရှင်းမယ်ဆိုလုပ်နေတုံး နောက်ထပ်နိုင်ငံခြားသား ၁ ယောက် ထပ်ရောက်လာပြီး သူနဲ့ကိုယ်နဲ့က ခုံနံပတ်တိုက်နေပြန်တော့ ဘယ်လိုမှရှင်းမရတဲ့နောက် လေယာဉ်မယ်ရောက်လာပြီး ကိုယ့်ကိုနေရာ ရွှေ့ပေးပါဆိုတာနဲ့ တခြားကိုရွှေ့ပေးလိုက်တယ်။ ကိုယ်တောင်ဒူးမလွတ်တာ ကိုယ့်ထက် အရပ်က ၁ ဆခွဲလောက် ရှည်တဲ့လူက ဘယ်လွတ်မလဲ တရုတ်ကြီးနဲ့ နိုင်ငံခြားသား ခြေဟန်လက်ဟန်နဲ့ ဆက်ပြီးတော့ ရန်ဖြစ်နေတာ အသံသဲ့သဲ့တော့ ဆက်ကြားနေမိသေးတယ်။ ဗိုက်လည်းဆာတော့ ထမင်းလေးတော့ မြန်မြန်ကျွေးပါလို့ လေယာဉ်မယ်ကို အသနားခံလိုက်ရသေးတယ် ကျန်တာအကုန် အဆင်ပြေပါတယ် အဲကွန်းပျက်နေလို့ ယပ်တောင်ခပ် လိုက်လာရတာတော့ ရှိတာပေါ့လေ။

မန္တလေးရောက်ရင် ကိုယ်စိတ်ဝင်စားတာက ဘာစားရမလဲဆိုတဲ့ စားစရာဇာတ်လမ်းပဲ ကံဆိုးချင်တော့ ဘာမှမဆိုင်ပေမယ့် ရွေးကောက်ပွဲရှိလို့ဆိုပြီး လမ်းဘေးမှာရောင်းတဲ့ မုန့်ဆိုင်လေးတွေ အတော်များများ ပိတ်ထားတော့ ဘာမှလည်းရေရေရာရာ မစားခဲ့ရပါဘူး ပွဲစျေးလိုက်ရှာတယ် ကိုယ်ရောက်တဲ့အချိန်က ကျောက်တော်ကြီး ဘုရားပွဲကလည်းပြီးသွားတော့ မုန့်ပေါင်းက ဘယ်လိုမှရှာလို့မရဘူး မရမကလိုက်ရှာတော့ ညောင်ပင်စျေးနားမှာ စျေးသည်ရှာလို့ရလို့ အဲဒါလေးပဲ အကြော်လေးနဲ့ စားခဲ့ရပါတယ်။ ရွေးကောက်ပွဲနေ့ ညနေပိုင်းကို ရန်ကုန်ပြန်ရမှာ အပြန်အတွက်က မန်းရတနာပုံနဲ့ ဒီတခါတော့ လေကြောင်းလိုင်းက ဖုန်းဆက်ပါတယ် လေယာဉ်ချိန် ၁ နာရီခွဲစောပါမယ်တဲ့ အဲလိုဖုန်းလေး ဆက်ပေးတော့ မဆိုးသေးဘူးပေါ့လေ လေဆိပ်ရောက်တော့ Check-In လုပ်တော့ ဝန်ထမ်းကောင်လေးက အစ်ကိုဖုန်းမရဘူးလားတဲ့ အေးလေ ဖုန်းဆက်လို့ ငါစောလာတာပေါ့ဆိုတော့ မဟုတ်ဘူးအစ်ကို လေယာဉ်ကအခုက စောမှာမဟုတ်ဘူး ၁ နာရီခွဲ နောက်ကျမှာ ဖြစ်သွားပြီဆိုတော့ ငိုရမှာလားရယ်ရမှာလား ၃ နာရီတောင်စောနေတဲ့ အဖြစ်ကိုရောက်ရတော့တယ်။ ရန်ကုန်ရောက်တော့ အတော်လေးနောက်ကျတယ် ၉ ခွဲလောက်ရှိနေပါပြီ။

ရန်ကုန်ရောက်နောက်နေ့ ရုံးတက်တော့ အလုပ်တွေကပုံနေတယ် Server Update လုပ်ရမယ့်ဟာတွေ လုပ်ပေးလိုက်နဲ့ ရုံးမှာရှိတဲ့လူတွေကို ရောက်တုံးရောက်ခိုက် ပြောစရာရှိတာတွေပြော အလုပ်ကတော့ အတော်လေးရှုပ်တာပေါ့ ကိုယ်မသိတဲ့နောက်ကွယ်က အလုပ်တွေကပြဿနာ အပုံလိုက်တက်နေတာ ကိုယ်ကမသိသေးဘူး ညနေလောက်ရောက်မှ စနေနေ့အထိ သုံးလို့ရနေတဲ့ ဆော့ဝဲတွေက တနင်္လာနေ့ညနေမှာ customer ဘက်မှာ ဘာတခုမှအလုပ်မလုပ်တော့ဘူး ကိုယ့်ဘက်မှာတော့ အလုပ်လုပ်နေတော့ ဂျာအေးသူ့အမေရိုက် ဘယ်နားကရှင်းရမှန်းမသိနဲ့ တနေကုန်သွားပြီး နောက်နေ့က ဒေဝါလီနေ့ဆိုတော့ နည်းနည်းအနားရတယ်။ သာထက်လာခေါ်လို့ မနက်စာလိုက်စား ကိုရာဗီနဲ့တွေ့ပေးမယ်ဆိုပြီး ချိန်းလိုက်တော့ ဒေဝါလီနေ့ဆိုတော့ ကိုရာဗီက မုန့်လိုက်ကျွေးမယ်ဆိုပြီး တရုတ်ဘုံကျောင်းက သားသတ်လွတ်ဆိုင်မှာ သွားစားဖြစ်ကြတယ် မလိုင်လုံးလေးတွေပါလို့ ဒေဝါလီနေ့ရဲ့ အငွေ့အသက်တော့ မပျက်ခဲ့ပါဘူးလေ။ ရန်ကုန်မှာ နေခဲ့တဲ့ရက်တွေထဲမှာ အဲဒီ ၂ ရက်ပဲ နည်းနည်းပေါ့ပေါ့ပါးပါး နေလို့ရခဲ့တယ်ဆိုရမယ် နောက်ရက်တွေကတော့ ငွေရောင်ဆံပင်တွေ တိုးပွားရေးနေ့ရက်တွေပဲ။

အခြေအနေ ဘယ်လိုအထိ ဖြစ်လာလဲဆိုရင် ရန်ကုန်ရောက်ရင် တွေ့မယ်ဆိုပြီး ချိန်းထားတဲ့ သူငယ်ချင်းတွေကို ရုံးဖွင့်ရက်ဆိုရင် ညနေပိုင်းတွေ့မယ်ဆိုပြီး မချိန်းရဲအောင်ပဲ ညနေပိုင်းက ဘယ်အချိန်မှ အလုပ်ကပြီးမယ်ဆိုတာ ဘုရားပဲသိတယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်နေတော့ ကိုယ်နိုင်တဲ့သူငယ်ချင်းတွေဆို ရုံးကိုသာလာခဲ့ကြပါ ဟိုနားဒီနားပဲ ခဏထွက်ပြီးတော့ မုန့်စားကြတာပေါ့လို့ ပြောရတဲ့ကိန်းဆိုက်တယ် နောက်ဆုံးအခြေအနေအရ ပြန်မယ့်ရက်ကိုလည်း နောက် ၁ ပတ်ရွှေ့လိုက်ရတယ် မပြန်သေးဘူးဆိုတော့ စနေတနင်္ဂနွေနေ့မှ တွေ့စရာရှိတဲ့လူတွေကို တွေ့မယ်ဆိုပြီး ရည်ရွယ်လိုက်ပြီး ချိန်းလိုက်တော့မှ စနေဂနွေပါ ရုံးတက်ရမယ့်ကိန်းပါ ထပ်ဆိုက်လာတော့ စနေနေ့တော့ ချမ်းသာပေးကြပါ ပြန်မယ့်ရက်လည်း ရွှေ့ပြီးနေမှပဲ နောက်ပြီးတော့ ကိုယ့်မှာလည်း ရုံးအလုပ်တင် ရှိတာမဟုတ်ဘူး ကိုယ်ရေးကိုယ်တာ ကိစ္စတွေလည်းရှိသေးတယ် ဘာတခုမှ မလုပ်ရသေးဘူး သွားစရာရှိတာတွေ သွားရဦးမယ်ဆိုပြီး အပြတ်ပြောလွှတ်လိုက်မှပဲ နည်းနည်းငြိမ်းချမ်းသွားတော့တယ် အဲဒါတောင်မှ တနင်္ဂနွေနေ့ကို ရုံးလာလိုက်ရပါသေးတယ်။

စနေနေ့ကတော့ ခေါက်ရိုးကျိုးနေတဲ့ မနက် ၇ နာရီထတဲ့အကျင့်ကို ဖျက်ပြီးတော့ အတော်လေး နေမြင့်အောင်အထိ အိပ်လိုက်တယ် နေ့လည်ခင်းလည်း ဘယ်မှမထွက်ဖြစ်ပါဘူး ဟိုတယ်မှာပဲရှိတယ် ရန်ကုန်မှာအဲလောက် ကြာမယ်လို့မသိတော့ ယူလာတဲ့ပိုက်ဆံက မလောက်တော့ဘူး ကားခတောင်မရှိလို့ ငွေလဲကောင်တာ လိုက်ရှာရသေးတယ်။ ညနေပိုင်း မုန့်စားဖို့အတွက် ချိန်းထားတာက ကိုယ်ဘယ်မှ မသွားတတ်မှန်း ရိပ်မိလေတော့ Google Map နဲ့ အတိအကျပေးလိုက်တယ် ပါရမီလမ်းက မင်းလမ်းကိုလာခဲ့ဆိုတော့ ကားငှားသွားတယ်လေ ပါရမီလမ်းက မင်းလမ်းဆိုတော့ သိတယ်အစ်ကိုဆိုပြီး ဝေဇယံတာလမ်းကို ရောက်သွားတယ် မြေပုံထုတ်ကြည့်တော့ မင်းဟာက လွဲနေတယ်လို့ဆိုတော့ ပါရမီလမ်းမှာ မရှိဘူးအစ်ကိုဆို ငြင်းနေတော့ ဟေ့. ရှိရှိမရှိရှိ အဲဒါငါ့ကိစ္စ အဲဒီကိုမောင်းဆိုပြီး ပြန်မောင်းခိုင်းတော့ ဟိုဘက်မှာလည်း ဆိုင်ကရှိပါတယ်။ မန္တလေးမှာ ရှာလို့ခက်တဲ့ မုန့်ပေါင်းကို ထပ်စားလိုက်ရတယ် ရခိုင်စာမှာက ကိုယ်ကဘာမှမသိ ကိုယ်အတဲ့အကြောင်းကို လူသိမှာစိုးတော့ ကြိုက်တာမှာပါ အကုန်စားတယ်ဆိုပြီး မှာထားတာတွေ ကပ်စားလာခဲ့တယ်။ အပြန်ကျတော့ ရွာမကျောင်းလမ်းဆိုပြီး ကားငှားလိုက်တာ သိတယ်အစ်ကိုဆိုပြီး အင်းစိန်ဘက်က ရွာမဘက်တွေရောက်ပြီး ၁၅ မိနစ်လောက်ပဲ ပြန်ရမယ့်ခရီးကို ၁ နာရီကျော်လောက် ကားစီးပြီးမှ ပြန်ရောက်လာတယ်။

တနင်္ဂနွေနေ့က နေ့ပိုင်းကရုံးသွားလိုက်ရတယ် ညနေပိုင်းတော့ ဂိမ်းနှိပ်ဖော်နှိပ်ဖက်များနဲ့ တခေတ်တခါက ဖိုရမ်ပေါ်က သတ်ဖော်သတ်ဖက်များနဲ့ အဆက်အသွယ်ရတာနဲ့ ရုံးဆင်းချိန်နောက်ပိုင်း အားကြရင်တော့ လာခဲ့မယ်လို့ဆိုတော့ တယောက်တပေါက် ဟိုနေရာချိန်းဒီနေရာချိန်းနဲ့ စမ်းချောင်းထဲက ဝင်းဆိုတဲ့ဆိုင်ကိုလာခဲ့တဲ့ SSC ဆေးရုံဘေးမှာရှိတယ်တဲ့ အေး.. လို့ပြောလိုက်ပြီးမှ မှားတာလည်းများပြီလေ မြေပုံထဲရှာကြည့်တော့မှ SSC က စမ်းချောင်းမှာမှမဟုတ်ပဲ တကယ်တမ်းက အာရှတော်ဝင်ဘေးမှာ အဲဒါနဲ့ မဟုတ်သေးဘူးဆိုပြီး ပြန်မေးတော့မှ ဆေးရုံချင်းတူလို့ မှားသွားတယ်ဆိုပဲ မှတ်သားလောက်ပါပေတယ်။ နောက်ရက် တနင်္လာပြန်ရောက်လို့ ရုံးပြန်တက်တော့ ရန်ကုန်လာတိုင်း ဘယ်တော့မှမဆုံတဲ့ အစ်မတယောက်က မုန့်သွားစားမယ်ဆိုတော့ မင်းလည်းမှားနေတာ များလွန်းနေပြီ ငါနဲ့ငါ့ယောက်ျား လာခေါ်ပါ့မယ်ဆိုပြီး ညနေပိုင်းရောက်လာ သွားစားကြတဲ့ ကချင်ဆိုင်က ရှာလို့ကိုမရလို့ နောက်ဆုံးကြံရာမရလို့ ကြုံတဲ့ဆိုင်ဝင်ပြီး ဝက်သားဒုတ်ထိုးစားပြီး ပြန်ပို့ပေးကြပါတယ်။ အဲလောက်လွဲနေတာကို ဇာတ်လမ်းတွေက မဆုံးသေးဘူး မောင်ပြုံးတို့က ခင်ဗျားကျုပ်တို့နဲ့ တရက်မှကို မတွေ့သေးဘူးဆိုတော့ တညနေထပ်ထွက်ရတယ် ရုံးမှာရှိတဲ့ ညီမတယောက်က ဒီကောင်တွေနဲ့ တဖွဲ့တည်းဆိုတော့ ခေါ်လာခဲ့တယ် လည်လည်ဝယ်ဝယ် တယောက်ပါတော့ လမ်းမလွဲဘူးပေါ့လို့ ယုံလိုက်မိမှပဲ အင်းလျားလမ်းပေါ် လွန်းပျံပြေးပြီးမှ ဆိုင်ပျောက်နေလို့ မနည်းရှာရပြန်တယ်။

အလုပ်တွေနဲ့ ဘယ်နေ့ပြန်ရမယ်မသိ နောက်ဆုံးလုံးလုံးလျားလျား သုံးစရာပြတ်သွားပြီး ရက်တွေကလည်း ရွှေ့ရလွန်းလို့ အစ်ကိုဘယ်နေ့ ပြန်မလဲမေးရင် ဘယ်လိုပြန်ဖြေရမလဲ မသိတော့အောင်ပဲ သို့ပေမယ့်လည်း အချိန်တန်တော့လည်း ပြန်ရတော့တာပါပဲ အပြန်ခရီးကတော့ အနှောင့်အနှေးမရှိပါဘူး ချောချောမောမောပါပဲ တကယ်ပြန်ရောက်မှပဲ ရန်ကုန်က နှုတ်ဆက်ရမယ့်လူတွေကို တကယ်ပြန်ရောက်သွားပြီနော်လို့ ပြောင်းပြန်ပြန် နှုတ်ဆက်ရတဲ့အဖြစ်။ ပြန်ရောက်ပြီးနောက် ၁ ရက်ကို ရန်ကုန်မှာကျန်ခဲ့တဲ့ရုံးကလူတွေကို UAT စစ်ဖို့ရှိတယ်လို့ မှာထားခဲ့တာ ဖြစ်ချင်တော့ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်နေလို့ရုံးပိတ်လို့ စစ်မရတော့ပြန်ပဲ သွားနေစဉ်ကာလမှာ အကြွေးကျန်နေတဲ့ အစည်းအဝေးပေါင်းများစွာကို တနေကုန်တက်ရတယ် ငိုက်လိုက်တာလည်း ဘာပြောကောင်းမလဲ။ သောကြာနေ့မှ UAT စစ်ဆိုပြီးလုပ်တော့ ကိုယ်လည်းစစ်ရော ၁ ခုပဲပြီးလိုက်တယ် ရန်ကုန်ရုံးက အင်တာနက်လည်းပျက်ရော။ ကြာတော့ ကိုယ့်ကိုကိုယ် သံသယဖြစ်လာတယ် ကံဆိုးသူဘယ်သူလဲဆိုပြီး ဦးရှင်ကြီးလို မဲချပြီးတော့ ဂစ်တာတလက်နဲ့ လှေပေါ်တင်မျှောမယ်ဆိုရင် ကိုယ်မဲပေါက်မယ့် အခြေအနေရှိတယ်။ မနေ့ကထပ်ပြီးတော့ လွဲလိုက်သေးတယ် သင်တန်းသွားမယ်ဆိုပြီး ယူနီဖောင်းအပြည့်နဲ့ ထွက်သွားလိုက်တာ သင်တန်းနားရောက်ခါနီး သူငယ်ချင်းကို ဘယ်ရောက်နေပြီလဲ မေးလိုက်တော့မှ ဒီနေ့အတန်းမရှိဘူးလေ မနက်ဖန်မှပဲ တနင်္ဂနွေမနက်တန်းလာခဲ့ မသိဘူးလားဆိုတော့ ငိုရအခက်ရယ်ရအခက်။ ဘာပဲဖြစ်ဖြစ် ဒီတပတ်တော့ အလွဲတွေလည်း များလွန်းအားကြီးလို့ တည့်စေချင်ပါပြီ ထပ်ပြီးတော့ မလွဲပါရစေနဲ့တော့။