Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၃)

ရွေးကောက်ပွဲ မတိုင်ခင်ကနေ ရွေးကောက်ပွဲပြီး အစိုးရအဖွဲ့ဖွဲ့ချိန် အတောအတွင်းမှာ အရွေးကောက်ခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် အစိုးရအဖွဲဝင်လောင်းပဲဖြစ်ဖြစ် ဒီလူတွေဟာ တိုင်းပြည်အတွက် ဘာလုပ်ပေးခဲ့ဖူးလို့ ဘယ်လိုဘယ်ဝါ ကိုယ်ကျိုးစွန့်ခဲ့ဖူးလို့ ဒီလိုနေရာနဲ့ ထိုက်တန်သလဲဆိုတဲ့ အပြောအဆိုမျိုးတွေ မေးခွန်းတွေကို ကြားဖူးကြပါလိမ့်မယ် အမှတ်တမဲ့ဆိုသလို သာမန်စကားဆိုပေမယ့် အသေအချာ စဉ်းစားမယ်ဆိုရင် အတွေးနယ်ချဲ့လို့ရတယ်။ ထိုက်တန်တယ် (Deserve) ဆိုတာ အကျိုးခံစားခွင့် တစုံတရာအတွက်လို့ ယူဆလို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့ဝင်တွေမှာ အကျိုးခံစားခွင့်ကိုကြည့်ရင် ငွေကြေးအားဖြင့် လခခံစားခွင့်က သိပ်မများလှပါဘူး နိုင်ငံထဲမှာတောင် သမ္မတထက် လခများတဲ့လူတွေ ရိုက်သတ်လို့ မကုန်လောက်ပါဘူး အခြားသော ငွေကြေးနဲ့ ခံစားခွင့်ဆိုရင်တော့ ကောင်းသောမျှော်လင့်ခြင်း မဟုတ်တော့ဘူးဆိုရမယ် ငွေကြေးမဟုတ်ပဲ အခြားတဘက်မှာတော့ တိုင်းတာရခက်တဲ့ ဂုဏ်ဒြပ်ဆိုတာလည်း ရှိပါသေးတယ်။ တိုင်းပြည်အတွက် လုပ်ပေးဖူးတဲ့လူတွေ အနစ်အနာခံခဲ့ကြတဲ့လူတွေ အဲလိုနေရာတွေနဲ့ မထိုက်တန်ဘူးလားမေးရင် မထိုက်တန်ဘူးလို့ ယတိပြတ်အနေနဲ့ ပြောဖို့အတော်ခက်တယ် တခြားစဉ်းစားစရာတွေ အများကြီးရှိသေးတယ်။

ထိုက်တန်တယ်ဆိုတာက လူကိုပဲမူတည်ပြီးတော့ စဉ်းစားနေတာဖြစ်သလို နောက်တဘက်က ပြန်စဉ်းစားမယ်ဆိုရင် အနောက်တိုင်းဒဿနမှာတော့ Telos လို့ခေါ်တယ် အလွယ်ပြောရရင် ရည်ရွယ်ချက်ပဲပြောပြော အဓိကအလုပ်ပဲခေါ်ခေါ်ပေါ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့ဝင်ဆိုတာတွေက အလကားနေဖို့မဟုတ်ဘူး ဥပဒေပြုအလုပ်ကနေ အစိုးရယန္တရားလည်ပတ်ဖို့အထိ ကိုယ်စီကိုယ်စီ အလုပ်တာဝန် (Responsibility) တွေရှိတယ် အဲဒါတွေစိတ်ချလက်ချ လုပ်နေနိုင်ဖို့အတွက် လခရိက္ခာထောက်ပံ့ထားတာ ဖြစ်တဲ့အတွက် အကျိုးခံစားခွင့်နဲ့ ရာထူးဂုဏ်ဒြပ်ဆိုတာက Telos ရဲ့ ဘေးထွက်အကျိုးတခုအနေနဲ့ ရတာပဲဖြစ်တယ်လို့ပဲ ပြောလို့ရလိမ့်မယ်။ အဲဒီတော့ အလုပ်တာဝန်ဘက်ကကြည့်ရင် Telos ကိုရအောင် မလုပ်နိုင်ပဲနဲ့ ဘေးထွက်အကျိုးကို ထိုက်တန်တယ်ဆိုတဲ့လူကို ရစေချင်တာတခုထဲနဲ့ အလုပ်လုပ်ရမယ့်နေရာကို ပေးလိုက်လို့မသင့်ပြန်ဘူး။ လွတ်လပ်ရေးရစဉ်ကစပြီး ကြည့်မယ်ဆိုရင်တောင် အင်္ဂလိပ်ကဖမ်းပြီး ထောင်ချတာ ပိုခံရဖူးတာတို့ ဂျပန်တွေနဲ့ အသက်စွန့်တိုက်ရလို့ ပိုပြီးတော့ ထိုက်တန်တယ်ဆိုပြီး နေရာအပြိုင်လုခဲ့ကြတာ ကိုယ့်အဖိုး ကိုယ့်အဖေတို့ မျိုးဆက်တွေလည်း အဲလိုမျိုး Mindset တွေနဲ့ရယ်ပါ ကိုယ့်တွေခေတ်မှ ဖြစ်လာတာလည်း မဟုတ်ပါဘူး။

အလုပ်နဲ့တာဝန်ယူရမယ့် နေရာတွေအတွက် Telos ဦးစားပေးစဉ်းစားရင် ထိုက်တန်တယ်ဆိုတဲ့ လူမျိုးတွေထက် Telos ရအောင် အကောင်အထည် ဖော်ပေးနိုင်မယ့် သင့်လျော်တယ်ဆိုတဲ့ လူမျိုးတွေက ပိုပြီးတော့ အဆင်ပြေမှာပေါ့။ သင့်လျော်တယ်ဆိုတာလည်း အဲလိုနေရာမျိုးတွေအတွက် အတော်ခက်တယ် သမ္မတလုပ်ဖို့အတွက် သမ္မတအတွေ့အကြုံရှိဖူးပြီးတော့ လုပ်ရည်ကိုင်ရည်ကို လက်ခံနိုင်ဖွယ်ရှိမှ သင့်လျော်တယ်လို့ ယူဆရမယ်ဆိုရင် အာဒံတောင်မှ သမ္မတဖြစ်ဖို့အတွက် အရည်အချင်းမှီမှာမဟုတ်ဘူး အဲဒီတော့ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်မှာ လုပ်ရည်ကိုင်ရည်တို့ ပညာအရည်အချင်းတို့နဲ့ ချင့်ချိန်ပြီးတော့ သင့်လျော်မသင့်လျော် ဆုံးဖြတ်ကြရတာပေါ့ မဟန်ရင်တော့လည်း ပြန်ဖြုတ်ပြီးထပ်ခန့်ပေါ့ ဒီမိုကရေစီစနစ်မှာ သမ္မတခန့်တယ်ဆိုတာနဲ့ အလုပ်သမားခန့်တာ သိပ်မကွာဘူးဆိုတော့ ဖြုတ်တာခန့်တာက စနစ်တကျ ပြန်လုပ်လို့ရတော့ ခက်တာမှမဟုတ်ပဲဟာ။ ထိုက်တန်တယ်ဆိုတဲ့ လူတွေထဲမှာရော သင့်လျော်တယ်ဆိုတဲ့လူ မရှိနိုင်ဘူးလားဆိုရင် ရှိနိုင်ပါတယ် ရှိခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ Telos တခုထဲစဉ်းစားလို့ အဆင်ပြေမလားဆိုရင် မပြေသေးပါဘူး Behavior နဲ့ Consequence ဆိုတာတွေ ဆက်စဉ်းစားရမယ် အဲဒါတွေအတွက်က သိပ်ပြီးတော့ ဥပမာများများ မတွေ့သေးတော့ ကြုံမှပဲထပ်စဉ်းစားတော့မယ်။

ဦးထင်ကျော် သမ္မတဖြစ်တယ်ဆိုတော့ သူကြီးဖြစ်မယ့်လူက ဒို့ဘကြီးကွဆိုပြီး စီးပွားရေးပညာရှင်တွေကလည်း စီးပွားရေးပညာရှင်ပြီးဆိုတော့ ဒို့နဲ့အမျိုးတော်တယ် ပရိုဂရမ်မာများကလည်း သမ္မတကြီးက ပရိုဂရမ်ရေးဖူးတော့ ဒို့နဲ့သွေးပိုနီးတယ်ဆိုပြီး တယောက်တပေါက် အမျိုးစပ်ကြတာပေါ့လေ။ ဘုန်းတော်ဘွဲ့တွေလည်း အမျိုးမျိုးထွက်လာတယ် ပရိုဂရမ်မာဆိုတော့ လော့ဂျစ်တွေသင်ဖူးတော့ အကျပ်အတည်းဖြစ်လာရင် ပိုပြီးတော့ချင့်ချိန်နိုင်တယ်တို့ Software Engineering တွေသင်ခဲ့ဖူးတော့ နိုင်ငံတော်ကြီးကို မြန်မြန်တိုးတက်အောင် Rapid Development လုပ်တတ်မယ်တို့ Project Management သင်ခဲ့ဖူးတော့ စီမံခန့်ခွဲမှု ကောင်းတယ်တွေ ဖတ်မိပြီးတော့ ပရိုဂရမ်မာဆိုတာ စကြဝတေးမင်းတောင်လုပ်လို့ ရသလိုလိုဖြစ်လာတော့ ကိုယ်တောင်မှနည်းနည်း အားတက်လာမိတယ်။ အရင်လူတွေလည်း တပ်ရင်းဘယ်နှစ်ခု တပ်မဘယ်လောက် အုပ်ချုပ်လာတာတို့ ရန်ကုန်မြို့ကြီးကိုတောင် စီမံလာတာပါ သမ္မတတက်လုပ်လည်း လုပ်နိုင်တယ်တို့လည်း မြင်ခဲ့ဖူးကြတာပဲမဟုတ်လား ကိုယ်တွေလည်း ပြောရင်းပြောရင်းနဲ့ ဟိုပုတ်ထဲက ဟိုပဲတွေထဲကို ရောက်မှန်းမသိ ရောက်ကုန်ကြပါပြီလေ။

လွှတ်တော်နာယက တစ်ယောက်နဲ့ ဒုတိယသမ္မတ တစ်ယောက်က ခရစ်ယာန်ဘာသာဝင်ထဲက ဖြစ်လာပြန်တော့ နည်းနည်းဆူဆူပူပူပေါ့ လွှတ်တော်နာယကကြီးကို ဘုန်းကြီးတွေကို ဘွဲ့တံဆိပ်ကပ်ပွဲဖိတ် ဟိုကလည်း ငုတ်တုတ်ကြီးပေါ့ ဘယ်တတ်နိုင်မလဲ သူမှကန်တော့လို့မရတဲ့ဟာ ထိုင်မနေပဲနဲ့ အိပ်နေမယ်ဆိုရင် ပိုဆိုးကုန်မယ် မဟုတ်လား။ ဓာတ်ပုံကြည့်ပြီးတော့ ထုံးစံအတိုင်း အင်မတန်ယဉ်ကျေးလှစွာပဲ ဆဲကြဆိုကြတာပေါ့ ဖတ်ကြည့်တော့ ဘာသာခြားဆိုတဲ့ အပ်ကြောင်းထပ်နေတဲ့ စကားလုံးပဲ အများဆုံးတွေ့ရတယ်။ ဘာသာခြားဆိုတာကို အသေအချာ ခွဲခြမ်းစိတ်ဖြာလိုက်ရင် ခြားနားတယ်ဆိုတော့ မူရင်းဘာသာဆိုတာ တခုရှိကိုရှိရမယ် အဲဒီမူရင်း မဟုတ်ရင် ကျန်တဲ့ဘာသာတွေကို ဘာသာခြားလို့ သတ်မှတ်ရမှာပေါ့ ကိုယ်ဉာဏ်မှီသလောက် စဉ်းစားကြည့်တော့ ပြည်တွင်းဖြစ်အနီးစပ်ဆုံး မူရင်းဘာသာအဖြစ် ရှာလို့ရတာကတော့ အပြင် ၃၇ မင်းတော့ရှိပါတယ် ကျန်တာတွေအကုန်လုံး နိုင်ငံခြားကပဲလာကြတာ နည်းနည်းစောတာနဲ့ နောက်ကျကြတာပဲ ကွာခြားကြပါတယ်။ ပြည်တွင်းဖြစ်ကို အားပေးကြပြီးတော့ ၃၇ မင်းထဲက ၁ မင်းလောက်မှ ကိုးကွယ်တဲ့လူ မဟုတ်ရင်တော့ ကျန်တာအားလုံးက ဘာသာခြားတွေပါပဲလို့ပဲ ဖြေရလိမ့်မယ်ထင်တယ်။ ကောင်းတဲ့အချက်က ၃၇ မင်းက Multi-Religion လက်ခံတယ်ဆိုတော့ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် စတိလောက်အဖြစ် အိမ်ဦးတိုင်မှာ အုန်းဆွဲပြီး ကန့်လန့်ကာလေးတော့ ကာထားလိုက်ပေါ့ အဲဒါဆိုရင် ဘာသာခြား မဟုတ်တော့ဘူး ညှိလို့လွယ်ပါတယ်။

လူအများစုကိုးကွယ်တဲ့ ဘာသာဝင်ထဲကမဟုတ်ပဲ ခရစ်ယာန်ဘာသာဝင် နာယကနဲ့ ဒုတိယသမ္မတအပေါ် စိုးရိမ်ကြတာတွေနဲ့ ပရိုဂရမ်မာ သမ္မတကြီးလည်း တက်လာရော အင်တာနက် မြန်ရမယ်ဆိုပြီး အော်ပြီးတော့များ တက်လာမလား တိတ်တခိုးလေး မျှော်လင့်နေကြရာက ပလို့ဂျိဆိုပြီး သိပ္ပံနဲ့နည်းပညာကိုဖျက်ပြီး ပညာရေးအောက်ပို့လိုက်တာနဲ့ စပြီးထွက်လာတော့ ပရိုဂရမ်မာတွေလည်း နည်းနည်းတော့ အောင့်သက်သက် ဖြစ်ရတာမျိုးတွေရဲ့ နောက်ကွယ်ကအခြေခံက လူတွေမက်မောတဲ့ အဂတိတရားကြောင့်ပါ လူတွေဟာ အဂတိတရားကို မမုန်းကြပါဘူး ကိုယ်ခံတဲ့အခါမှပဲ မုန်းကြတယ်ပဲရှိတယ် ကိုယ့်ဘက်ကို သာသာထိုးထိုးပင်းမယ့် အဂတိတရားကို မက်မောကြတာပေါ့ အလွယ်ဆုံးဥပမာပေးရရင် ကိုယ့်အမျိုးအရင်းထဲက သမ္မတဖြစ်တယ်ဆိုပါစို့ ငါတို့တော့ပွပြီလို့ တွေးကြမယ့်လူတွေပါ ရှက်ကြလို့သာ ဝန်မခံချင်မခံကြမယ် တိုးတိုးတိတ်တိတ် စာရင်းအသေချာ ကောက်ကြည့်မယ်ဆိုရင် အဖြေသိပါလိမ့်မယ်။ ကိုယ်နဲ့အမျိုးတူ တက်လာတော့ ကိုယ့်ဘက်ပင်းပေးမယ် မျှော်လင့်ထားတာ မဖြစ်လာတဲ့အခါ မကျေမနပ်ဖြစ်ကြမယ် ကိုယ်ဘက်အသာစီးရနေရာက ကိုယ်နဲ့ဆန့်ကျင်ဘက်ဘူ တက်လာတဲ့အခါ ကိုယ့်ဘက်ပင်းခဲ့တဲ့ လူတွေလိုပဲ တခြားဘက်ကိုပင်းလို့ ကိုယ့်ဘက်နိမ့်ကျသွားမှာ စိုးရိမ်ကြလိမ့်မယ် အဲဒါတွေကလူတွေ မက်မောကြတဲ့ အဂတိတရားပေါ် အခြေခံပြီးတော့ ဖြစ်လာကြတဲ့ အကြောက်တရားတွေပေါ့။

အတော်လေး ပေါ်ပြူလာဖြစ်ခဲ့တာက ဝန်ကြီး ၂ ပါးရဲ့ ပါရဂူဘွဲ့များက သုံးလို့မရတော့တဲ့ အခြေအနေဖြစ်လာတယ် ကျောင်းမရှိတော့လို့ သူတို့ရခဲ့တဲ့ဘွဲ့ ဆက်သုံးလို့ရတယ်မရဘူး သူတို့အပြစ်ရှိတယ်မရှိဘူး နှုတ်ထွက်သင့်တယ် မသင့်ဘူးဆိုတာက ကိုယ်အလုပ်မဟုတ်တော့ သိပ်စိတ်မဝင်စားပါဘူး ဒါပေမယ့် ဝန်ကြီးလောင်း ၂ ပါး အရင်းပြုပြီးသကာလ ခြံစည်းရိုးအပြင်ဘက်က ဘွဲ့ရတယ်ဆိုတိုင်း သုံးစားလို့မရဘူးဆိုတာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပညာပေးပြီးသား ဖြစ်သွားတာကိုတော့ အတော်ဝမ်းသာပါတယ် Degree Mill ဆိုတဲ့အကြောင်းကို လူတွေသိလာတယ်။ သူများဆီကကျောင်းက ပျက်သွားလို့ ဒုက္ခရောက်ကြတာ နမူနာပြလိုက်တော့ ကိုယ့်ဆီကကျောင်းတွေရဲ့ ပရမ်းပတာလုပ်လို့ ဂွကျရတာတွေ စိတ်ထဲရောက်ရောက်လာတယ်။ ကျောင်းတွေမှာက တရွာကိုတဂါထာ တပုဒ်ဆန်းထက်ဆိုးတယ် တနှစ်ကိုတပုဒ်ဆန်းကြတာ ဘွဲ့လက်မှတ်တောင် ၁နှစ်နဲ့ ၁နှစ် ဒီဇိုင်းကမတူဘူး A4 ကို ရှေ့နောက်ရိုက်ပေးတဲ့ ဘွဲ့လက်မှတ်ရှိသလို A4 ကို တဘက်ထဲမှာ အလျားလိုက်ကို A5 အရွယ်လေးတွေ ဘယ်ညာခွဲပြီး အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ရိုက်ပေးတာမျိုးလည်းရှိတယ် မသိတဲ့လူအဖို့က တခုကအတုလို့ အထင်ခံရတော့ အစစ်ကအစစ်ဖြစ်ကြောင်း ရှင်းရတာပေါ့လေ။ အမှတ်စာရင်းတို့ Transcript တို့အကြောင်း ဆက်ပြောမယ်ဆိုရင် တထောင့်တည ပုံပြင်ထက်ရှည်နိုင်တော့ မဆက်တော့ပါဘူး စာလည်းရှည်နေပြီ ဖြစ်တဲ့အတွက် စိတ္တဇအတွေးတွေကို ဒီမှာပဲနားလိုက်ဦးမယ်။