Calm Hill My Random Thoughts

AFSEA 2016

Aikido Fellowship Southeast Asia ရဲ့ Seminar တွေဟာ ၂ နှစ် ၁ခါ အဖွဲ့ဝင် နိုင်ငံတွေထဲက တနေရာရာမှာ လုပ်လေ့ရှိတယ် အများအားဖြင့်တော့ ရောက်ဖြစ်လေ့ရှိပါတယ် ဆရာဖြစ်သူက အထွေထွေ အတွင်းရေးမှူးဆိုတော့ တပည့်ဖြစ်တဲ့ကိုယ်က ပြေးမလွတ်တာများတယ်။ Fukakusa Sensei ရဲ့ အနှစ် ၅၀ ပြည့် Seminar မှာ ကျန်းမာရေးအခြေအနေအရ မလာဖြစ်နိုင်ခဲ့တဲ့ Yoshimitsu Yamada Sensei က ဒီနှစ်ကို ရောက်အောင်လာမယ်ပြောတယ် Yamada Sensei ဟာ O’Sensei ရဲ့ ကျောင်းအိပ်ကျောင်းစား တပည့်တွေထဲက ၁ယောက်ပဲ သိပ်လည်းများများမရှိတော့ လက်ချိုးရေရင်တောင် လက် ၂ ဖက်မပြည့်တော့ဘူး။ သူလာမယ်ဆိုတော့ ဒီနှစ် ဘန်ကောက်မှာလုပ်မယ့် AFSEA ဟာ လူအတော်များမယ်လို့ အစကတည်းက မှန်းထားမိတယ် နီးလာတော့ စာရင်းမေးကြည့်တော့ အနည်းဆုံးလူ ၃၀၀ လောက်ရှိမယ်ပြောတယ်။ ကိုယ်လည်းသူ့ကို Video တွေထဲပဲ မြင်ဖူးတာ Yamada Sensei ကိုယ်တိုင်လာတဲ့ Seminar ကို သွားဖူးပြီးတော့ အပြင်မှာရော သူဘယ်လိုသင်လဲလို့ မြင်ဖူးချင်နေတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကလို့ ပြောရမှာပါ။

လိုက်မယ်ဆိုပြီး စာရင်းပေးပြီးကတည်းက အလုပ်တွေများလိုက်တာ ၁ လကို ၁ နိုင်ငံလှည့်နေရတဲ့ ဘဝကိုရောက်နေတော့ လေယာဉ်လက်မှတ်က Seminar မတိုင်ခင် ၁ လလောက်အထိ ဘယ်နေရာမှာ ရောက်နေမယ်မှန်း မသိတာနဲ့ မဝယ်နိုင်သေးဘူး Seminar လုပ်မယ့် လူတွေကလည်း လေယာဉ်ချိန်တွေ မပို့သေးတော့ ဘယ်အချိန်ကို လာကြိုရမှန်းမသိတော့ ခဏခဏလှမ်းမေးတယ်။ ၂ ပတ်လောက်အလိုမှပဲ ရန်ကုန်ကတဆင့် သွားမယ်ဆိုပြီး လက်မှတ်ကို ဝယ်နိုင်တော့တယ်။ စီစဉ်ရတဲ့လူတွေရဲ့ ဒုက္ခကိုလည်း နားလည်ပါတယ် လူ ၁၀၀−၂၀၀ လောက် အကြိုအပို့လုပ်ရတာ ကြိုမပြောထားရင် စီစဉ်ရတာလွယ်တာမှ မဟုတ်တာဆိုပြီး ကိုယ့်အဖြစ်နဲ့ကိုယ်မို့ စီစဉ်ထားတဲ့ ဟိုတယ်ကို ရောက်အောင် လာခဲ့ပါ့မယ် မကြိုပါနဲ့တော့လို့ ပြောပေမယ့်လည်း နောက်ဆုံးအချိန်အထိ စောင့်ပြီးတော့မှ ရအောင်လာကြိုပေးတယ်။ လာကြိုတဲ့လူတွေက စီစဉ်ထားတဲ့ကားပေါ် တင်ပေးလိုက်တာတောင် တခုမဟုတ်တခု မှားရမယ်ဆိုတဲ့ ကိုယ့်ကံကပါလာတော့ ဟိုတယ်မှားပြီးပိုတာ ခံလိုက်ရသေးတယ်။ ကားသမားတွေ ပို့ချင်ရာရမ်းပို့တာ ခံရနေကျဆိုတော့ ကားပေါ်ကမဆင်းသေးဘူး ဟိုတယ်က အိပ်သယ်ဖို့လာတဲ့ ကောင်လေးတွေကို ဟိုတယ်နာမည် အရင်မေးမိပေလို့ မဟုတ်ရင်ရွာလည်မယ်။

Yamada Sensei

Seminar လုပ်မယ့် ဟိုတယ်ကိုရောက်တော့ Fukakusa Sensei နဲ့သူ့တပည့်တချို့ ဝင်လာတာနဲ့ ပက်ပင်းသွားတိုးတယ် မင်း.. လာကြိုတော့ ချောချောမောမော ရောက်လာသားပဲတဲ့ မဟုတ်ဘူး Sensei ကျနော်အခုပဲ ဟိုတယ်မှားပိုတာ ခံလိုက်ရပြီးပြီဗျ လို့ ဖြေလိုက်မိတော့ ခွက်ထိုးခွက်လန် ရယ်ကြပါရောလား။ တိုက်တိုင်ဆိုင်ဆိုင် အများအားဖြင့် ကိုယ့်မွေးနေ့ဟာ Seminar ရက်ထဲမှာ ကျလေ့ရှိတယ် စင်္ကာပူကအဖွဲ့တွေက တရက်စောပြီးတော့ ရောက်တဲ့လူတွေက ရောက်နှင့်နေပြီး ဒီနေ့ကိုယ်လာမယ်ဆိုတော့ မွေးနေ့ကိတ်မုန့်တလုံး ဝီစကီတပုလင်းနဲ့ မွေးနေ့လက်ဆောင်ဆိုပြီး စောင့်နေကြတာပေါ့ တကယ်ကတော့ အကြောင်းရှာကြတာပါ မွေးနေ့မရှိလည်း သောက်တဲ့လူက သောက်ကြမှာပါ။ အဲဒါနဲ့နေကြပါဦး ညဘက် ဧည့်ခံပွဲကျမှပဲ သောက်ပါရစေဆိုပြီး တောင်းပန်ပြီးတော့ ကိုယ့်အခန်းကိုသွား အလုပ်တွေနဲ့ မနားခဲ့ရသမျှကို အတိုးနဲ့နားသလိုပဲ အလုပ်နဲ့ပတ်သက်တာတွေ ခေါင်းထဲက အကုန်ထုတ် ဖုန်းကိုလည်း Notification တွေ အကုန်ပိတ်ထားလိုက်တယ်။ ခဏအိပ်မယ်လို့ စဉ်းစားပေမယ့် ဧည့်သည်တယောက် ဝင်လာလိုက် သိတဲ့လူဖြစ်နေလို့ နှုတ်ဆက်လိုက်နဲ့ ညနေစောင်းလို့ ဧည့်ခံပွဲအချိန် ရောက်မှန်းမသိ ရောက်သွားတာပါပဲ။

Seminar ၂ ရက်က တနေကုန်ဆိုတော့ အတော်ပင်ပန်းတယ် သင်တဲ့လူတွေက Yamada Sensei တယောက်ကလွဲရင် ကျန်တဲ့လူတွေက Fukakusa Sensei, Jun Yamada Sensei, Funakoshi Sensei, George Sensei, Freddy Sensei ဆိုတော့ ကိုယ်နဲ့ မကြာမကြာ တွေ့တဲ့လူတွေပါပဲ အနည်းဆုံးတော့ တနှစ်တခေါက် Seminar တခုခုမှာတွေ့ပါတယ်။ ဂျပန်လူမျိုးဆရာ အတော်များများဟာ ဘာသာစကား အခက်အခဲကြောင့် မဟုတ်ရင်တောင် ရှည်ရှည်ဝေးဝေး ရှင်းပြလေ့မရှိပေမယ့် Yamada Sensei သင်တာဟာ အတော်တိကျသလို အသေးစိတ်ကအစ ရှင်းပြပြီးတော့သင်တာဟာ အတော်စိတ်ဝင်စားစရာ ကောင်းတယ်လို့ဆိုရမယ် ဖြစ်နိုင်တာက အမေးအမြန်းထူတဲ့ အနောက်တိုင်းမှာ အမြဲနေတဲ့လူဖြစ်နေရာကနေ သင်ပုံသင်နည်းလည်း ပြောင်းသွားပုံပေါ်တယ်။ Seminar ရဲ့ နောက်ဆုံးမှာ အမြဲတမ်းအားဖြင့် လာတက်ကြတဲ့လူတွေရယ် ဆရာတွေရယ်က Embukai လို့ခေါ်တဲ့ ပြပွဲတခုတော့ လုပ်လေ့ရှိတယ် ဒီနှစ်မှာတော့ ဆရာတွေထဲက Funakoshi Sensei တယောက်ပဲ Embu မှာပါတယ် ကျန်တာကတော့ နိုင်ငံအလိုက်ပဲ ပြသွားတာရှိတော့တယ်။ ကိုယ်လည်း Embu မှာ ပါတာပေါ့လေ သူများတွေလိုလည်း လူစွမ်းကောင်းပြပွဲ လုပ်သလိုလည်း ဇာတ်တိုက်ပြီးပြတာ ဆရာကလည်း သဘောမကျတော့ လုပ်လေ့မရှိပါဘူး ကိုယ့်သင်တန်းထဲမှာ ကစားနေသလိုပဲ ပြလေ့ရှိပါတယ်။

ဒီနှစ် Seminar လည်း အမှတ်တရပါပဲ သိတဲ့လူတွေ အများကြီးဆိုပေမယ့် မသိတဲ့လူတွေလည်း အများကြီးဆုံခဲ့ရတယ် Seminar ပြီးတော့ ဆရာဖြစ်သူက International Aikido Federation (IAF) ကလုပ်တဲ့ Seminar အတွက် ဂျပန်ကိုဆက်သွားရမှာ မလိုက်လာလို့ ပူညံပူညံပေါ့ တကယ်ကတော့ ကိုယ်လည်းလိုက်ချင်ပါတယ် အလုပ်ပိနေတာနဲ့ ဗီဇာကိစ္စမလုပ်နိုင်ရာကနေ ဒီတနှစ်တော့ လိုက်မသွားနိုင်တော့ဘူး အဲဒါကိုပဲ ဂျပန်ကိုအခု မလိုက်နိုင်ရင် နိုဝင်ဘာတော့ ဗီယက်နမ်မှာ Seminar ရှိသေးတယ် အလုပ်များလည်း ရအောင်တော့ လိုက်ခဲ့ကွာဆိုတော့ ဟုတ်ကဲ့ပါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် ပြဿနာက အတူတူပဲလို့ ကျနော်အဲဒီရက်ကို ဘယ်မှာရှိနေမယ် မသိသေးဘူးလို့ ဘယ်မှာပဲရှိရှိ သွားတော့ သွားဖြစ်ဦးမယ် ထင်ပါတယ်။ ငါမရှိတုံး သင်တန်းတွေကို အစားထိုးပြီးတော့ တခြားလူတွေကို မင်းကူသင်ဦးဆိုပြီး အပ်ပြီးတော့ ဆရာလည်း ဂျပန်ကိုလစ် ကိုယ်လည်းပဲ ဒီတလတော့ စင်္ကာပူမှာ တာဝန်ဆိုတော့ ပြန်လာခဲ့တော့တယ်။