Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၄)

ရန်ကုန်ရောက်ရင် ကိုယ်နဲ့တွေ့တဲ့လူတွေက အမျိုးအစားစုံတယ် ကွန်ပျူတာသမားလည်းပါ ဂျာနယ်သမားလည်းရှိ ဓာတ်ပုံဆရာလည်းမချန် သိုင်းသမားလည်းမကျန်ဘူးပေါ့။ လူစုံလို့စကားစပ်မိရင်းနဲ့ Social Network တွေမှာ ကွန်ပျူတာအကြောင်းလည်း သိပ်ပြောတာမမြင်တော့တာ နှစ်အတော်ကြာပြီ ပရဟိတအလုပ်တွေ စိတ်ကုန်သွားလို့လား ဘာလိုဖြစ်လို့လဲလို့ အမေးခံရတယ်။ တချို့ကိစ္စတွေဟာ လူတိုင်းနားလည်စရာ လိုအပ်တယ်လို့ မမြင်မိပါဘူးလို့ နောက်ပြီးတော့ တချို့လူတွေက တကယ်မဟုတ်ဘူး သူတို့ဘယ်လောက်သိလဲ တိုင်းချင်တဲ့အခါကျတော့ လက်တည့်စမ်းပြီး ကိုယ့်အချိန်ကို လာဖြုန်းတာရှိတယ် အဲလိုတွေကိုကျတော့ အချိန်ကုန်ခံပြီးတော့ မပြောဖြစ်တော့ဘူး ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ်တွေမှာ အကူအညီလိုတယ်ဆိုပြီး ယုံကြည်ပြီးမေးတဲ့လူကို အချိန်ပေးပါတယ်လို့ ငွေရေးကြေးရေး အကျိုးအမြတ်လည်း တခါမှမယူဖူးပါဘူး မုန့်ကျွေးပါရစေဆိုတောင် လူစိတ်မဝင်စားတဲ့ကိစ္စတွေကို စိတ်ဝင်စားတဲ့လူရှိလို့ ဝမ်းသာတဲ့အတွက်ဆိုပြီး ကျွေးလွှတ်လိုက်တာပဲရှိတယ် အဲဒါကကိုယ်လုပ်နိုင်တဲ့ ပရဟိတပညာရေးပဲလို့ ကျန်တဲ့အချိန်တွေကိုတော့ Social Network တွေပေါ်မှာ စာတိုပေစရေးတဲ့ Public Education အတွက်ပုံစံမျိုးနဲ့ ပရဟိတအလုပ်အတွက် မသုံးဖြစ်ပါဘူးလို့ ကိုယ့်ပါးစပ်အပြောအဆိုနဲ့လည်း အဆင်မပြေဘူးဆိုတော့ ကိုယ့်ရဲ့လူကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးအတွက်ပဲ သုံးဖြစ်တော့တယ် စိတ်လက်ကျန်းမာမှပဲ အတ္တပရနှစ်ခုလုံး ရေရှည်အတွက် အဆင်ပြေမယ် မဟုတ်လားလို့ဖြေရတယ်။

စာတိုပေစတွေ စကားထဲပါသွားတော့ အတိုအစတွေထဲမှာ ၁၀၀ဖိုး ၃ ပုဒ်တွေက အတော်ဆိုးတယ်တဲ့ ကျနော်ကတော့ ၁၀၀ဖိုး ၃ပုဒ်တွေ Share တဲ့ ကောင်မလေးတွေဆို Unfollow လုပ်ထားတာဗျလို့ တယောက်ကပြောတယ်။ ဘယ်လိုဟာတွေတုံးမေးတော့ လူတယောက်မှာ အတိတ်ဆိုတာထက် ရွှေရောင်အနာဂတ်တွေရှိတယ်တို့ ပစ္စုပ္ပန်တွေရှိတယ်တို့ကနေ စတင်ပြီးတော့ အချစ်ဒဿနမှာ အဆုံးသတ်ပြီးသကာလ မြင်ခဲ့ဖူးသမျှကို ပြောပါလေရော ကြာလာတော့ စကားမပြတ်တာနဲ့ ခဏနေဦး… ခင်ဗျားစကားအရ အဲလိုတွေ Share တဲ့လူတွေကို Unfollow လုပ်ထားတာလား Follow လုပ်ထားတာလား ဇဝေဇဝါဖြစ်လာပြီလို့ဆိုတော့ တဝိုင်းထဲထိုင်ပြီး သောက်နေတဲ့လူချင်း လုံးမသတ်ရတာ အတော်ကံကောင်းတယ်။ နေဦးဟ ၁၀၀ဖိုး ၃ပုဒ်ဆိုတာကလည်း တန်ဖိုးမသေးဘူးဗျလို့ စကားအတိုအစနဲ့တင် လူအများကြိုက်ဖို့ဆိုတာက မူရင်းတန်ဖိုးက အတော်ကြီးဖို့လိုတယ် လိုက်လုပ်နိုင်တာ မလုပ်နိုင်တာက တခြားကိစ္စပေါ့လေလို့။ ထားပါတော့လို့ နည်းနည်းလောက် စဉ်းစားကြည့်ရအောင် ကြားဖူးပြီးသားလည်း ဖြစ်ကောင်းဖြစ်မယ် ၁၀၀ဖိုး ၃ ပုဒ်တခု ဇင်ဘုန်းကြီး ၂ ပါးအကြောင်း နားထောင်ကြတာပေါ့လို့။

တခါက ဘုန်းတော်ကြီးတပါးနဲ့ ရဟန်းငယ်တပါး ခရီးသွားကြတာ မြစ်ကမ်းဘေးတခုကို ရောက်လာကြပြီးတော့ မြစ်ကိုကူးကြမယ်အလုပ်မှာ အမျိုးသမီးတယောက်က ရေမကူးတတ်လို့ ဘုန်းကြီး ၂ ပါးကိုမြင်တော့ တပည့်တော်မကို တဘက်ကမ်းကို ပို့ပေးပါဘုရားလို့ အကူအညီတောင်းတယ် ရေမကူးတတ်လူကို ကူးပေးဖို့ကချီသွားမှပဲ ဖြစ်မှာဖြစ်တဲ့အတွက် ရဟန်းအငယ်ကငြင်းတယ် ရဟန်းအကြီးကတော့ လာခဲ့ဆိုပြီးချီပြီးတော့ ကူးပေးလိုက်ပြီး မြစ်တဘက်ကမ်းရောက်တော့ အမျိုးသမီးလည်း သူ့လမ်းသူသွား ရဟန်း ၂ပါးလည်း ခရီးဆက်လာကြတာ ရဟန်းအငယ်က ဆရာတော်ဘာလို့ ဒီလိုလုပ်သလဲဆိုပြီး အပြစ်တင်ချင်တာရော သိချင်တာရောနဲ့ စဉ်းစားလာလိုက်တာ ကြာတော့မနေနိုင်တော့ အရှင်ဘုရား မာတုဂါမတွေကို ရဟန်းဆိုတာက မထိမတွေ့ကောင်း မအပ်စပ်ပါပဲနဲ့ အရှင်ဘုရားဘာကြောင့် ကူညီခဲ့တာလဲမေးမိတော့ ငါ့ရှင်… တပည့်တော်က အကူညီလိုတဲ့ မာတုဂါမကို ကူညီပြီးလို့ မြစ်ကမ်းဘေးမှာပဲ ထားခဲ့ပြီးနေပါပြီ ငါ့ရှင်က ဘာအတွက်ကြောင့် မာတုဂါမကို စိတ်မှာထမ်းပိုးပြီးတော့ အခုအချိန်အထိ သယ်လာတာလဲလို့ ပြန်မေးပြီးဖြေတယ်။

Two Zen Monks and Beautiful Young Woman

Image From: http://hearkeninstitute.com/put-down-your-burden/

အတိတ် ပစ္စုပ္ပန် အနာဂတ် ၁၀၀ဖိုး ၃ ပုဒ်တန်တွေအားလုံး ခြုံကြည့်လိုက်ရင် အတိတ်ကိုမေ့ပြီး အနာဂတ်အတွက် ပစ္စုပ္ပန်ကိုတည်ဆောက်ဖို့ရယ် အတိတ်ကိုမေ့ပြီး အနာဂတ်ကိုလည်း မပူပန်ပဲနဲ့ ပစ္စုပ္ပန်ကိုပဲ အာရုံပြုဖို့ရယ်ဆိုပြီး ၂ မျိုးပဲတွေ့လိမ့်မယ် ဘယ်ဟာကိုလက်ခံလဲ ပြောကြည့်ပါလို့မေးတော့ အရေးကြီးတာဆိုရင်တော့ ပစ္စုပ္ပန်နဲ့ အနာဂတ်ပဲရွေးမယ်တဲ့ အတိတ်က ဘာမှလုပ်မရတော့ အရေးမကြီးဘူးပဲ ယူဆရတော့မယ်တဲ့။ အင်း… ကျနော့်အတွက်ကတော့ အတိတ်ကိုပဲအရေး အကြီးဆုံးလို့ယူဆတယ်လို့ ဘာလို့လဲဆိုရင် ခင်ဗျားဖြေသလိုပဲ ဘာမှလုပ်လို့မရတော့လို့ ပြန်ပြင်လို့မရတော့လို့ကို အရေးအကြီးဆုံးလို့ ယူဆတာပါလို့။ ပုံပြင်ထဲကဥပမာကို စဉ်းစားကြည့်ပါလို့ အတိတ်ကိုပြီးတဲ့အချိန်မှာပဲ ထားခဲ့ပြီးတော့ ထွက်လာနိုင်တဲ့ ရဟန်းကြီးလိုအခြေအနေ ရောက်ဖို့ဆိုတာက စာဖတ်သလောက် လွယ်မယ်ထင်လား အတိတ်တွေကို အတိတ်အတိုင်းထားနိုင်ရင် ကိုယ့်ဘာသာအလိုမှာ မဂ်ဉာဏ်ဖိုဉာဏ် တခုခုရနေတဲ့ အခြေအနေရောက်ပြီလို့ အနာဂတ်ကိုပါ လုံးလုံးလျားလျား ဖြတ်နိုင်တဲအထိ သွားနိုင်တယ်ဆိုရင်တော့ အရဟတ္တဖိုမျက်မှောက်ပြုပေါ့လို့။ ကိုယ့်အနေနဲ့က အဲလောက်အထိ မလုပ်နိုင်သေးဘူးဟလို့ အစွဲအလန်းနဲ့ နောင်တတွေ ဘာသာရေးအခေါ်အဝေါ်က ကုက္ကုစ္စပေါ့လေ အဲဒါတွေက အတိတ်ကိုအခြေပြုပြီး ဒုက္ခပေးနေနိုင်သေးတော့ အတိတ်ဟာ အရေးကြီးတယ်လို့ ပြင်မရတဲ့အကြောင်းမို့ မကောင်းတဲ့အတိတ် ချန်မထားဖြစ်ခဲ့အောင် မကောင်းတာ မလုပ်မိအောင်ပဲ တတ်နိုင်သမျှနေဖို့ပဲ အကြံပေးပါတယ်လို့။

နောင်တဆိုတော့ တချို့လူတွေက နောင်တမရတတ်ဘူး အဲလိုကိစ္စတွေကျတော့ ဘယ်လိုအမြင်ရှိလဲဆိုတော့ စောစောကပြောသလို နောင်တအနေနဲ့ တကယ်မရတဲ့လူတွေက အတိတ်ကိုအပြီး ထားခဲ့နိုင်မှပဲ ဖြစ်ပါလိမ့်မယ်လို့ ဥပမာဆိုရင် အင်္ဂုလိမာလလို လက်ရှိဘဝထဲက အတော်ကိုဆိုးတဲ့ အတိတ်တွေကို အပြီးဖြတ်ထားခဲ့နိုင်တာမျိုး လုပ်နိုင်ရင်တော့ဟုတ်မှာပေါ့ သာမန်လူတွေမှာက နောင်တမရတဲ့လူရယ်တော့ ရှိလိမ့်မယ်တော့ မဟုတ်ပါဘူးလို့ မကြာခဏဖြစ်တာနဲ့ အကျိုးအကြောင်း တိုက်ဆိုင်တဲ့အခါ ဖြစ်ကြတာပဲ ကွာကောင်းကွာမှာပေါ့။ နေ့စဉ်မြင်နေရတဲ့ လူတွေထဲမှာ အတိတ်ကို ကုစားနေရတဲ့ လူတွေရှိတယ် ပထမတမျိုးက ကောင်းတာနဲ့ ပြန်အစားထိုးတယ် တကယ်ကတော့ အစားထိုးလို့မရပါဘူး ဖြေဆည်ရတာပေါ့ နောင်တရချိန်နည်းအောင် ကြိုးစားကြတာရှိတယ် ပတ်ဝန်းကျင်မှာမြင်ဖူးမယ် ဒီလူကြီးဟာငယ်စဉ်က လူတွေကိုဒုက္ခပေး အခုတော့လည်း လူ့အကျိုးပြု လုပ်ငန်းတွေလုပ်လို့ လေးစားစရာဆိုတာမျိုး သူ့အတွက်ကတော့ သနားစရာကောင်းတယ် လက်ရှိအခြေအနေမှာ ကိုယ်လုပ်ပေးနိုင်တာနဲ့ ပတ်ဝန်းကျင်ကလူတွေ ကောင်းကျိုးရတာတွေကြည့်ပြီး ဖြေသိမ့်ရတာပေါ့ အနာဂတ်အတွက်က ကောင်းတယ်ဆိုတာ ငြင်းစရာမရှိပါဘူး ဖြေသာတယ်ပေါ့လေ။ နောက်တမျိုးကတော့ လောဘဒေါသမောဟ အခြေခံပြီးတော့ နောင်တရမယ့်အလုပ်ကို တမင်လုပ်ခဲ့ကြတာ အတ္တတွေနည်းနည်းကျလိုက် ကိုယ့်အတွက်ကြောင့် ထိခိုက်ခဲ့ရတဲ့လူတွေ မြင်တဲ့အခါပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်ရင်ဖြစ်ဖြစ် နောင်တတွေဝင်လာတတ်တော့ ကိုယ့်အတ္တတွေကို ပြန်တင်ပြီးတော့ ငါ့အမှားမဟုတ်ဘူး သူ့များကြောင့်ဆိုပြီး အပြစ်တင်စရာကိစ္စရှာပြီး စိတ်ကိုဖြေရတယ် ဥပမာဆိုရင် ထောင်တွေထဲမှာ အမှုအကြီးတွေကို အင်တာဗျူးပြီးတော့ သုတေသနလုပ်ထားတွေရှိတယ် ထောင်ကျနေတဲ့လူတွေမှာ အများစုတွေဟာ အပြစ်ရှိတယ်လို့ ပြောလေ့မရှိဘူး ဆင်ခြေပေးစရာကတော့ တခုမဟုတ်တခုရှိတယ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အမှားမဟုတ်ဖူးလို့ အတ္တကိုအတင်း ပြန်တင်ပြီးတော့ စိတ်ကိုဖြေနေကြရတာ ဒီတမျိုးကတော့ သနားစရာ အကောင်းဆုံးပေါ့။

မကောင်းတဲ့အတိတ် မချန်ထားခဲ့ချင်တာတော့ဟုတ်ပြီ ကောင်းတာနဲ့မကောင်းတာ ခင်ဗျားဘယ်လိုခွဲမလဲ ကိုယ့်နည်းကိုယ်ဟန် သတ်မှတ်မှာလား ဘာသာရေးအရလား လူ့အသိုင်းအဝိုင်းက သတ်မှတ်တဲ့ စည်းကမ်းလား ဥပဒေပြဌာန်းထားတဲ့ အရာတွေကိုဆိုလိုတာလား ဖြေမှရမယ်လို့ထပ်မေးတယ် ဒီဟာကတော့အဲလောက် လွယ်လွယ်ဖြေလို့မရဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆုံးဖြတ်တာကိုနောက်မှဖြေမယ် မေးသွားတဲ့မေးခွန်းထဲက အကြောင်းအရာတွေကို အရင်ဆုံးစဉ်းစားရအောင်လို့။ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတာနဲ့ ဥပဒေနဲ့မှာက အရေးယူလို့ရတာနဲ့ မရတာပဲကွာတယ်လို့ ပေါင်းယူဆရအောင် အလွယ်တကူပဲ စည်းမျဉ်းစည်းကမ်းလို့ပဲ ခေါ်ကြရအောင်လို့။ စည်းမျဉ်းစည်းကမ်းနဲ့ ညီအောင်နေရင် ကောင်းတယ်လို့သတ်မှတ်တာ Categorical Reasoning နောက်တခုက အဲ့ဒီစည်းကမ်းကို ထုတ်ရချင်းရည်ရွယ်ချက်ကိုပဲ ဦးစားပေးပြီးတော့ ဆုံးဖြတ်ရင်တော့ Teleological Reasoning ဖြစ်မယ်လို့ ၂ ခုလုံး ၁ ဘက်သတ်တော့ မကောင်းဘူးလို့ပဲဖြေတယ်။ ဥပမာဆိုရင် ငါးပါးသီလမှာပါတဲ့ အရက်သောက်တာ မကောင်းဘူးဆိုပါစို့ လူ ၂ ယောက်ထိုင်ပြီး ၁ ယောက်က အရက်သောက်နေတယ် ၁ယောက်က အရက်မသောက်ဘူး။ Categorical အရဆိုရင် သောက်နေတဲ့လူဟာ မကောင်းတာလုပ်တာပဲ ဒါပေမယ့် Teleological အရဆိုရင်တော့ အရက်မသောက်ရဆိုတာက ကာကွယ်တဲ့အနေနဲ့ ထုတ်ထားတဲ့စည်းကမ်း အသိစိတ်မပျောက်ဘူး တခြားဘာမှမကျူးလွန်ရင် မကောင်းဘူးလို့ ဆုံးဖြတ်လို့မရဘူး။

Categorical နဲ့ Teleological မညီမျှလို့ဒုက္ခရောက်ရတဲ့ ဘာသာရေး ဥပမာတွေလည်းရှိတယ် ကျမ်းကိုးအတိအကျ မမှတ်မိတဲ့အခါတော့ ကြားဖူးတဲ့အကြောင်းပဲလို့ ပြောရတော့မယ် မိုးကုတ်ဆရာတော်ကြီးဟောတဲ့ အစွဲအလန်း ကုက္ကုစ္စအကြောင်း တရားတခုထဲမှာ ဂေါတမဘုရား လက်ထက်မဟုတ်တဲ့ အခြားသော ဘုရားလက်ထက်မှာ ရဟန်းတပါးက လှေစီးလာရင်းနဲ့ ကမ်းပေါ်အတက်မှာ အားပြုပြီးတော့ ပိန်းပင်တပင်ကိုဆွဲမိရာက အပင်ကပြတ်သွားတယ် ရဟန်းဆိုတော့ ဝိနည်းလည်းရှိတော့ အဲဒီခေတ်ကလည်း အပင်မနှုတ်ရ ဝိနည်းရှိပုံရပါတယ် စည်းကမ်းပျက်တော့ အာပတ်သင့်တယ်လို့ စိတ်ကစွဲလာတော့ အဲဒီအစွဲကနေတဆင့် အကုသိုလ်အဖြစ်နဲ့ သေသွားတဲ့နောက် အပယ်ရောက်ပြီး ဂေါတမဘုရားလက်ထက်မှာ နဂါးတိရိစ္ဆာန်ဖြစ်ရတယ်။ ဒီနေရာမှာပြဿနာက အာပတ်သင့်တယ်ဆိုပြီးတော့ Categorical နဲ့အတင်းဆွဲသွင်းလို့ဖြစ်ရတာ တကယ်၍များ ဘာအကြောင်းနဲ့ ဝိနည်းကိုထုတ်ထားလဲ Teleological ဆင်ခြင်တာမျိုးနဲ့ မတော်တဆဖြစ်လို့ အပြစ်မမြောက်ဘူးဆိုတာမျိုး မျှတပြီးတော့ဆင်ခြင်နိုင်ရင် နောင်တတွေရပြီး ကုက္ကုစ္စအစွဲတွေနဲ့ အကုသိုလ်တွေလည်း ထပ်ဖြစ်မယ်မဟုတ်ဘူး။ အပေါ်မှာပြောခဲ့တဲ့ အရက်သောက်တဲ့ ဥပမာမှာလည်း မသောက်တဲ့လူကိုလည်း အပြစ်ကင်းတယ် မကင်းဘူးက အရက်မသောက်တာ တခုအတွက်နဲ့ကြည့်ပြီး ဆုံးဖြတ်မရဘူး သူ့ဟာသူမသောက်ပဲ ထိုင်နေရင်ဘာမှမှမဖြစ်ပေမယ့် အေးရာအေးကြောင်း သောက်နေတဲ့လူကိုကြည့်ပြီး ငါးပါးသီလကျိုးနေတဲ့လူ အကုသိုလ်ကောင်စသည်ဖြင့် ဒေါသထိုင်ပွားရင်တော့ မသောက်တဲ့လူက အကုသိုလ်ပိုများတယ် အခုကတော့ နောင်တအကြောင်းပဲ ပြောနေတာဖြစ်လို့ တခြားစကားလမ်းကြောင်းကို ရောက်သွားလိမ့်မယ်ဆိုတော့ ဆက်မဆွေးနွေးတော့ဘူးလို့ပဲဖြေတယ်။

ကောင်းတယ်မကောင်းဘူးကို ဘယ်လိုခွဲလဲဆိုတာ ခင်ဗျားမဖြေသေးဘူး အခုပြောသွားတဲ့စကားမှာတင် စည်းမျဉ်းစည်းကမ်းကို လိုက်နာတာကောင်းတာလား မကောင်းတာလားလည်း ပြတ်ပြတ်သားသားမရှိဘူးတဲ့။ ကိုယ့်အနေနဲ့ကတော့ လူမှုရေးကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်လုပ်ချင်တာနဲ့ အတိုက်အခံဖြစ်လာတဲ့အခါ ကိုယ်ဆုံးဖြတ်မယ့်အရာတခုအတွက် ကိုယ်တိုင်ရောသဘောကျရဲ့လား ဘယ်သူတွေထိခိုက်နစ်နာမလဲ တခုပဲအရင်ဆုံးစဉ်းစားတယ် ဘယ်သူမှလည်း မထိခိုက်ဘူးလို့ သုံးသပ်နိုင်မှပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါတယ်လို့ အထူးသဖြင့်ကိုယ်ဆုံးဖြတ်ချက်မှာ အတ္တတွေရဲ့တွန်းအားနဲ့ ကြိုပြီးတော့ဖြေသာတယ်ဆိုပြီး လုပ်ရမယ့်အလုပ်ဆိုရင် တချိန်မှာအတ္တပြန်ကျတဲ့အခါ နောင်တရမယ့်ဒဏ်မခံချင်လို့ မလုပ်ဖြစ်ဖို့ပဲသတိထားတယ်။ ဥပမာဆိုရင် ကိုယ်နေရာလိုချင်လို့ လုပ်ဖော်ကိုင်ဘက်ချင်း လောဘဒေါသဇောတွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင် နောက်ကျောကနေ ဓားနဲ့ထိုးရမယ့်ကိစ္စမျိုးတွေ လုပ်ဖို့အခွင့်အရေးမျိုး ဖြစ်လာတယ်ဆိုရင်တောင် မယူဖြစ်အောင်နေတယ် ကိုယ်နိုင်တယ်ဆိုပြီး ကိုယ်တိုင်တောင် ဂုဏ်ယူလို့မရရင် လောဘတွေ ကျသွားတဲ့အခါ ပိုပြီးတော့ အဆင်မပြေဖြစ်မယ်။ သူတပါးကို ထိခိုက်တဲ့ကိစ္စအပြင် ကိုယ်သဘောကျတဲ့ အပြုအမူဆုံးဖြတ်ချက် ဖြစ်ရဲ့လားဆိုတာလည်း အရေးပါသေးတယ် လောဘတခုအတွက်နဲ့ လိမ်လည်ပြီးတော့ တခုခုလုယူလိုက်တာ တန်တယ်ထင်ပေမယ့် ကိုယ့်ကိုယ်လိမ်မယ်ဆိုရင်တော့ သဘောမကျပြန်ဘူး ကိုယ့်ဆီကနေဘယ်သူ ပြန်လုသွားမလဲပူပန်ရမယ် ကိုယ်ကသစ္စာမရှိခဲ့ဖူးတော့ ကိုယ့်ကိုယ်လည်းသစ္စာမရှိမှာ ပူပန်လာလိမ့်မယ် နောင်တကတဆင့် သောကပါအဆစ်ပါမယ်လို့။ ဒီနှစ်ချက်ပဲ အခြေခံပြီးစဉ်းစားတယ် ဒါတွေနဲ့မငြိဘူးဆိုရင် နောင်တရမယ့်အလုပ်လို့ မသတ်မှတ်တဲ့အတွက် လူအများလက်ခံတဲ့ စည်းကမ်းတွေနဲ့ မကိုက်တာလည်း လုပ်တဲ့အခါရှိပါတယ် တရားသေမမှတ်ပါဘူးလို့။ အမြဲတမ်းလည်း လူဖြစ်နေတော့ မနေနိုင်ပါဘူးလို့ လိုအပ်လာတဲ့အခါ ဆုံးဖြတ်ပုံကိုပဲပြောတာပါ အခုအချိန်အထိတော့ ကိုယ်မှာကြီးမားတဲ့ နောင်တရစရာမကျန်အောင် နေနိုင်ပါသေးတယ်လို့ ပြောဖြစ်ပါတယ်။

ခင်ဗျားက Liberal အတော်ဆန်တာပဲတဲ့ အဲလိုလည်းမဟုတ်ဘူး ထင်တယ်လို့ငြင်းတော့ မဟုတ်ဘူးခင်ဗျားက တခါတခါဆိုလည်း Feminism တွေကို ထောက်ခံနေတာလည်းရှိတယ် ဘယ်လိုငြင်းချင်လဲပြော အမေးခံရပြန်တယ်။ အဲဒါဆိုရင်နည်းနည်း ထပ်ရှုပ်ကြတာပေါ့လို့ အရင်ဆုံးအနေနဲ့ Masculism ဆိုပြီးတော့ အမျိုးသားတွေပဲဦးစားပေးတဲ့ စနစ်မျိုးကိုတောင် မထောက်ခံတဲ့လူဟာ Feminism ဆိုရင်လည်း ဆန့်ကျင့်ဘက်ဖြစ်တော့ ဘယ်လိုပဲငြင်သာအောင် အဓိပ္ပာယ်ဖွင့်ဖွင့် အသုံးအနှုံးအရကိုက အစွန်းတဘက်ရောက်နေပြီဖြစ်လို့ ထောက်ခံမယ်လို့ထင်လို့လား Equality ပုံစံမျိုးနဲ့အယူအဆမျိုးပဲ လက်ခံနိုင်လေ့ရှိတယ်လို့။ တကယ်ကတော့ ကိုယ့်အတွက်က Equality ဆိုတာက ယောက်ျားမိန်းမရယ်မဟုတ်ပါဘူး ဖြူဖြူမည်းမည်း ကိုးကွယ်ရာ ဘာသာအစုံကိုပဲ ဆိုလိုပါတယ်လို့ အဲလိုဆိုလို့လည်း Liberal ဆန်တယ်လို့ ကောက်ချက်ချမစောနဲ့ဦး Equality ကို နိုင်ငံသားတခုအတွင်းပဲ လက်ခံနိုင်စွမ်းရှိတယ် နိုင်ငံသားမဟုတ်တဲ့လူကို မတူညီဖို့ခွဲခြားတာမျိုးကိုတော့ လက်ခံနိုင်စွမ်းရှိတယ် အဲဒီတော့ Nationalist လို့သတ်မှတ်ချင်သလား။ တသက်လုံးကလည်း အကူအညီရတဲ့ အစိုးရမျိုးလက်ထဲမှာ နေလာခဲ့ရတာမဟုတ် ကိုယ်တိုင်ပဲလွတ်အောင် ပင်ပန်းခဲ့ရတဲ့ ဘဝကလာတဲ့အတွက် Redistribution of Wealth ပုံစံမျိုးကိုလည်း အယုံအကြည်မရှိဘူး ကိုယ့်အတွက်ကိုယ် ကြိုးစားရင်ကြိုးစားလို့ဖြစ်တဲ့ အခြေအနေမျိုးပဲ သဘောကျတယ် အဲဒီတော့ Libertarian လို့အမျိုးအစားခွဲချင်လား လူတယောက်ဟာ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်တယ် သူငယ်စဉ်ကတည်းက ထိတွေလာတဲ့ စာပေတွေရဲ့ ကွာခြားမှုတွေနဲ့ တယောက်နဲ့တယောက်ဟာ အယူအဆအတွေးအခေါ်တွေ အများကြီးကွာဟပါလိမ့်မယ်လို့ အမျိုးအစားအတိအကျ ခွဲဖို့မဖြစ်နိုင်ပါဘူးလို့ ဆက်ပြောရင် ပြောသလောက် စကားလည်း အတော်ရှည်လိမ့်မယ် စားစရာနဲ့သောက်စရာလည်းကုန် ညဉ့်လည်းနက်ပြီဆိုတော့ ဒီမှာပဲရပ်ကြဦးစို့ နောက်ထပ်ပြောချင်ရင် ၁၀၀ဖိုး ၃ ပုဒ်တွေစုလာခဲ့ အခုတော့ပြန်ကြတော့ဆိုပြီး ပရိတ်သတ်ကို နှင်ရတော့တယ်။