Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၅)

ဒီတခါတော့ ရေးနေကျ စိတ္တဇအတွေးတွေလို ပြင်ပအကြောင်းအရာတွေ မပါသေးပါဘူး ကုန်ကြမ်းမစုံသေးတာရယ် ကိုယ်လည်းစာဖတ်ဖို့ အများကြီးကျန်နေတာရယ် ခဏခဏရေးရင်လည်း အရိုက်ခံရနိုင်တယ်ဆိုတော့ မရေးနိုင်သေးဘူး ဖြစ်နေတော့ သူငယ်ချင်းတွေနဲ့ စကားစပ်မိတဲ့ အလုပ်အကြောင်းနဲ့ ပညာရေးအကြောင်းပဲ မေ့သွားမှာစိုးလို့ ချရေးထားလိုက်ရတယ်။ ကျောင်းတက်နေတုံးမှာ ပညာရေးကိုထူးချွန်ဖို့ ဦးစားပေးလာရတာ အလုပ်လုပ်တော့လည်း လက်လွှတ်လို့မရပြန်ဘူး တက္ကသိုလ်ကရထားတဲ့ ဘွဲ့ဆိုတာမျိုးက Certificate တွေလို သက်တမ်းမရှိပေမယ့် အဲဒါကြီးပြပြီးတော့ တသက်လုံးတော့လည်း အသုံးမတည့်ပြန်ဘူး တခါခါတော့လည်း စဉ်းစားကြည့်တယ် ရထားတဲ့ ဘွဲ့လက်မှတ်ဟာ ပထမဆုံးအလုပ်လျှောက်တဲ့ အချိန်အတွက်လောက်ရယ် တချို့ပရောဂျက်တွေမှာ Proposal တင်ဖို့အတွက် လိုအပ်ချက်ထဲမှာ ပါတဲ့အချိန်လောက်ပဲ အသုံးတည့်တော့တာမျိုးပဲလို့ ခေါင်းထဲမှာပေါ်တယ် ကျန်တဲ့အချိန်တွေဟာ ကိုယ်တကယ်ပိုင်ဆိုင်တဲ့ Knowledge တွေပဲ အသုံးကျတယ် Knowledge ဆိုတာမျိုးကလည်း အမျိုးအစားက အမျိုးမျိုးရှိသလို ပုံသေလည်းရှိတာ မဟုတ်တော့ ဆက်ပြီးတော့ လေ့လာနေရတာ သေမှပဲရပ်လို့ရမယ်။

အလုပ်ထဲမှာနဲ့ ကျောင်းမှာနဲ့မတူတာက ကျောင်းဆိုတဲ့အမျိုးက သင်ရိုးညွှန်းတန်းရှိတယ် အလုပ်အတွက်ကျတော့ ငယ်တဲ့အရွယ်မှာ Technical နဲ့ ပတ်သက်တာတွေ လေ့လာနေရာကနေ နည်းနည်းကြီးလာတော့ Technical လည်း မျက်ခြေမပြတ်အောင်ထားရင်း အုပ်ချုပ်ရေးဘက် လေ့လာရတာဖြစ်မယ် နောက်ပိုင်းကျရင်တော့ Technical ကို လက်လွှတ်လိုက်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် အလုပ်လုပ်ရတဲ့ အခြေအနေပြောင်းလာတိုင်း ကျောင်းပြန်တက်ချိန် မရတော့ဘူးဆိုတော့ ကိုယ်တိုင်ပဲ သင်ရိုးညွှန်းတန်းက လိုအပ်သလို ပြဌာန်းပြီးတော့ပဲ ဘယ်အရာတွေက ကိုယ့်ရဲ့အလုပ်အကိုင် Career အတွက် အထောက်အကူပြုလဲဆိုပြီးတော့ ရှာဖွေပြီးလေ့လာရတယ်။

Career အတွက်လေ့လာဆိုတဲ့ နေရာမှာလည်း အမျိုးမျိုးရှိနိုင်တယ်။ မှတ်မှတ်ရရအနေနဲ့ မိတ်ဆွေတယောက်က ကိုယ့်အလုပ်မှာ အမြဲတမ်းဆက်ပြီးတော့ လေ့လာဖို့အတွက် ကုမ္ပဏီအနေနဲ့ ဘယ်လိုအထောက်အကူ ပေးတာမျိုးရှိလဲလို့ သိချင်လို့မေးဖူးတယ်။ အဲဒါနဲ့ကိုယ်သိတဲ့ မိတ်ဆွေတွေ အလုပ်လုပ်နေတဲ့ အလုပ်တွေကနမူနာတွေ ပြောပြဖူးခဲ့တယ်။ အလုပ်တွေကလည်း အမျိုးမျိုးရှိတယ် တချို့အလုပ်တွေက ခိုင်းချင်တာကအလုပ် တမျိုးထဲဆိုတော့ တခြားဘက်မှာ ပိုပြီးတော့ တိုးတက်သွားရင် ခိုင်းလို့မရပဲနဲ့ ပျောက်သွားမှာစိုးရိမ်လို့ ဆက်ပြီးတော့ လေ့လာတာကို မကြည်ဖြူတာတွေလည်း မြင်ဖူးပါတယ်။ တချို့အလုပ်ကျတော့ ငွေကြေးအားဖြင့် ထောက်ပံ့လိုက်တယ် ပြီးရင်တော့ စီးပွားရေးဆန်ဆန် စာချုပ်အလီလီနဲ့ ပြန်ခိုင်းတာလည်းရှိတယ်။ တချို့အလုပ်တွေကျတော့ ငွေကြေးအားဖြင့် ထောက်ပံ့တာမရှိပေမယ့် ကိုယ့်ဟာကိုယ် လေ့လာနေတာကိုတော့ အားပေးတဲ့အနေနဲ့ အလုပ်ချိန်ထဲကနေ အချိန်ဖဲ့ယူတာကို ဥပမာဆိုရင် ကျောင်းတက်ဖို့ရှိတယ်ဆိုရင် အချိန်စောပြန်ခွင့်မျိုး ခွင့်ပြုတာမျိုးလည်းရှိတယ်။

အစ်မတယောက်က တခါကကိုယ့်ကို မေးဖူးတာရှိတယ် မင်းဟာက ထွက်လာတဲ့ Gadgets တွေဝယ်နေတော့ မင်းဘာလုပ်ဖို့လဲတဲ့ အဲဒါနဲ့ ကျနော့်အတွက် ဘယ်လိုအသုံးကျလဲ ကျနော်သိချင်တယ်လို့ နောက်ပြီးတော့ အဲလိုသိမှလဲပဲ ကျနော့်အလုပ်ထဲမှာ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအကြံပေးလို့ရမလဲ သိမှာဖြစ်တဲ့အတွက် ဝယ်ဖြစ်နေတာလို့ဖြေတော့ အဲဒါမင်းအလုပ်မှမဟုတ်တာ အလုပ်အတွက်ဆို အလုပ်ကပေးရမှာပေါ့ဆိုတော့ အင်း… တခုရှိတယ် အစ်မရယ်လို့ ကျနော်လက်ရှိ အလုပ်အခြေအနေက အလုပ်တခုထဲလုပ်ဖို့ ခန့်ထားတဲ့ အခြေအနေ မဟုတ်ဘူးလို့ အကြံဉာဏ်ပေးဖို့အတွက် ခန့်ထားတာဆိုတော့ ကျနော့်ရဲ့ Knowledge အဟောင်းတွေ ကုန်သွားတဲ့အချိန် ကျနော့်မှာအလုပ် ရှိတော့မှာမဟုတ်ဘူးလို့ ဘယ်သူမှလည်း အကြံဉာဏ်တုံးသွားပြီဆိုတဲ့လူကို အလုပ်မခန့်တော့ဘူးလို့ အဲဒီအတွက်ကြောင့် ကျောင်းအမကြီးဝိသာခါ သူ့ယောက္ခမကိုပြောတဲ့ စကားအငှားပြောရရင် အဟောင်းစားပေါ့လေ အဟောင်းစားအနေနဲ့ပဲ နေလို့ရတဲ့အလုပ်မှာ လုပ်နေတာမဟုတ်လို့ အနည်းဆုံးတော့ ကိုယ့်အတွက်ကိုယ်ဆိုပြီး Knowledge အသစ်တွေရအောင် လေ့လာနေရတာလည်းရှိတယ် ရင်းနီးမြှုပ်နှံခြင်း တမျိုးပါပဲလို့ဖြေရတယ်။

အလုပ်ကလည်း အားပေးတယ်ဆိုရင်တော့ အကောင်းဆုံပေါ့ အားမပေးရင်လည်း ရပ်နေလို့တော့မဖြစ်ဘူး ကိုယ့်အနေနဲ့ကတော့ ၂ မျိုးလုံးကို ညီညီမျှမျှကိုပဲ သဘောကျတယ်။ သူငယ်ချင်းတယောက်နဲ့ တနေ့ကတွေ့တော့ သူ့အလုပ်ဟာသိပ်ပြီးတော့ သိပ်ပြီးတော့စီးပွားရေးဆန်တယ် Free ရတဲ့ Conference သွားတက်မယ်ဆိုတာတောင် T-Shirt ပေးလို့ရလာရင် ရုံးကိုအပ်ရမယ် ပြောတယ်ဗျဆိုတော့ မြတ်စွာဘုရား အဲလိုအလုပ်မျိုး ရှိသေးလားဆိုပြီး ရယ်လိုက်ရတာကို အူတောင်နာတယ် အဲလို စီးပွားရေးဆန်ဆန် ချစ်တီးကုမ္ပဏီဆိုရင်တော့ ကိုယ်လည်းပဲပြန်ပြီး စီးပွားရေးဆန်ဖို့ပဲရှိတယ် ကိုယ့်ဟာကိုယ်လေ့လာ ကိုယ့်ရဲ့ Knowledge အသစ်ကို အသုံးလိုချင်ရင် ဘယ်လိုပြန်ပြီးတော့ ပေးရမယ်ဆိုပြီးပဲ ညှိနှိုင်းရမှာပဲ အဲလိုမှမဟုတ်ရင်တော့ တခြားအလုပ်ပြောင်းပြီးတော့ပဲ ထွက်သွားဖို့ရှိတာ အလုပ်လုပ်တယ်ဆိုတာ စီးပွားရေးဆိုပေမယ့် ၂ ဦး ၂ ဖက်အနေနဲ့ အကျိုးအမြတ်တမျိုးစီတော့ ရနေမှဖြစ်လိမ့်မယ် အကျိုးအမြတ်ဆိုတာက အမြဲတမ်းအဖြစ် ငွေနဲ့ပဲဆုံးဖြတ်လို့ မရနိုင်ဘူးလေ။

Career ပြီးတော့ ဆက်ပြီးစဉ်းစားဖြစ်တာက တက္ကသိုလ်အကြောင်းပဲ တခါကလည်း ပညာတတ်ဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဆိုပြီး တခါရေးဖူးတယ်။ အခုနှစ်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံမှာလည်း အလုပ်လုပ်လို့ရတဲ့ အခြေအနေတခုကို ရောက်တဲ့လူတွေကလည်း ပြန်လာတာများတော့ အဲဒီလူတွေရဲ့ အပြောအဆိုတွေကို သတိထားကြည့်မိတယ် တချို့လည်း ကောင်းကောင်းမွန်မွန် ပညာသင်ခဲ့ကြရတဲ့လူတွေပါ သူတို့ဘယ်လိုတွေ ကျောင်းမှာသင်ခဲ့ရတယ် အဲဒီသင်ခဲ့ရတဲ့ အကြောင်းအရာတွေကြောင့် ဒီလောက်အထိ အောင်မြင်လာတယ်ပေါ့လေ သင်ခဲ့ရတာတွေဟာ ဘယ်လောက်အသုံးကျတယ် ပြောတာတွေမြင်ရတယ် အပ်ကြောင်းကလည်း ထပ်လာတော့ မျက်စေ့ကတော့ နောက်လာတယ် လူတိုင်းရယ်တော့ ဝါးလုံးရှည်နဲ့ ရမ်းပြီးတော့ ပြောတာမဟုတ်ပါဘူး တချို့တလေပေါ့။ ဘွဲ့ရလာတာ မကြာသေးတဲ့လူတွေ ပြောတာဆိုရင် ကိစ္စမရှိပေမယ့် နှစ်ဆွေးနေတဲ့လူတွေ ပြောလာတာတွေမြင်တော့ သူတို့တတွေခမျာမှာ ဒီအရွယ်အထိ ကိုယ်ပိုင်အရည်အချင်းနဲ့ မရပ်တည်နိုင်သေးပဲ ကျောင်းနာမည်ကို အငှားသုံးနေရတုံးပါလားဆိုပြီး အတော်လည်းသနားမိတယ်။

တကယ်တမ်းက ကျောင်းတွေမှာ သင်ပေးလိုက်တဲ့ သင်ရိုးထဲက အတတ်ပညာဆိုတာက လျှို့ဝှက်တဲ့ အတတ်ပညာတွေမှ မဟုတ်တာပဲ ဘယ်သူမဆို လေ့လာလို့ရပါတယ်။ အပြင်ကနေ လူတိုင်းလိုက်ပြီး မလုပ်နိုင်တာတွေက ကျောင်းမှာရှိတဲ့အချိန်မှာ အဖိုးအတန်ဆုံးတွေက အချိန်အကန့်အသတ် Deadlines တွေနဲ့ တခုထက်ပိုတဲ့ ပရောဂျက်တွေ အများနဲ့အတူ ဖိအားတွေ အများကြီးနဲ့ စုပေါင်းလုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေ သုတေသနဆိုရင်လည်း ပြဿနာတခုကို ရှု့ဒေါင့်အမျိုးမျိုးကနေ ဘယ်လိုသုံးသပ်ပြီးတော့ ဘယ်လိုဖြေရှင်းခဲ့လဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေပဲ တသက်လုံးပါလာပြီး အသုံးကျနေမှာပါ သင်ရိုးထဲက စာတွေဆိုတာက အခြေခံအားဖြင့် အသုံးကျတယ်ဆိုပေမယ့် အဆင့်မြင့်အနေနဲ့ သုံးလို့ရတယ်ဆိုတာက ဘယ်လောက်မှ ကြာကြာမခံဘူး ကျောင်းပြီးသွားလို့ အချိန်အတန်အသင့် ကြာလာတဲ့အချိန်မှာ ကိုယ်ရေးခဲ့တဲ့ သုတေသနအလုပ်တွေကို ပြန်စဉ်းစားကြည့်လိုက်လို့ ဂုဏ်ယူလို့ရနေသေးရင် ကိုယ့်ကိုကိုယ်ပြန်ပြီးတော့ ငါတကယ်ပဲဆက်ပြီး တိုးတက်လာခဲ့ရဲ့လားလို့ သုံးသပ်ဖို့လိုတယ်လို့ပဲ အကြံပေးရလိမ့်မယ်။

ပညာရေးမှာ အမြင့်ဆုံးအဆင့်ဟာ ဘယ်အရာလဲမေးရင် စာတွေများကြီး ဖတ်ခဲ့ဖူးတာလား အတွေ့အကြုံတွေ အများကြီးရှိတာကိုလား ဘွဲ့အများကြီးရခဲ့တာလား သုတေသနစာတမ်း အစောင်အရေအတွက်လား အသေအချာစဉ်စားရင် တခုမှမဟုတ်ဘူးလို့ပဲ ပြောရပါလိမ့်မယ် ပညာရေးမှာ အမြင့်ဆုံးဆိုတဲ့ အခြေအနေဟာ ကိုယ်ဘယ်အရာကို ကောင်းကောင်းသိပြီး ဘယ်အရာကို မသိဘူးလဲဆိုတာ ခွဲခြားတတ်ဖို့ရယ် ကိုယ်မသိတဲ့ အကြောင်းအရာတရပ်ကို နားလည်အောင် ဘယ်လိုစနစ်တကျ ချဉ်းကပ်မလဲဆိုတာကို စနစ်တကျလုပ်နိုင်တဲ့ အခြေအနေကို ခေါ်ပါတယ်လို့ ကိုယ်တိုင်အနေနဲ့ အဓိပ္ပာယ်ဖွင့်ထားတယ် လွယ်တယ်လို့ထင်ရတယ် ကိုယ်ဘယ်အရာကိုသိပြီး ဘယ်အရာကိုမသိဘူးလဲဆိုတာ ထင်သလောက်မလွယ်ဘူး ကြားဖူးနားဝတွေနဲ့ သိတယ်လို့ထင်နေတာလား စာတိုပေစတွေနဲ့ မသိတာကိုအသိ မရှိတာကိုအရှိဆိုပြီး အမြင်တွေကွယ်နေလား အသေအချာစဉ်းစားကြည့်ပါ အင်မတန်ခက်ပါတယ် အရှိအတိုင်းသုံးသပ်နိုင်လာရင် ကိုယ့်အတွက်လည်း အင်မတန်အကျိုးရှိပါလိမ့်မယ်။