Calm Hill The way of my life.

ငါမသေခင်

မဆလခေတ်နှောင်းမှာ ငါ့ကိုမွေးတာ

၇၅ ကျပ်တန်တွေ တရားမဝင်ဖြစ်တဲ့နေ့က

အမေငါ့ကိုမူကြိုက ကြိုပြီးအပြန်

ရောင်စုံခဲတံ ဝယ်ပေးမယ်ဆိုတဲ့နေ့ပေါ့

သုံးလို့ရတဲ့ ပိုက်ဆံထပ်မပါတော့

ခဲတံလေးလည်း မရလိုက်ပါဘူး

ကျောင်းနေစ အရွယ်လည်းရောက်

ခေတ်ကပျက် ကျောင်းတွေစပြီးပိတ်

ဖုတ်လိုက်ဖုတ်လိုက်နဲ့

သပိတ်မှောက်လိုက် ပစ်လိုက်ခတ်လိုက်

ငြိမ်သွားပြန်ရင် တခုခုနဲ့ပြန်စ

လုပ်စရာမရှိလို့ မဟာမြတ်မုနိကိုယ်တော်ကြီးကို

ကလိသွားထိုးတာတောင် မြင်ဖူးသေးတယ်

ဆိုင်ဆိုင်မဆိုင်ဆိုင်လေ

ကုလားဗမာရိုက်ကြတာတွေနဲ့

နှစ်တွေကိုဖြတ်သန်းလာခဲ့တာ

တက္ကသိုလ်ဘယ်တော့တက်ရမှာလဲ

ဘုရားမှပဲသိတဲ့အချိန် ဆယ်တန်းအောင်

စစ်ထဲဝင်ကွာဆိုပြီး အစ်ကိုဝမ်းကွဲက

လျှောက်လွှာတင်ပေးသေးတယ်

မျက်စေ့လည်ပြီး အောင်သွားရင်ဆိုပြီး

မေးခွန်းဖတ် ခုံနံပါတ်လည်းမထိုး

စာရွက်ဗလာနဲ့ ပေးပြီးလာခဲ့ဖူးတယ်

ဖြေခဲ့ရင်လည်း အောင်မယ်လို့ မကြွားမိပါဘူး

တော်ရာကျောင်းကနေ

ဘွဲ့ကတော့ရခဲ့ပါသေးတယ်

စိတ်ဓာတ်တခါမှ မကျခဲ့ဖူးပါဘူး

ကိုယ့်အရှေ့က လူတွေထက်

ကိုယ်အများကြီး ကံကောင်းသပေါ့

ကိုယ်သူငယ်တန်းတုံးက

ဆယ်တန်းဖြေခဲ့တဲ့ အစ်မဝမ်းကွဲဟာ

ကိုယ်ဆယ်တန်းရောက်မှ

House ဆင်းတာပြီးတာ

အင်တာနက်ဆိုင်မှာ မှတ်ပုံတင်နံပါတ်ရယ်

တနာရီကို ငွေတထောင်ကျော်နဲ့

ကျော်ခွပြီးတော့ သုံးခဲ့ဖူးတာ အမှတ်ရတယ်

ဖွဲ့စည်းပုံအတည်ပြုဆိုတော့

တရားဝင်အနေနဲ့ ဆဲခွင့်ရတဲ့နေ့ဆိုပြီး

No လို့ပေးခဲ့တာ

ပထမရွေးကောက်ပွဲက ဘယ်လိုပြီးမှန်းမသိ

ရွေးစရာမရှိတဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို

လေယာဉ်လက်မှတ်အကုန်ခံ ခွင့်ယူအိမ်ပြန်ပြီး

မနက်အစောကြီး မဲပေးခဲ့သေးတာ

အခုသမ္မတရွေးခံရတဲ့နေ့က ငါရန်ကုန်မှာ

အခုသင်္ကြန် ၅ ရက်ပြန်ဖြစ်ပြီ

အဲဒီထက် အတိတ်ပြန်သွား

အကြိုနေ့ဆိုတာ ရုံးဖွင့်ခဲ့တယ်လို့

ငါဘယ်သူ့ကိုမှ လက်မတို့ပါဘူး

တိုက်တိုက်ဆိုင်ဆိုင် ဘယ်အချိန်ပဲဖြစ်ဖြစ်

ဗရုပ်သုတ်ခဖြစ်တဲ့ အချိန်တိုင်းလိုလို

မြန်မာပြည်မှာငါရှိပါတယ်လို့ပြောရလောက်အောင်

ဒီနိုင်ငံနဲ့ငါက ရေစက်ပါလာတာ

ငါမသေခင်တော့ မြန်မာပြည်ကြီး ကောင်းလာတာ မြင်ဖူးမှာပါတဲ့”

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က

ဆုံးပါးသွားခဲ့တဲ့ ငါ့အဖေပြောခဲ့တာ

ပြန်ပြောင်းသတိရတယ်

ငါဒို့လည်းအဲလို ဆက်ပြောကြတာပေါ့

အဲလိုပြောမိပြန်ရင်လည်း

မျက်လုံးအပြူးသားနဲ့ လူတွေဝိုင်းကြည့်ခံရတာပဲ

အဖတ်တင်ပြီးတော့ ဘယ်သူ့ကိုပြောမှာလဲဆို

ငါအိမ်ထောင်မကျတဲ့ကိစ္စက

လူစိတ်ဝင်စားစရာထပ်ဖြစ်ရဦးမယ်။

(ခရစ်နှစ် ၂၀၁၇ မတ်လ ၁၀ ရက် ညသန်းခေါင်ယံ

ဥက္ကလာပတိုင်း တိုက်ခန်းတနေရာ)

comments powered by Disqus