Calm Hill My Random Thoughts

အလည်တခေါက် Da Nang

အရင်နှစ်ထဲက ဗီယက်နမ်အလယ်ပိုင်းက Da Nang ဆိုတဲ့မြို့ကို အိုက်ကိဒိုကိစ္စတခုနဲ့ ခဏရောက်ဖြစ်ခဲ့တယ် တခြားနိုင်ငံတွေမှာလုပ်တဲ့ Seminar တွေလို အကြီးကြီးတွေ မဟုတ်ပေမယ့် ဆရာဖြစ်သူကို ဖိတ်ထားတယ်ဆိုတော့ အားပေးတဲ့အနေနဲ့ လိုက်သွားဖြစ်တာပေါ့ ဒီနှစ်ထဲမှာလည်း သူတို့အသင်း ရဲ့ ၅ နှစ်မြောက် နှစ်ပတ်လည် လုပ်ချင်တယ်ဆိုပြီး ဖိတ်ထားတာနဲ့ အရင်တပတ်ထဲက Da Nang ကို ထပ်ပြီးတော့ ရောက်ဖြစ်သွားတယ်။ အရင်တခေါက်က ရန်ကုန်မှာရောက်နေတော့ ရန်ကုန်ကနေပဲ ဗီယက်နမ်လေကြောင်းနဲ့ Transit နဲ့ သွားလိုက်ရပေမယ့် ဒီတခေါက်ကတော့ စင်္ကာပူကနေပဲဆိုတော့ Da Nang ကို တိုက်ရိုက်လေယာဉ်ရှိတော့ အပြောင်းအရွှေ့မှာ ပြေးလွှားနေစရာမလိုတော့ အတော်အဆင်ပြေတယ်။ အသွားမှာက တိုက်တိုက်ဆိုင်ဆိုင် အီစတာရုံးပိတ်ရက်နဲ့ နီးနေတယ်ဆိုတော့ အနောက်နိုင်ငံကလူ အတော်များများ မိသားစုလိုက် ခရီးသွားတာနဲ့ကြုံနေတော့ လေယာဉ်တခုလုံးမှာ တဝက်လောက်က ကလေးတွေပဲဆိုတော့ ခရီးစဉ်တလျှောက်လုံး မပျင်းရတော့ဘူး ငိုတဲ့လူကငို ပြေးလွှားပြီးတော့ ဆော့တဲ့လူကဆော့နဲ့ လေယာဉ်တစီးလုံးလည်း ကလေးကစားကွင်းလို ဖြစ်နေတော့တယ်။

Da Nang ဘက်ရောက်တော့ ညပိုင်းရောက်နေပြီ လာကြိုတဲ့လူတွေက စီစဉ်ထားတဲ့ ကိုယ်နေရမယ့် ဟိုတယ်ကို လိုက်ပို့ပြီးတော့ ပြန်သွားကြတော့ ညစာအတွက်က ကိုယ်တိုင်ပဲထွက်ပြီး ရှာဖွေစားရတယ်။ Da Nang ဟာ တခုကောင်းတာက ဟိုချီမင်းနဲ့ ဟနွိုင်းထက် လုံခြုံတယ်လို့ပြောရမယ် ညပိုင်းအပြင်ထွက်လို့ အဆင်ပြေတယ် ပိုက်ဆံအိတ်ဖုန်း အလုခံရမှာသိပ်ပြီးတော့ မပူပန်ရဘူး။ ပြဿနာနည်းနည်းရှိတာက အင်္ဂလိပ်လိုပြောလို့ ဘယ်လိုမှအဆင်မပြေတာပဲ လမ်းပေါ်မှာက စားစရာဆိုင် မရှားဘူးဆိုပေမယ့် Menu တွေက ဗီယက်နမ်လိုပဲ အကုန်ရေးထားတော့ ဘယ်လိုမှာရမှန်းမသိဘူး တခုခုစားမယ်ဆိုရင် အစားအသောက် ပြင်နေတဲ့နေရာကိုသွား သူများဘာစားလဲကြည့်ပြီး လက်ညှိုးထိုးမှာရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညစာအတွက်တော့ ခေါက်ဆွဲတပွဲကို ရအောင်တော့ မှာနိုင်လိုက်ကြတယ်။ ညစာစားနေတုံးမှာပဲ ဟောင်ကောင်ကနေ စောရောက်နေတဲ့ ဆရာ့ရဲ့သူငယ်ချင်းပါ ရောက်လာတော့ လူအတော်စုံသွားတယ်။

ဆရာ့သူငယ်ချင်းက လူကြည့်လိုက်ရင်တော့ T-Shirt အစုတ်နဲ့ ဆိုပေမယ့် စကားပြောကြည့်မှ အတော်ကိုချမ်းသာမှန်းသိရတယ်။ နိုင်ငံတော်တော်များများမှာ သူပိုင်တဲ့အိမ်ခြံတွေ အတော်များများရှိသလို လက်ရှိလည်း အလုပ်လုပ်နေတုံးပဲ မြန်မာနိုင်ငံမှာလည်း သူ့အလုပ်တွေရှိတယ်။ ကိုယ်အလုပ်က လခစားလည်းဖြစ်သလို ကိုယ်နားလည်တဲ့ စီးပွားရေးအလုပ်ဆိုတာက နည်းပညာနဲ့ဆိုင်တဲ့ အရာတွေပဲဖြစ်တော့ သူတို့နားလည်တဲ့ ဘယ်လောက်ဝယ်ပြီး ဘယ်လိုရောင်းရင်ဆိုတဲ့ အရောင်းအဝယ် စီးပွားရေးမျိုးက ကိုယ်တွေနဲ့က အလှမ်းဝေးလွန်းပါတယ်။ ဆရာကလည်း ကိုယ်ပိုင်အလုပ်နဲ့ဆိုတော့ သူတို့နှစ်ယောက် စကားပြောတာတွေ နားထောင်ရတာက အတော်ဗဟုသုတရပါတယ်။ ကုန်သည်လည်းဖြစ်တော့ စကားအပြောအဆိုဟာ အတော်ကိုကွာတယ် ကိုယ်တွေထက် တစ်မနက်ပဲ စောရောက်ပေမယ့် တမြို့လုံးက ဆိုင်အတော်များများ သူရောက်ပြီးနေပြီ စကားပြောခဲ့သမျှလူတွေနဲ့ မိတ်ဆွေဖြစ်နေပြီးပြီ ကိုယ်တွေလိုမျိုး တလလောက်နေမှ လူတစ်ယောက်နှစ်ယောက်နဲ့ စကားပြောဖြစ်တယ် ဆိုတာမျိုးနဲ့တော့ သိပ်ပြီးကွာခြားလွန်းတယ်။

ဒီတခေါက် အိုက်ကိဒိုကိစ္စတွေက အတော်လေးကို ဗရုတ်သုတ်ခနိုင်တယ် မလေးရှားနိုင်ငံက ဆရာက ခရီးမထွက်ခင်လေးမှာပဲ မတော်တဆကိစ္စတခုဖြစ်ပြီး ခြေကျင်းဝတ်လည်သွားလို့ မရောက်လာနိုင်ဘူး သူ့တပည့်တယောက်ပဲ ရောက်လာနိုင်တယ်။ သူမလာနိုင်တော့ သူသင်ရမယ့်အချိန်တွေမှာ ဟောင်ကောင်ကဆရာကို အစားထိုးပြီးတော့ သင်ခိုင်းဖို့လုပ်ပေးရတယ်။ ဗီယက်နမ်ဘက်က သင်တန်းသားတွေထက် နိုင်ငံခြားကလာတဲ့ လူတွေကများနေတော့ ဗီယက်နမ်ဘက်ကလည်း အတော်ရုပ်ပျက်ရတယ် နောက်မှသေချာ မေးကြည့်လိုက်တော့ နိုင်ငံရေးပြဿနာပေါင်းများစွာ တခြားအသင်းတွေက သင်တန်းသားတွေက သူတို့ဆရာတွေက မလွှတ်တဲ့အတွက် မရောက်လာကြတာတွေရော အတော်စိတ်ပျက်ရတယ်။ ကိုယ်စိတ်ပျက်တာကို ဆရာကတော့ဆုံးမပါတယ် မင်းကနိုင်ငံရေးနဲ့ ရှောင်လို့မလွတ်တော့တဲ့ အချိန်ရောက်လာနေပြီ နေတတ်အောင်နေတဲ့။ ရာသီဥတုပြင်းတာတခုကြောင့် နေ့လည်ပိုင်းအချိန်တွေက အတော်ကိုပင်ပန်းတာရယ် ဒဏ်ရာနည်းနည်းကလွဲရင် သင်တန်းချိန်တွေက အားလုံးအဆင်ပြေပါတယ်။

Trophy

တနင်္ဂနွေနေ့မှာ သင်တန်းကပြီးပြီ အင်္ဂါနေ့ညမှ ပြန်မှာဆိုတော့ ၂ ရက် လည်ချိန်ပတ်ချိန်ရတယ်။ Da Nanag ပတ်လည်က လျှောက်သွားစရာ အတော်များများရှိတယ် မြို့နဲ့အနီးဆုံးမှာ Hoi An ဆိုတဲ့ ရှေးဟောင်းမြို့တခုရှိတယ် Hoi An ဟာ UNESCO World Heritage တခုထဲမှာပါတယ်။ မြို့ထဲကိုလမ်းလျှောက်ဝင်ရယ် မြို့ထဲရောက်တာနဲ့ တရုတ်ကားထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရလိမ့်မယ် မြို့တမြို့လုံးဟာ အောက်ထပ်က ဆိုင်ဖွင့်ထားတဲ့ ၂ ထပ်အိမ်လေးတွေ အများကြီးတွေ့ရလိမ့်မယ် အခုကတော့ အသစ်ထပ်မဆောက်ပေမယ့် ရှိနေတဲ့အိမ်လေးတွေမှာ အမှတ်တရဆိုင်လေးတွေ စားသောက်ဆိုင်လေးတွေရှိတယ်။ Hoi An မှာ ၁၆-၁၇ ရာစုလောက်က ဂျပန်တွေလာပြီးတော့ ဆောက်ထားတဲ့ တံတားတခုရှိတယ် တံတားပေါ်မှာ ဘုရားကျောင်းတခုရှိတယ်။ ဒေသခံတွေ ရှင်းပြတာတော့ ဖုန်းရွှေပညာအရ ဗီယက်နမ်နဲ့ ဂျပန်ဟာ နဂါးတကောင်ပေါ်မှာ ဗီယက်နမ်ဘက်ကအမြီး ဂျပန်ဘက်မှာဦးခေါင်းနဲ့ တည်နေတယ်ဆိုတယ် နဂါးအမြီးပိုင်းကို ထိမ်းထားနိုင်မှ ဦးခေါင်းပိုင်းငြိမ်ပြီးတော့ ငလျင်လှုပ်တာ သက်သာတယ်ဆိုပြီး အမြီးပိုင်းရှိတဲ့ Hoi An မြို့ထဲကမြစ်ပေါ်မှာ တံတားတခုထိုးပြီး ဘုရားကျောင်းတခု လာပြီးဆောက်ထားတယ် ပြောကြတယ်။ Hoi An မှာ ဓာတ်ပုံရိုက်တဲ့ လူအတွက်ဆိုရင် တနေကုန် အချိန်ဖြုန်းလို့ရတော့ ညပိုင်းမှပဲပြန်လာခဲ့တယ်။

Trophy

Da Nang နဲ့ သိပ်မဝေးတဲ့နေရာမှာ Hue ဆိုတဲ့ တချိန်တုံးက ဗီယက်နမ်ဧကရာဇ် နန်းစိုက်ခဲ့တဲ့ မြို့တော်ဟောင်းတခုရှိတယ် ၂နာရီ ၃နာရီလောက်တော့ ကားနဲ့သွားရင်ရတယ်။ Hue ဟာ ကိုယ့်ဆီမှာလိုဆိုရင်တော့ မန္တလေးလိုမြို့မျိုးပဲ။ ဧကရာဇ်နေခဲ့တဲ့ နန်းမြို့ဆိုရင်လည်း တည်ဆောက်ခဲ့တဲ့အချိန်လည်း ၁၉ ရာစုဆိုတော့ ကိုယ့်နိုင်ငံကနောက်ဆုံး နန်းမြို့နဲ့သိပ်ပြီးတော့ မကွာခြားလှဘူး အဲဒီမြို့မှာပဲ ပြင်သစ်တွေက ဧကရာဇ်ကိုနန်းချခဲ့တာ။ တကယ်တော့ ဗီယက်နမ်ဟာ တရုတ်ယဉ်ကျေးမှု အတော်ကိုလွှမ်းမိုးတယ် ဧကရာဇ်ရဲ့ နန်းတော်အဆောက်အဦးတွေဟာ တရုတ်လက်ရာတွေပဲ ပြတိုက်မှာပြထားတဲ့ အမိန့်စာတွေဆိုလည်း တရုတ်စာပဲသုံးတာ ဒါပေမယ့် တရုတ်လို့တော့ သူတို့ကလက်မခံဘူး သူတို့မဟုတ်ဘူးဆိုလည်း ကိုယ်ကအတင်းဟုတ်တယ် ငြင်းမနေတော့ဘူးပေါ့လေ။ Hue မှာ လည်စရာနေရာက နန်းတော်နဲ့ ဘုရားတွေပြီးရင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းရှိတယ် ဧကရာဇ်ရဲ့ နောက်ဆုံးနေရာဟာ ဗီယက်နမ်အနုပညာရယ် ပြင်သစ်ဗိသုကာရယ် ပေါင်းစပ်ပြီး အတော်ခမ်းနားအောင် တည်ဆောက်ထားတယ်။ အဲဒီအထဲရောက်တော့ လိုက်ပို့တဲ့သူငယ်ချင်းက မင်းတို့ဆီရော ဘုရင်တွေရဲ့သင်္ချိုင်းတွေ ဒီလိုပဲလားဆိုတော့ အတော်ဖြေရခက်တယ် စိတ်ထဲရှိတဲ့အတိုင်းပဲ ဒို့နိုင်ငံကဘုရင်တွေရဲ့ ဩဇာအာဏာဟာ သေပြီဆိုတာနဲ့ သုညကိုရောက်တာပဲ ကျန်ရစ်ခဲ့တဲ့ သားတွေကလည်း ဘုရင်ဖြစ်ဖို့ လုကြဖို့ပဲ စိတ်ထဲရှိကြတော့တာ ဘယ်ဘုရင်ရယ်မှ အထိမ်းအမှတ်ရယ် ရေရေရာရာ မကျန်ခဲ့ပါဘူးလို့ပဲ ပြောရတော့တယ်။

အင်္ဂါနေ့မှာ Hue ကနေပြန်လာတော့ ညနေ ၆ နာရီလောက် ဖြစ်နေပြီဆိုတော့ ညပိုင်း ၈ နာရီလေယာဉ်ချိန် အမှီဆိုတော့ တက်သုတ်ရိုက်ပြီးတော့ ပစ္စည်းတွေသိမ်းပြီး လေဆိပ်ကိုဆင်းရတယ် အပြန်လည်း လေယာဉ်ပေါ်မှာ ကလေးတွေနဲ့ အများကြီးပဲဆိုပေမယ့် တနေကုန်ခရီးသွားနေ ရာသီဥတုကလည်း ပြင်းတယ်ဆိုတော့ အတော်ကိုဒေါင်းနေပြီ အလာခရီးကလို ကိုယ့်လာနှုတ်ဆက်တဲ့ ကလေးတွေနဲ့ မကစားနိုင်တော့ဘူး လေယာဉ်ထွက်တာနဲ့ အိပ်ပျော်သွားလိုက်တာ လေယာဉ်ဆင်းလို့ ဘေးကလူတွေနှိုးမှပဲ စင်္ကာပူကိုရောက်မှန်းသိတယ်။ အိမ်ပြန်ရောက်တော့ မနက် ၁နာရီခွဲလောက် ဖြစ်နေပြီဆိုတော့ အိပ်တွေလည်းမဖွင့်နိုင်တော့ဘူး နောက်ရက်မနက် ရုံးတက်ရမယ်ဆိုတော့ မြန်မြန်ဆန်ဆန် သွားတိုက်မျက်နှာသစ် အဝတ်လဲပြီးတော့ အိပ်ရတော့တယ်။ နောက်တနေ့မှာတော့ မနက်လင်းရုံးသွား Error တက်ဆိုတဲ့ သံသရာထဲကို ပြန်ရောက်ခဲ့ရတာပေါ့လေ။