Calm Hill My Random Thoughts

ရန်ကုန်နေ့ရက်များ (၁)

ဒီတခေါက် ရန်ကုန်ကို မလာခင်လေးတင် တုတ်ကွေးမိမလိုဖြစ်လို့ ကသီလင်တနဲ့ ဆေးသောက်ပြီးတော့ ထွက်လာခဲ့လိုက်ရရော ရည်ရွယ်ထားတာက ၂ ပတ်နေမယ် ရုံးနေရာရွှေ့ပြီးတာနဲ့ ပြန်မယ်ပေါ့ဆိုပြီး တွက်ထားလိုက်ပြီး ထွက်လာခဲ့လိုက်တာ ရုံးရွှေ့ချိန်ကနေစပြီးတော့ မရည်ရွယ်တဲ့ အလုပ်တွေပဲ ဝင်လာလိုက်တာ ပထမတပတ်ဟာ ဘယ်လိုကုန်မှန်းမသိပဲ ကုန်သွားပြီးတော့ တပတ်ကျော်လောက်မှ နည်းနည်းလှုပ်နိုင်တာနဲ့ ဦးကြီးဆီကိုလည်း သွားမယ်လေဆိုပြီး မြောက်ဒဂုံဘက်ကို ရောက်ဖြစ်တော့တယ်။ ဟိုဘက်ကနေ မလာခင်ကတည်းက ဦးကြီးအိမ်တော့ သွားမယ်ရည်ရွယ်ပေမယ့် ဘာဝယ်ခဲ့ရမလဲ စဉ်းစားမရတာနဲ့ ဝိုင်တလုံးဝယ်လာတယ် တကယ်ကတော့ အရင်တခါတွေလည်း သူ့အတွက်ဆိုပြီး အမြဲဝယ်လာပါတယ် သူ့ဆီမရောက်တာနဲ့ ရောက်တဲ့အခါလည်း မေ့သွားလိုက်တာနဲ့ ကိုယ့်ဟာကိုယ်ပဲ သောက်လိုက်ရတာလည်း အကြိမ်များပါပြီလေဆိုပြီး ဒီတခါတော့ သတိတရနဲ့ ယူသွားလိုက်ပြီး ဦးကြီးရေ လက်ဆောင်ဆိုပြီး ပုလင်းလည်း ပေးလိုက်ရော ငါအရက်မသောက်တာ ဆယ်နှစ်ကျော်ပြီဆိုတော့ ပြန်ယူသွားရလည်းအခက် ဝိုင်ပဲအရက်မဟုတ်ဘူးဆိုပြီး အတင်းပေးထားခဲ့တယ်။ ဦးကြီးရဲ့အမျိုးသမီးက သူ့ယောက်ျားကို ပုလင်းပေးလို့ဆိုပြီး ကိုယ့်ကိုနောက်တခါ အိမ်အလာခံချင်မှ ခံတော့မှာပေါ့လေ။

ဦးကြီးဆီကို ရောက်လိုက်တော့ လှည်းတန်းနားမှာနေတဲ့ အစ်မအိမ်ကလည်း ရောက်တော့တာပေါ့ တူမဖြစ်သူကလည်း ဦးလေးဖြစ်သူလာတော့ ပျော်တယ်လေ ငယ်တုံးကနဲ့မတူတာက ရောင်စုံခဲတံနဲ့ မခြယ်ခိုင်းတော့ဘူး စာသင်ခိုင်းတယ် အဲဒီထက်တိုးတက်တာက EXO အဖွဲ့ကို သွားကြည့်ချင်လို့ Junction Square ကို လိုက်ပို့ပါဆိုတော့ နေပူကြဲတဲကြီးကို အနက်နုရောင် အသားအရေနဲ့ ဦးလေးဖြစ်သူကို တခြားကိစ္စ ပူဆာပါလားကွယ် ဘာစားချင်စားချင် ဝယ်ကျွေးပါ့မယ်လို့ မနည်းတောင်းပန်ယူရတယ်။ ဖြစ်ချင်တော့ ရက်နည်းနည်းပဲကြာတယ် အပူချိန်တွေတိုးလာလို့ ဒဂုံမှာနေတဲ့ ဦးကြီးဖြစ်သူက သွေးခုန်နှုန်းတွေ ထိုးကျသွားလို့ဆိုပြီး အစ်မဖြစ်သူက မီးလာတဲ့သူ့အိမ်ကို ခေါ်ထားတယ်ဆိုတော့ ရုံးမှာအလုပ်ရှုပ်လည်း ညပိုင်းပြန်ရင်တော့ နေ့တိုင်းလိုလို ဦးကြီးဆီတော့ မရောက်ရောက်အောင်သွားရတယ် လူကြီးဆိုတော့လည်း စကားပြောစရာ လူမျှော်တယ်မဟုတ်လား။

ရန်ကုန်ရောက်ရင် ကသိကအောင့်ဖြစ်ရတာက အလုပ်ရှုပ်နေလို့ဖြစ်ဖြစ် အစည်းအဝေးလုပ်နေရင်းဖြစ်ဖြစ် အသံပိတ်မထားမိတဲ့အချိန် ဖုန်းပဲဖြစ်ဖြစ် SMS ပဲ ဖြစ်ဖြစ်ဝင်လာရင် လန့်လန့်သွားတတ်တယ် နံပါတ်သိတဲ့လူဆက်ရင် အကြောင်းအရင်းရ လက်ခံလို့ရပေမယ့်လို့ ဖုန်းအော်ပရေတာရဲ့ Automated Calls တွေနဲ့ ကြော်ငြာတွေက အတော်ကြီးကို စိတ်ပျက်စရာကောင်းတယ်။ လူပျိုကြီးဆီ စံဇာဏီဘိုရဲ့ အချစ်ရေးဗေဒင်ကြော်ငြာ SMS မျိုး ခဏခဏ ရောက်လာတာမျိုးကို တော်ရုံတန်ရုံနဲ့ သည်းခံနိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ကိုယ်သုံးနေတာက Ooredoo ဆိုတော့ သူ့ရဲ့ Site မှာ ရှာဖွေကြည့်တယ် Subscribe လုပ်ထားမိလား စစ်ကြည့်တော့လည်း ဘာမှမလုပ်ထားဘူး ခက်တာက ဝင်နေတာတွေကို ဘယ်လိုမှလည်း Unsubscribe လုပ်လို့ရတဲ့နည်းလမ်း ရှာလို့ဖွေလို့မရဘူး ပိုက်ဆံပေးသုံးနေတဲ့ Customer ဆိုတာက ကြော်ငြာချင်တိုင်း ကြော်ငြာလို့ရနေတဲ့ Platform မှမဟုတ်တာ Default အနေနဲ့ Subscribe လုပ်ထားဦးတော့ ပိတ်လို့ကတော့ ရကိုရရမယ်။

Ooredoo Myanmar ရဲ့ Service ကို Messenger ကနေမေးတယ် ဖုန်းနံပတ်ပြောပါဆိုပြီး ဖြေလိုက်ပြီးကတည်းက ဘာမှဆက်မဖြစ်လာဘူး ကြော်ငြာတွေကလည်း ဝင်မြဲဝင်ဆဲပဲဖြစ်သလို ဖုန်းတွေလည်းဝင်တုံးပဲ အဲဒါနဲ့ Customer Service ကို ဆက်ပြီးတော့မေးတော့ ပြန်ဖြေပေးတဲ့ တယောက်က ပိတ်ပေးလို့မရဘူး အစ်ကိုမလိုချင်ရင် Block လုပ်ထားလို့ ရပါတယ်ဆိုတော့ ကိုယ်လည်းတင်းပြီလေ ညီမတို့အဲလိုပို့နေတဲ့ နံပတ်ဘယ်နှစ်လုံးရှိလဲ ပြောကြည့်ဆိုတော့ မသိဘူးအစ်ကို အများကြီးပဲတဲ့ ဟေ… ပို့တဲ့လူတောင် နံပါတ်ဘယ်နှစ်လုံး ရှိမှန်းကိုမသိတာ ငါကလာသမျှ ဘလော့ရအောင်လည်း ငါ့အလုပ်မဟုတ်ဘူးကွလို့ မလိုချင်ရင် ဘလော့ထားပေါ့ ဆိုတာလောက် တာဝန်မဲ့တဲ့ စကားမရှိဘူးကွလို့ ငါ့နံပါတ်ကိုမပို့နဲ့လို့ Exclude လုပ်ပေးလို့ မဖြစ်နိုင်ဘူးတွေ ဘာတွေမလာခဲ့နဲ့ ဖြစ်နိုင်မှန်းသိလို့ လုပ်ခိုင်းနေတာလို့ အတော်အခြေအတင် ပြောလိုက်ပြီးတော့မှ Ooredoo ဆိုတဲ့ SMS ကလွဲရင် ကျန်တာတော့ ပိတ်ပေးဖို့အတွက် ဖြစ်နိုင်ပါတယ် Request လုပ်ပေးမယ် Confirmation အတွက် နံပါတ်အပူး ၃ လုံးနဲ့ ၄၈ နာရီအတွင်း ဖုန်းဝင်လာရင်သာ ကိုင်ပေးပါဆိုပြီး ငြိမ်းချမ်းရေးရသွားတယ်။

နောက်တရက်ကျော်လောက်တော့ ဖုန်းဆက်တယ် မဝင်လာအောင် ပိတ်ထားပေးတယ်ပြောတယ် နောက်ရက်မနက်ကျ ဖုန်းဘေလ်ဖြင့် ဝန်ဇင်း App မှ စာအုပ်များ ဝယ်ယူနိုင်ပါသည်ဆိုတော့ ကလော်တုတ်ချင်စိတ် ပေါက်လာပေမယ့် နာရီပိုင်းပဲရှိသေးတော့ အနည်းဆုံးတော့စာရင်းထဲ မဝင်သေးလို့လားလို့ သည်းခံထားလိုက်တယ် အခုထိတော့ Ooredoo ဆိုတဲ့ SMS ကနေ တနေ့တခါလာတဲ့ Data Plan Promotion ကိုတော့ သည်းခံနေရတာကလွဲရင် အခုအချိန်အထိတော့ ထပ်ပြီးတော့ မဝင်လာသေးဘူး ဝင်လာရင်တော့ ပြေလည်တာ မပြေလည်တာနောက်ထား ဖုန်းဆက်ပြီးတော့ Customer Support မှာတွေ့တဲ့လူကို ပြဿနာထပ်ရှာရလိမ့်ဦးမယ်။

တခါတခါတော့လည်း ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မိတယ် ကိုယ်ရောက်လေရာရာမှာ ပြဿနာဆိုတာကို မရှိရှိရာမီးထွန်းရှာတဲ့ ပါရမီများပါသလိုပဲ ပြဿနာဆိုတာက ကိုယ်မရှာရင်လည်း ကိုယ့်ဆီကို မရောက်ရောက်အောင် လိုက်လာတတ်တာ ရန်ကုန်ရောက်ရင် ပြဿနာပိုတက်တယ် မတွေ့သေးတဲ့ Error တွေပိုတက် အလွဲလွဲအမှားမှားတွေ တိုးတိုးလာပြီးတော့ ၂ ပတ်နဲ့ပြန်မယ့်လူက ၅ ရက်နောက်ဆုတ် နောက်တော့ ၃ ပတ်နောက်ဆုတ်နဲ့ လကုန်လောက်မှပဲ ပြန်ရတော့မယ့်ကိန်း ဆိုက်နေတော့တာ။ အခုကတော့ ပြဿနာတွေလည်း နည်းတော့နည်းလာပါပြီ မကြာခင်တော့ ရှင်းလို့ရတော့မှာပါ ဘယ်လောက်ပင်ပန်းပန်း ကိုယ်နဲ့ဆိုင်တဲ့ပြဿနာ ကိုယ့်လူတွေလုပ်ရင် ကိုယ့်တာဝန်ရှိလေတော့ ရှင်းလို့မရမချင်း နားလေ့လည်းမရှိတော့ အခုအချိန်အထိတော့ မနားနိုင်သေးဘူး အားလုံးရှင်းမှပဲ ပေါင်းပြီးတော့အတိုးနဲ့ နားရတော့မယ်။ တဖြည်းတဖြည်းနဲ့တော့ ပြဿနာတွေလည်း ရှင်းသလောက်ဖြစ်ပြီး ပုံမှန်အလုပ်ဘက်ကို ရောက်စတော့ပြုပါပြီလေ ပြဿနာဆိုတာက ရှင်းလို့ရတယ်ဆိုပေမယ့် ပြန်ပြီးတော့ နက်မလာနိုင်တော့တဲ့ ဆံပင်အဖြူတွေတော့ ဒီလထဲမှာအများကြီး တိုးပွားသွားခဲ့ရပြီလေ။