Calm Hill My Random Thoughts

ရန်ကုန်နေ့ရက်များ (၂)

အရင်တခေါက် ရန်ကုန်ကနေ ပြန်လာပြီးကတည်းက ရန်ကုန်ကိုမသွားဖြစ်ဘူး ဒီဘက်ရုံးချုပ်မှာတင် အလုပ်တွေများပြီး သောင်တင်နေရာက ရန်ကုန်ရုံးဘက်မှာ လူအသစ်တွေ အတော်များများ ခန့်လိုက်ပြီးတော့ ကွန်ပျူတာတွေ ထပ်ပြီးလိုတာရယ် ဝန်ထမ်းသင်တန်းသားတွေရဲ့ ထရိန်နင်အခြေအနေလည်း ကြည့်ရအောင်ရယ်ဆိုပြီး လိုအပ်တဲ့ ကွန်ပျူတာတွေ ပစ္စည်းပစ္စယတွေ သယ်လာပြီးတော့ အရင်လအလယ်ကစပြီး ရန်ကုန်ကိုရောက်ဖြစ်တယ်။ အားတဲ့ရက်လေးရှိရင် မန္တလေးသွားမယ် စိတ်ကူးထားပေမယ့် လေယာဉ်ပေါ်က ဆင်းဆင်းချင်းပဲ အမေဖြစ်သူက ဖုန်းဆက်တယ် မင်းလာရင်ထားစရာ နေစရာမရှိဘူး ငါလည်းအလုပ်ရှုပ်တယ် ဒီတခေါက်တော့ မလာခဲ့နဲ့ဆိုတော့ ကိစ္စပြတ်သွားတယ်။

အရင်ရုံးအဟောင်းနားမှာ ငှားထားတဲ့ အခန်းကလည်း ကိုယ်လာမယ့်ရက်မှာပဲ စာချုပ်ပြည့်သွားတော့ နေစရာနေရာလည်း အတည်တကျမရှိ အိမ်ခန်းလည်း ထပ်မရှာဖြစ်သေးတော့ ရန်ကုန်ရုံးက ရှာထားပေးတဲ့ ရုံးနဲ့မလှမ်းမကမ်းက ဟိုတယ်တခုမှာနေတယ်။ နေစရာမရှိဘူးလို့ ပြောမိတဲ့အခါတိုင်း ဘယ်မှာနေလဲဆို ဟိုတယ်မှာ နေတယ်ပြောရင် လူတွေကမသနားဘူး ရယ်ကြတယ်။ ဟိုတယ်မှာနေရတဲ့ ဘဝတွေကလည်း ကြယ်လေးငါးပွင့်နဲ့ ဟိုတယ်မှာ မဟုတ်တဲ့အတွက် ဘာမှသိပ်ထူးတယ် မဟုတ်ပါဘူး ကုတင်ပေါ်က ဆင်းလိုက်ရင် ရေချိုးခန်းထဲ ရောက်သွားတဲ့ ထောင်ကျနေသလို အခန်းထဲမှာဖြစ်နေတဲ့ သူ့ဒုက္ခနဲ့သူရယ်ပါ။

ရောက်ရောက်ချင်း နေတဲ့အခန်းမှာ ညသန်းခေါင်ကျော်ရင် ရေချိုးခန်းထဲကနေ ၂ နာရီတခါလောက် ဂလောင်ဆိုပြီး အသံကြားရတယ် အစကတော့ သူခိုးဝင်ရင် ရိုက်မယ်ဆိုပြီး မီးရွာရင်ဆောင်ထားတဲ့ ထီးကောက်ကြီးဆွဲပြီး ရေချိုးခန်းထဲ ဝင်ဝင်ကြည့်တယ် ဘာမှလည်းမတွေ့နဲ့ အိပ်ရေးပျက်တော့ နောက်သွားမကြည့်တော့ဘူး။ တမနက်တော့ မျက်နှာသစ်ရင်းနဲ့ ခြေထောက်ပေါ်ကို တခုခုကျလာလို့ သတိထားကြည့်မိတော့ ရေခဲလေးတွေဆိုပြီး မျက်နှာကျက်မော့ကြည့်မှ အဲကွန်းပိုက်က ရေတွေခဲပြီးတော့ ရေခဲလေးတွေကို အချောင်းလိုက်မြင်ရတယ်။ ရေချိုးဇလုံပေါ်က ရေခဲချောင်းကို ထီးနဲ့ထိုးကြည့်တော့ ဂလောင်ဆိုပြီး ရေဇလုံထဲကိုကျမှ ၂-၃ ည အိပ်ရေးပျက်ခဲ့တာ ဒင်းလက်ချက်မှန်း သိရတော့တယ်။

ရန်ကုန်က သာမန်ဟိုတယ်တွေမှာ ဘာအကျင့်မှန်းမသိတာက ရက်ကြာလာရင် သိပ်မထားချင်ဘူးရယ်။ ရောက်ကတည်းကနေတဲ့ ဟိုတယ်မှာ ၁ ပတ်လောက်နေတော့ အခန်းကထပ်မရဘူးတဲ့ ဟမ်.. ဘာလို့တုံးဆိုတော့ ကြိုငှားထားလို့ အောက်ထပ်ကအခန်းကို ရွှေ့ပေးလို့ရမလားဆိုတော့ ရပါတယ်ဆိုပြီး အခန်းကိုတော့ အရင်ကြည့်ဦးမယ်ဆိုပြီး လိုက်သွားကြည့်တော့ မြေညီထပ်က ကားရပ်တဲ့နားမှာ မှန်အပြည့်ကာထားတယ် ကားတစီးဝင်လာရင် မီးရောင်ကလည်း အခန်းထဲကိုဝင်တယ်။ အဲဒါနဲ့ မင်းတို့ဟာက အခန်းမှမဟုတ်တာ ဂိုဒေါင်ဖြစ်နေပြီလို့ဆိုတော့ မရဘူးအစ်ကို ဒါပဲရှိတယ်ဆိုတော့ ကိုယ်ကလည်း ကပ်သပ်ပြီးတော့ တောင်းပန်နေရအောင် နေချင်လွန်းလို့ နေတာလည်းမဟုတ် အလကားနေတာလည်း မဟုတ်လေတော့ မနေဘူးကွာဆိုပြီး Check-out လုပ်ပြီး ရုံးကိုအထုတ်သယ်ပြီး နောက်ထပ်နေစရာ ထပ်ရှာရတယ်။

ရုံးကနေဆို ခြေလှမ်း ၂၀၀ လောက်အကွာမှာ ဟိုတယ်တခုရှိတယ် ရုံးနားနီးပေမယ့် ဟိုတယ်နဲ့ မျက်စောင်းထိုးမှာ ဟိန္ဒူဘုရားကျောင်းရှိတော့ “နေစရာရွေးမယ်ဆိုရင် ဓမ္မာရုံ၊ ဗလီ၊ ဟိန္ဒူနဲ့ ခရစ်ယာန် ဘုရားကျောင်း အနီးအနား ရှောင်ရန်အရပ် ၄ ပါး” ဆိုပြီး သွားလေသူ ဖခင်ကြီးက ဆုံးမခဲ့ဖူးတာလေး ခေါင်းထဲမှာစွဲနေတော့ အစကတည်းက မရွေးထားတာ မတတ်နိုင်ဘူးလေ အခြေအနေအရ ရွေးစရာမှမရှိတော့ နေရတော့တာပေါ့။ ညနေရုံးဆင်းရင် ဘုရားကျောင်းက အိုးစည်ဗုံမောင်းနဲ့ တီးမှုတ်နေကြပြီ ကိုယ်ပဲပိုပြီးတော့ ကံကောင်းတာလား ဆိုးတာလားတော့မသိ ကာလီမယ်တော် ရေချိုးတာဆိုလား တိုက်ဆိုင်လေတော့ ဘုရားပွဲနဲ့ပါတိုးပြီး ဆာရီတွေ ဒိုတီတွေနဲ့ လူအုပ်ကြီးကိုဖြတ်ပြီးမှ ဟိုတယ်ကိုပြန်ရတော့ ကိုယ့်ကိုကိုယ် ရန်ကုန်မှာလား နယူးဒေလီရုံးမှာလား တခါတခါဆို သံသယရှိတယ်။ အပြင်ဘက်မှာ လူနည်းနည်းရှုပ်တာ တခုပဲပြောစရာရှိတယ် နေရတာကတော့ အဆင်ပြေပါတယ်။ အဲလိုအဆင်ပြေနေတာကိုပဲ တရက်ကတော့ မျက်နှာသစ်မယ်ဆိုမှ ကိုယ့်အခန်းတခုပဲ ရေပိုက်ပျက်ပြီး ရေမလာလို့ဆိုပြီး အခန်းပြောင်းခဲ့ရသေးတယ်။

ဒီတခေါက် ရန်ကုန်ရောက်တော့ သတိထားမိတာက အရင်တခါလာတုံးက တမြို့လုံးမှာမှ ကားတစီးလောက်ပဲရှိတဲ့ Grab တို့ Uber တိုက တမြို့လုံးနီးနီး ခေါ်ချင်တဲ့နေရာကခေါ် ကားခေါ်လို့လွယ်လာတယ်။ Grab ကတော့ သွားချင်တဲ့နေရာသိရင် ဘယ်လောက်ကျမလဲ ကြိုသိတဲ့အတွက် ပိုပြီးတော့သုံးကြတယ် Uber ကတော့ ကားပိုကောင်းတယ် ဒါပေမယ့် မီတာနဲ့ဆိုတော့ အသားမကျသေးတော့ သုံးတဲ့လူနည်းသေးတယ် နိုင်ငံခြားသားတချို့တော့ သုံးကြပုံရပါတယ်။ Grab ရှိတာ ကိုယ့်အတွက်တော့ အတော်အဆင်ပြေတယ် ခါတိုင်းဆိုရင် ကိုယ်ကဈေးမသိတော့ တနေရာရာသွားရင် ဆစ်ရတာအဆင်မပြေဘူး အခုတော့ Grab နဲ့ဆိုတော့ ဈေးဆစ်စရာလည်း မလိုတော့ဘူး အဲကွန်းဖွင့်တို့လည်း ပြောစရာမလိုတော့ဘူး။ တားစီးပြီးတော့ ဈေးဆစ်နိုင်ရင်တော့ Grab ထက်ပိုပြီး သက်သာနိုင်ပေမယ့် အရမ်းကြီး ကွာလှတယ် မဟုတ်တော့ မလိုအပ်ပဲနဲ့ စကားပြောရ သက်သာတယ်ပဲ သဘောထားတယ်။ မောင်းတဲ့လူတွေကလည်း အတော်များများက ရည်ရည်မွန်မွန်ပါ ပြောရဆိုရလည်း အဆင်ပြေပါတယ်။

အဆင်မပြေတာတွေလည်း ရှိပါသေးတယ် Grab မှာ Grab Pay နဲ့ ထည့်ထားတော့ ခေါ်လိုက်တယ်ဆိုရင် Payment က Card နဲ့ ဖြစ်နေရင် တချို့ကားသမားတွေက မလိုက်ချင်ကြဘူး။ မလိုက်ချင်ရင် အစကတည်းက လက်မခံရင် ဘာမှမဖြစ်ဘူး Accept လုပ်လိုက်တယ် ကိုယ့်ဆီရောက်မှ Cash ပေးမှာလားဆိုတော့ Payment ကို ဘယ်လိုပြောင်းလဲပြော ပြောင်းလို့ရရင် ပြောင်းပေးမယ်ဆိုလည်း သူတို့လည်းမသိဘူး ကိုယ်လည်း Option ရှာမတွေ့ဘူး Cancel လုပ်လိုက် ပြန်ခေါ်လိုက်နဲ့ Cancel လုပ်ပါများရင် Banned ခံရတယ်ထင်တယ် တခါတခါဆို သုံးလို့မရတော့ဘူး။ နောက်မှသိတာက ကားသမားတွေက Cancel တခါလုပ်ရင် ဘယ်လောက်ဆို အဖြတ်ခံရတယ် အဲဒါကြောင့် သူတို့ကကိုယ့်ကိုပဲ Cancel လုပ်ပေးပါ ပြောနေတာမှန်း ကားသမားတယောက်နဲ့ စကားပြောရင်းနဲ့သိရတယ်။ နောက်တော့ ကိုယ့်ကြောင့်အမှား မဟုတ်ရင် လက်မခံချင်ရင် ကိုယ့်ဟာကိုယ် Cancel လုပ် ကိုယ်လည်းပဲ ထပ်ငှားရဦးမှာလို့ ပြောလွှတ်ရတော့တယ်။

Cancel ကိစ္စပြီးရင် နောက်ထပ်တခုက မြေပုံကိုကြည့်ပြီးတော့ နေရာမရှာတတ်တာ ရောက်ခါနီးရင် ဘယ်နားလာရမှာလဲလို့ ဖုန်းတွေကဆက်ကြပြီ ဘယ်နားကဝင်ရင် လမ်းချောင်လဲဆိုတာမျိုး မေးတာလည်းရှိတယ် ကိုယ်လည်းသိရင် ဖြေပေးပါတယ် ခေါ်လိုက်တဲ့နေရာက ချောင်ကြိုချောင်ကြားမဟုတ် လမ်းမပေါ်ကပြူးနေတဲ့ လိပ်စာနဲ့ဟာမျိုးကို မေးတယ်ဆိုတာမျိုးကျ နည်းနည်းတော့များတယ်။ မေးတာကလည်း ယဉ်ယဉ်ကျေးကျေး မဟုတ်တော့ပဲနဲ့ ဝူးဝူးဝါးဝါးနဲ့ ဘယ်လိုလာရမှန်းမသိဘူး လမ်းကဘယ်လိုဘယ်ညာ သူ့ပြဿနာကို ကိုယ့်ပြဿနာလုပ်ပြီး လာရစ်နေရင်တော့ မလာတတ်ရင်မလာခဲ့နဲ့ Cancel လုပ်လိုက် လာတတ်တဲ့လူ ထပ်ငှားမယ်လို့ ရောင်းသူဝယ်သူ အသံတူအောင်ဆိုပြီး ပြောလွှတ်လိုက်တာလည်းရှိတယ်။

နောက်ထပ်တခုက ကားသမားရဲ့ စကားများတဲ့ဒဏ်ပဲ ပေါက်ကရတွေ လျှောက်ပြောနေတာ ဘာမှမဖြစ်ပေမယ့် ကားခနဲ့ပတ်သက်ပြီး ဟိုပြောဒီပြောဆိုရင်တော့ ကိုယ်ကပဲမတန်တဆဈေးနဲ့ ငှားစီးသလိုလို အဓိပ္ပာယ်ဆောင်တဲ့အတွက် သည်းခံလေ့မရှိဘူး။ အပြန်လေဆိပ်ကိုလာတော့ Grab နဲ့ထွက်လာတာ ကားပေါ်ရောက်ကတည်းက လမ်းထဲဝင်ခေါ်ရတာ ဈေးကမတန်ဘူး လက်တားဆိုရင် သူစိတ်ကြိုက်ဈေးကို တောင်းလို့ရတယ်တွေ စကားတွေကပေါနေတော့ မတန်ရင်လည်း ကားရပ်လိုက် ဝင်ခေါ်ရတယ် ပြောရအောင် ကျုပ်ကလည်း စီးမယ့်နေရာ လိမ်ပြောပြီးမှ လာခိုင်းတာလည်း မဟုတ်ဘူး ခင်ဗျားကားမှ စီးချင်လို့ဆိုပြီး ကျုပ်အတင်း ငှားထားတာ မဟုတ်ဘူး တခြားအချဉ်ထုလို့ရမယ့် လက်တားတဲ့လူလိုက်ရှာ ကျုပ်ဟာကျုပ် ထပ်ငှားတော့မယ် လိုက်မယ့်လူတွေ အများကြီးရှိတယ်လို့ ဘုတောလိုက်မှပဲ ပါးစပ်ပိတ်သွားတယ်။ ဒီတခေါက် ရန်ကုန်သွားတာ အတော်တန်ပါတယ် Grab နဲ့ Taxi ငှားနည်းနဲ့ ကားသမားတွေနဲ့ ဆက်ဆံနည်းတွေ သင်ခန်းစာတွေ အတော်ရခဲ့ပါတယ်။