Calm Hill My Random Thoughts

စိတ္တဇအတွေးများ (၉)

ဆယ်တန်း အောင်စာရင်း ရာသီဆိုတော့ ရာသီစာတွေ ဘယ်ကျောင်းကို ဘယ်လိုရွေးကြပါတို့ ဒီနှစ်မှာ နည်းနည်းပိုတာက တချို့ကျောင်းတွေက တိုက်ရိုက်ခေါ်တော့ ကျောင်းတွေကပါ ပရိုမိုးရှင်းဆင်းပြီးတော့ ဈေးကွက်လုကြရတဲ့ အခြေအနေမှာရှိတယ်။ တက္ကသိုလ် တက်တော့မယ်ဆိုတိုင်း ဝါသနာပါတာ စိတ်ဝင်စားတာတက်လို့ ခွင့်ပြုတဲ့မိဘရယ် ခွင့်မပြုတဲ့မိဘရယ်ဆိုတဲ့ အငြင်းအခုံတွေက အမြဲကြားရတယ်။ ဝါသနာနဲ့ ထူးချွန်တာနဲ့ တထပ်ထဲကျရင်တော့ ကောင်းတာပေါ့ တကယ်တမ်းက ဝါသနာပါလို့ လုပ်တိုင်းလည်း ဘာမှဖြစ်မလာတာ အများကြီးရှိသလို မပါပဲလုပ်လည်း ထူးချွန်ချင်ထူးချွန်တာပါ တရားသေလည်း မဟုတ်သလို လုပ်ချင်တာ လုပ်ခွင့်ရပေမယ့် ထူးချွန်မလာတော့လည်း ပျော်မယ်တာဆိုလည်း ဘယ်လောက် အချိန်ကြာကြာခံမှာလဲ။

ကိုယ့်အမြင်ကတော့ မိဘ ၂ မျိုးဟာ သိပ်ပြီးတော့ ခြားနားတယ်လို့ မမြင်မိပါဘူး ကိုယ်လုပ်ချင်တာ လုပ်ခွင့်မရခဲ့တာ ကိုယ့်သားသမီးကို ဆက်လုပ်စေချင်တဲ့ အတ္တမျိုးရယ်နဲ့ ကိုယ်ရွေးပေးတာက သားသမီးအတွက် ပိုကောင်းတယ်ဆိုတဲ့ အတ္တမျိုးရယ်ပဲ ပုံစံလေးပဲ နည်းနည်းကွာတာပါ။ သားသမီးဘက်ကတော့ ခံစားချက်ကွာတယ် လုပ်ချင်ရာ လုပ်ခွင့်ရတဲ့လူတွေ ပျော်တာပေါ့ မလုပ်ချင်တာ အတင်းခိုင်းခံရတဲ့လူ စိတ်ဆင်းရဲတယ် ကိုယ်ဘာလုပ်ချင်မှန်း မသိတဲ့လူတွေကျ ကိုယ်ပဲရွေးရွေး အိမ်ကရွေးရွေး ခံစားချက်သိပ်မရှိဘူးပေါ့။ ဒီနေရာမှာ ဝါသနာပါတာ လုပ်တာကောင်းလား ရွေးပေးတာလုပ်တာ ကောင်းလားက အမှားအမှန်မရှိသလို ဘယ်တော့မှမပြီးမယ့် အငြင်းအခုံဆိုတော့ စိတ်မဝင်စားတော့ပါဘူး။

ဒါပေမယ့် ဝါသနာပါရာ လုပ်ချင်တဲ့ဟာ လုပ်ခွင့်ရတာမရတာ အပေါ်မှာမူတည်ပြီးတော့ စိတ်ကျေနပ်တယ် မကျေနပ်ဘူးနဲ့ ဆက်စပ်ပြီးတော့ Yuval Noah Harari ရေးတဲ့ Sapiens: A Brief History of Humankind ထဲက Romantic Consumerism ဆိုတဲ့ စကားလုံးဟာ ခေါင်းထဲပေါ်လာတယ်။ သူနမူနာပေးထားတာက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ခရီးသွားရတာ ပျော်ဖို့ကောင်းတယ် ဘယ်နေရာတွေကို မသေခင်မှာ ရောက်ဖူးသင့်တယ် စသည်ဖြင့်တွေနဲ့ အပန်းဖြေခရီးတွေ သွားချင်ကြတယ်။ ခရီးသွားရရင် စိတ်ကျေနပ်မယ် သူများတွေသွားပြီး ကိုယ်မသွားရတော့ မကျေနပ်မှုတွေတိုးလာမယ် စသည့်ခံစားချက်တွေဟာ တကယ်တမ်းတော့ ခရီးသွားလုပ်ငန်း ကြော်ငြာတွေ စာအုပ်စာပေတွေ ပြင်ပလှုံ့ဆော်မှုတွေကြောင့် ဖြစ်တာလို့ပဲဆိုတယ်။ စိတ်ကျေနပ်တယ် မကျေနပ်ဘူးရဲ့ Trend က အချိန်နဲ့အမျှပြောင်းနေတယ် အခုခေတ်က ခရီးသွားတာ ဖြစ်ချင်ဖြစ်ပေမယ့် အရင်တုံးကတော့ ဘယ်မှမသွားပဲ အခြေကျနေတာကို သဘောကျကြတာလည်း ဖြစ်ချင်ဖြစ်မယ် တခြားအကြောင်းလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။

တခြားနိုင်ငံတွေ မကြည့်ပဲနဲ့ ကိုယ့်နိုင်ငံကိုပဲ သတိထားကြည့်ရင် အပန်းဖြေခရီးသွားတာ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး သတိထားကြည့်ရင် ပြင်ပလှုံဆော်မှုတွေ အလွယ်တကူမြင်နိုင်တယ်။ နာမည်တခါမှ မကြားဖူးတဲ့ ကမ်းခြေတခု ဟိုတယ်တခုမှာ ဘီကီနီလေးတွေနဲ့ ရေကူးနေတဲ့ ပုံလေးတွေ Social Network မှာ မြင်လိုက်တာနဲ့ ခရီးသွားလူအုပ်ကြီးဟာ အဲဒီကမ်းခြေကို ရောက်သွားကြတယ်။ ဘယ်ဝတ္ထုထဲက တိမ်တွေနေတဲ့မြို့မှာ ရောက်နေတယ် ၈၈၃၄ တို့ရေဆိုပြီး ချင်းတောင်ပေါ်ကနေ ဓာတ်ပုံတက်လာတော့ လူအုပ်ကြီးဟာ ခိုက်ခိုက်တုံအောင်အေးတဲ့ ဆောင်းတွင်းကြီးလည်း အရေးမစိုက်တော့ဘူး ကမ်းခြေကနေ ချင်းတောင်ပေါ် တပျော်တပါးကြီး တက်သွားကြပြန်ရော။ ကိုယ့်ရဲ့စိတ်ကျေနပ်တယ် မကျေနပ်တယ်က လူအုပ်ကြီးရဲ့ Trend နဲ့ ဘယ်လောက် မျောလိုက်နိုင်မလဲ အပေါ်မှီခိုတယ်လို့ ပြောမယ်ဆိုရင်တော့ လက်ခံဖို့မလွယ်ဘူး ကိုယ့်ဘဝကိုယ်ပိုင်တယ် အဲဒီအတွက် စိတ်ထဲရှိတာလုပ်ရလို့ ကျေနပ်တယ်လို့ပဲ နာမည်တပ်ထားတာ။

ဝါသနာပါတဲ့ တက္ကသိုလ်ကို တက်ကြမယ်ဆို မူရင်းအတွေးဘက်ကို ပြန်လှည့်ရမယ်ဆိုရင် ကိုယ်ငယ်ငယ်တုံးက တောထဲတောင်ထဲ နေရထိုင်ရတာ ဝါသနာပါတယ် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းတဲ့ ပညာရှင်မျိုး အင်မတန်ဖြစ်ချင်တယ်။ အခုအချိန်မှ အသေအချာ စဉ်းစားတော့ ကိုယ်ကဒါပဲမြင်ဖူးပြီး မိဘကလည်း အဲဒါပဲသိတော့ ဝါသနာပါတယ် ဖြစ်ခဲ့တာပါ အဲဒါထက်မပိုဘူး။ ဆရာဝန်ခေတ်ကောင်းရင် ဆရာဝန်ခေတ် အင်ဂျင်နီယာဆို အင်ဂျင်နီယာခေတ် စစ်ဗိုလ်ဆို စစ်ဗိုလ်ခေတ် ပရိုဂရမ်မာဆို ပရိုဂရမ်မာခေတ် စသည်ဖြင့် ခေတ်အလိုက်လည်း ရှိခဲ့ပါတယ်။ ရွာမှာဆေးထိုးတဲ့ အပ်ပုန်းမြင်ပြီးတော့ ဆရာဝန်ဖြစ်ချင်ခဲ့တဲ့ လူတွေရှိသလို ကောင်မလေးက Facebook Account မပေးဘူး အငြင်းခံရလို့ ဘာမှန်းမသိပဲနဲ့ Hacker ဖြစ်ချင်တယ် ဝါသနာပါခဲ့ကြတဲ့ လူတွေလည်း ရှိကြပေမယ့် တခါမှမမြင်ဖူး မကြားဖူးတဲ့အရာကို ဝါသနာပါတယ်လို့တော့ တခါမှမကြားဖူးဘူး။ အသေအချာ စဉ်းစားလေလေ ရေရေရာရာ မရှိလေလေဆိုတဲ့ ဝါသနာဆိုတာကို လုပ်ခွင့်ရတယ် မရတယ်ဆိုတာလေးနဲ့ စိတ်ကျေနပ်ခြင်း မကျေနပ်ခြင်းတွေ သိပ်ဖြစ်ရတာလည်း Romantic Consumerism တမျိုးပါပဲ။

တက္ကသိုလ်မတက်ခင် မသိနားမလည်တဲ့ အချိန်တုံးက ဝါသနာဆိုတဲ့ စိတ်ကူးယဉ် တခန်းရပ်ပြီးတော့ ပညာရှင်တွေရဲ့ သုတေသနဘက် စိတ်ရောက်သွားပြန်တယ်။ စီးပွားရှာဖို့ ဝါသနာမပါဘူး မပူမပင်နဲ့ပဲ ကိုယ်စိတ်ဝင်စားရာ သုတေသနပဲလုပ် စာတမ်းရေး ကျောင်းမှာပဲစာသင် နေတတ်ရင် ကျေနပ်တယ်ဆိုတဲ့ လူတွေကိုလည်း တွေ့ဖူးကြလိမ့်မယ်။ ကျောင်း ၃-၄ နှစ်တက် နေပူဖုန်ပေါတယ် ကျောင်းကမြို့ပြင်မှာ အင်တာနက်နှေး ဘီယာဆိုင်ဝေး %&^#!%%#@^% စသည်ဖြင့် ဆဲဆိုပြီးသကာလ ကျောင်းပြီးတော့ နောင်တမရသေးပဲနဲ့ အလုပ်ထဲမဝင်ချင်ဘူး ကျောင်းဆက်တက်မယ် သုတေသနတွေလုပ် အဲဒါလောကကြီးကို အကျိုးပြုတာပဲဆိုပြီး အော်ဟစ်ပြီးတော့ ဆက်လက်ချီတက်တဲ့ လူတွေလည်း တွေ့ဖူးကြလိမ့်မယ်။ ကိုယ်လည်း အစကတော့ သုတေသနဆိုတာ ကိုယ်စိတ်ဝင်စားရာ ကိုယ်လုပ်ပြီးတော့ ငြိမ်းချမ်းတယ်လို့ ထင်ခဲ့ဖူးပါတယ် တကယ်တမ်းက ထင်သလောက် မရိုးရှင်းပါဘူး။

သုတေသနတွေ လုပ်မယ်ဆိုလည်း ကုန်ကျစရိတ်ရှိတယ် ထောက်ပံ့ပေးမယ့် လူလိုပါတယ် ထောက်ပံ့ကြေးဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကရတယ်။ အစိုးရဆိုကလည်း စီးပွားရေးလုပ်ငန်းတွေကပဲ ဝင်ငွေရတာဆိုတော့ အရာအားလုံးဟာ စီးပွားရေးအလုပ်ကပဲ လာတယ်ပဲဆိုလို့ရတယ်။ ထောက်ပံ့ရမယ့်လူကလည်း သုတေသနအလုပ်က ထွက်လာမယ့် ရလဒ်တွေက သူတို့အတွက် အကျိုးရှိတာပဲ ထောက်ပံ့ကြတာပါပဲ အကျိုးအမြတ်ဆိုတာက ငွေရယ်လို့တော့ တရားသေမပြောပါဘူး တခြားဟာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ စိတ်ကူးယဉ် ဇာတ်လမ်းထဲကလို ကိုယ်လုပ်ချင်တာလုပ် သုတေသန ထောက်ပံ့ကြေးတွေရဆိုတာ အပြင်မှာတကယ်မရှိပါဘူး။

သူများပြောထားတဲ့ ဥပမာကိုပေးရရင် နွားမွေးမြူရေးအလုပ်မှာ ဘယ်လိုအစာကျွေးရင် နို့အထွက်တိုးမယ်ဆိုတဲ့ သုတေသနရယ် နွားခြံမှာ နွားတွေကို လှောင်ထားရလို့ နွားတွေရဲ့ စိတ်ကျန်းမာရေး ဘယ်လောက် ထိခိုက်လဲဆိုတဲ့ သုတေသနရယ် ၂ မျိုးအတွက် ထောက်ပံ့ကြေးတောင်းရင် ဒုတိယတခုအတွက် ဘယ်သူပေးမလဲ စဉ်းစားကြည့်ပါ။ သုတေသနအနေနဲ့ ကြည့်ရင်တော့ အဲဒီ ၂ ခုဟာ တန်ဖိုးအတူတူပဲ ဘယ်ဟာက ရသင့်တယ် မရသင့်ဘူး အတူတူပါပဲ။ ဒါပေမယ့် ထောက်ပံ့ပေးမယ့် လူတွေအတွက် အကျိုးအမြတ်ကျ ကွာသွားတယ်။ ဒုတိယတခုကို နွားတွေစိတ်ကျန်းမာရေး ပိုကောင်းလာရင် နို့အထွက်နှုန်း ပိုတိုးမယ်ဆိုတဲ့ သုတေသနဆိုရင်တော့ စိတ်ဝင်စားကြလိမ့်မယ်။

Research From: http://phdcomics.com/comics.php?f=1436

သုတေသနလုပ်နေတဲ့ ပညာတတ်တွေလည်း လုပ်ချင်တာတွေ တကယ်လုပ်နေတာ အများစုကမဟုတ်ပါဘူး ထောက်ပံ့ကြေးပိုရမယ့် အလုပ်တွေပဲ အတင်းစိတ်ဝင်စားပြီး လုပ်နေရကြရတာရယ် ကိုယ်စိတ်ဝင်စားတာကို ထောက်ပံ့ကြေးပေးမယ့် လူတွေစိတ်ဝင်စားအောင် ဆွဲဆောင်ပြီးတော့ စိတ်တိုင်းကျအောင် လုပ်ပေးကြရတာပါ။ တလောလေးကတော့ Most scientific studies are wrong, and they are wrong because scientists are interested in funding and careers rather than truth. ဆိုပြီးတော့ Quote လုပ်ထားကို ဖတ်လိုက်မိသေးတယ်။ ထောက်ပံ့ငွေရတာများတဲ့ ပညာရပ်ပိုင်းတွေ တိုးတက်ပါတယ်လို့ဆိုရင် ပညာမာနအရ အတော်ခံရခက်ပေမယ့် အတိတ်ကိုပြန်ကြည့်ရင် အလွယ်တကူမြင်နိုင်ပါတယ်။ ဥပမာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာ Physics, Mathematics တွေကို ဦးစားပေးပြီးတော့ ထောက်ပံ့ပေးခဲ့ရတယ် အဲဒီအတွက် Nuclear physics ဘယ်လောက် အမြန်တိုးတက်လာခဲ့လဲ Mathematics မှာလည်း ဒီနေ့ခေတ် Computer Science ရဲ့ တိုးတက်မှုက အဲဒီအချိန်က အကျိုးဆက်တွေကြောင့် ဒီနေ့ဒီအခြေအနေမှာ ရောက်နေတာပါ တခြားဘာသာရပ်တွေလည်း အများကြီးကျန်ပါသေးတယ်။ ဒီဟာမျိုးကျတော့ Romantic Consumerism လို့ခေါ်ရမှာခက်တယ် စိတ်ကူးယဉ်မဆန်ပဲ နာလိုခံခက်နဲ့ သူတပါးမောင်းနှင်နေတဲ့ Research Trend နောက် သိသိကြီးနဲ့လိုက်ပြီး ထောက်ပံ့ကြေးရှာပြီး ကိုယ့်ဟာကိုယ်လည်း ဟန်ကိုယ့်ဖို့လုပ်ရတော့ ခံရခက်ပါတယ်။

နောက်ထပ်အနေနဲ့ ဆက်စပ်မိတာက Mass media အကြောင်းဖြစ်မယ် ပုံနှိပ်မီဒီယာကစပြီး ရုပ်သံလိုင်းတွေရယ် အင်တာနက်ပေါ်က သတင်းတွေအထိဆိုတော့ Mass media ဟာ အင်မတန် အင်အားကြီးတယ်။ Mass media နဲ့ ခွဲလို့မရတာက Journalism ပေါ့လေ Journalism ဟာ ပရော်ဖက်ရှင်နယ် အတတ်ပညာတခုဖြစ်သလို လူတွေလက်ခံနိုင်တဲ့ Ethical standards တွေနဲ့ချိန်ညှိပြီးတော့ ဘက်လိုက်မှုမရှိအောင် သတိထားလေ့ရှိတော့ တကယ့် Journalist ကြီးတွေဟာ လူလေးစားတာခံရတဲ့ ပညာရှင်တွေပါပဲ။ Journalism က ဘယ်လိုပဲရှိရှိ Mess media ဟာ စီးပွားရေးအလုပ် ဖြစ်တဲ့အတွက် လုံးလုံးလျားလျား ဘက်လိုက်မှု မရှိဘူးရယ်တော့ တထစ်ချအနေနဲ့ လက်ခံလေ့မရှိပါဘူး အယုံအကြည်လည်းမရှိပါဘူး။

သံသယတွေနဲ့ Mass media ဆိုလိုက်တိုင်း Noam Chomsky နဲ့ Edward S. Herman ရဲ့ Manufacturing Consent ဟာ အမြဲတမ်း ခေါင်းထဲပေါ်လာတတ်တယ် ဖတ်ကြည့်လိုက်ရင် ပိုပြီးတော့ကို Mass media ကို စိတ်ပျက်ရလိမ့်မယ်။ အနောက်တိုင်း Mess media အကြီးကြီးတွေရဲ့ မိသားစုပိုင်ဆိုင်မှု ဘယ်လောက်ကနေစပြီးတော့ သူတို့ရဲ့ပေါ်လစီနဲ့ ကိုက်ညီတဲ့သတင်းမျိုးဆိုတာ ဘယ်လိုဆုံးဖြတ်လဲ ကြော်ငြာကနေရတဲ့ ဝင်ငွေပမာဏဟာ ဘယ်လိုသတင်းမျိုးကို ဦးစားပေးမယ်ဆိုတာကို ဘယ်လောက် လွှမ်းမိုးမှုရှိနေလဲ အစိုးရတွေရဲ့ လွှမ်းမိုးမှုဘယ်လောက် စသည်ဖြင့်တွေကို အသေးစိတ်အနေနဲ့ သုံးသပ်ထားတာရှိတယ်။ ၁၉၈၈ ကထုတ်ခဲ့တော့ အခုခေတ်အခြေအနေဖြစ်တဲ့ အင်တာနက်ပေါ်က သတင်းတွေအထိ မပါခဲ့ပေမယ့် အခုခေတ်မှာက ပိုကောင်းလာတယ်လို့ သုံးသပ်လိုရနိုင်စရာ တခုမှမမြင်မိပါဘူး။

ဥပမာအနေနဲ့ လတ်တလောဖြစ်နေဆဲ ကိုယ်နိုင်ငံထဲက ခေါ်တောတွေနဲ့ ပတ်သက်တဲ့ သတင်းလေးပဲ ခဏကြည့်မယ်ဆိုရင် ဟိန္ဒူတွေ အသတ်ခံရတဲ့ သတင်းတွေ ၁ နှစ်နီးနီးနေမှ တက်လာတော့ သမ္မတရုံးကလူတွေက နိုင်ငံပိုင်သတင်းစာတွေနဲ့ သတင်းစားရှင်းလင်းပွဲတွေမှာ ပြောထားတာက ဖြစ်ကတည်းက ၂ နှစ်လောက်ရှိနေတော့ အရမ်းနောက်ကျတယ်လို့ ရန်တွေ့လေတော့ International Mess media တွေက အရင်ကတည်းက သတင်းမှာလည်း ပြောပါတယ်လို့ ရေးခဲ့တဲ့ သတင်းအဟောင်းတွေ ချပြပြီးတော့ ချက်ချင်းတုန့်ပြန်တယ်။ သာမန်အနေအထား ကြည့်လိုက်ရင်တော့ သူတို့ကအင်မတန် မျှတာတာကို ကိုယ်ကပဲစွပ်စွဲသလိုလို ဖြစ်ရပြန်တယ်။

အဲဒီသတင်းဌာနတွေ သတင်း ၂ ခုလုံးရေးခဲ့တာ တကယ်ပါပဲ ကိုယ်လည်းအဲဒီတုံးက မြင်လိုက်ပါတယ် ဒါပေမယ့် သတင်း ၂ ခုကို Feature လုပ်ပုံချင်းမတူဘူးဆိုတဲ့ ကွာခြားချက်ကိုလည်း သတိထားမိပါတယ်။ အနောက် နိုင်ငံတွေက ပရိတ်သတ်တွေ စိတ်ဝင်စားကြမယ့် အကြည့်များမယ့် ခေါ်တောတွေ ထွက်ပြေးကြတဲ့ သတင်းကိုကျ ဓာတ်ပုံတွေက ဝေဝေဆာဆာနဲ့ Social Network တွေပေါ်မှာဆို Promote လုပ်တဲ့ သတင်းဌာနတွေက လုပ်ထားပေမယ့် လူစိတ်မဝင်စားမယ့် ကြော်ငြာအဖြစ် အသုံးမဝင်တဲ့ တခြားသတင်းတော့ စာ ၂ ပိုဒ်လောက်ရေးပြီး အတော်ရှာယူမှ တွေရတာပါ။ ပြည်ပက သတင်းဌာနတွေပြီးတော့ နိုင်ငံထဲက Mess media တွေကိုကြည့်ရင်ကျ ပြောင်းပြန်ဖြစ်နေပြန်ရော သူတို့ကတော့ လုံးလုံးပြတ်သားတယ် ခေါ်တောတွေက သတ်တယ်ဆိုတဲ့ သတင်းမျိုးဆိုရင် ရောင်းကောင်းမယ် လူစိတ်ဝင်စားမယ်ဆိုတော့ ခေါင်းစီးတွေက အဲဒါတွေပဲထည့်ပြီးတော့ တခြားသတင်းဆိုရင်တော့ သူတို့ကပိုပြတ်သားတယ် အမျိုးကိုချစ်တယ်ပဲ တခွန်းပဲပြောပြီးတော့ ထည့်ကိုမထည့်တော့တာ။

အပေါ်ကဖြစ်ရပ် ၂ ခုက ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် တကယ်တမ်း ဖြစ်ရခြင်းအကြောင်းဟာ အတူတူပါပဲ ပြည်တွင်းပဲဖြစ်ဖြစ် ပြည်ပပဲဖြစ်ဖြစ် အရင်ဆုံးဦးစားပေးက သူတို့ပရိတ်သတ် စိတ်ဝင်စားမယ့် သတင်းကိုပဲ အရင်ဆုံးဦးစားပေးတယ် စိတ်ဝင်စားတာများမှ ကြော်ငြာများများရတယ် ပိုပြီးစီးပွားဖြစ်တာပေါ့။ ပြည်ပက Mess Media တွေက ရပ်တည်လာတာကြာတော့ ပိုပြီးတော့ လုပ်တတ်ကိုင်တတ်တယ် ဆန့်ကျင်ဘက်သတင်းကို ထည့်တော့ထည့်တယ် ဒါပေမယ့် ဦးစားပေးခေါင်းစီး မဖြစ်လာအောင်ပဲ လုပ်ထားလိုက်တယ်။ ပြည်တွင်းကတော့ လုပ်သက်နုသေးတော့ အဲလိုလူကြည့်ကောင်းအောင် မရှင်းတတ်သေးဘူးပေါ့ လူစိတ်မဝင်စားမယ့် သတင်းထည့်ရေးရင် လူစိတ်မဝင်စားတာထက် သောက်မြင်ကပ်ပုဒ်မနဲ့ ဘယ်သူမှမဝယ်တော့ပဲ သပိတ်မှောက်ရင် စီးပွားပျက်မယ်မဟုတ်လား။ ဒါပေမယ့် အချိန်ပဲလိုတာပါ စျေးကွက်တွန်းအားနဲ့ သူတို့လည်း အနှေးနဲ့အမြန် လုပ်တတ်ကိုင်တတ် ဖြစ်လာကြမှာပါပဲ။

ဒီကိစ္စနဲ့ မူရင်းပြောလက်စ Romantic Consumerism နဲ့ ဘာဆိုင်လဲလို့ စကားပြန်ကောက်ရရင် အပေါ်မှာပြောခဲ့တာက လက်တွေ့မြင်နေရတဲ့ Mess media တွေရဲ့ စီးပွားရေး ယန္တရားကိုပြောတာ ဒါပေမယ့် အဲဒီယန္တရားထဲမှာ တကယ်လည်ပတ်နေတဲ့ သတင်းထောက်တွေ အယ်ဒီတာတွေကို သွားပြောရင်တော့ ခါးခါးသီးသီးပဲ ငြင်းကြတာပါ။ သူတို့ရဲ့ယုံကြည်ချက်က Professional Journalism လုပ်ထုံးလုပ်နည်းတွေနဲ့ အများပြည်သူသိသင့် သိထိုက်တဲ့သတင်းတွေ ဖြန့်ဖြူးနေတယ်ပဲ ယုံကြည်ထားကြတော့ သူတို့ကိုလည်း Mess media စီးပွားရေး ယန္တရားကြီးက လည်ပတ်စေချင်တဲ့အတိုင်း လည်ပတ်နေရတယ်လို့ လက်မခံတာချင်းက ပတ်ဝန်းကျင်က တွန်းအားတွေနဲ့ ခရီးသွားရတာပျော်တဲ့လူတို့ ဝါသနာဆိုတာကို မွေးကတည်းက ပါလာတယ်လို့ယူဆ လုပ်ချင်ရာလုပ်ရမှ စိတ်ကျေနပ်တဲ့လူတို့ စိတ်ဝင်စားရာလုပ်နေရတဲ့ သုတေသီဆိုတာမျိုးတွေနဲ့ ဘာမှပိုပြီးတော့ ကွာခြားလှတယ် မဟုတ်ပါဘူး။ စိတ္တဇကလည်း အတော်များပြီဆိုတော့ ထုံးစံအတိုင်း နိဂုံးမချုပ်တော့ဘူး ဒီမှာပဲနားပါဦးမယ်။