Calm Hill My Random Thoughts

Mastodon လိုတိုရှင်း

Mastodon ဆိုတဲ့ Social networking software ထွက်လာတာ ၂၀၁၆ လောက်ကဆိုတော့ အနည်းနဲ့အများတော့ ကြာပြီလို့ပြောလို့ရတယ်။ သူ့ရဲ့ပုံစံက Twitter ကို အခြေခံထားတယ် လွန်ခဲ့တဲ့ ၂−၃ နှစ်အထိ သုံးတဲ့လူ သိပ်တော့လည်းမရှိကြပါဘူး။ သုံးကြတဲ့လူတွေအများစုက Social Network အတော်များများရဲ့ Business model ကို မကြိုက်ကြတဲ့လူတွေ Freedom အတွက်ဆိုပြီး သုံးကြတာတွေရှိတယ်။ နောက်တမျိုးက Social network တွေရဲ့ Moderation တွေကို လက်မခံနိုင်ကြတဲ့လူတွေ တူရာတူရာစုပြီး ကိုယ်ပိုင် Community ကိုယ်ပိုင် Moderation Rules တွေနဲ့ လုပ်ချင်ကြတဲ့လူတွေသုံးတယ်။ Twitter ကို Elon Musk ယူသွားတဲ့နောက် သူနဲ့မတည့်တဲ့လူတွေရော ပြောင်းလာတဲ့ ပေါ်လစီတွေကို မကြိုက်ကြတဲ့လူတွေရော Mastodon ကို အစုလိုက်အပြုံလိုက် ပြောင်းကြတဲ့ Social Media Exodous ဖြစ်တဲ့အချိန်ကဆို https://mastodon.social လို လူသိများတဲ့ Mastodon Server တွေဆို Loading မနိုင်လို့ Down ကုန်တာတွေ Registration ပိတ်ထားရတာတွေတောင် ဖြစ်လိုက်သေးတယ်။ အခုတော့လည်း Twitter ဘက် ပြန်ရောက်တဲ့လူတွေလည်း ပြန်ရောက်နေသလို Mastodon မှာပဲ နေတော့မယ်ဆိုပြီး အခြေကျတဲ့လူတွေလည်း ကျကုန်ကြတာပေါ့။

ကိုယ်တွေဆီကလူတွေလည်း Facebook မှာ Moderation ကိစ္စနဲ့ပဲပြဿနာတက်ကြပြီး Tech-savvy လူတွေစု https://burma.social ဆိုပြီးတော့ Mastodon Server တခုစပြီးလုပ်ကြရာက ကိုယ်တွေဆီမှာလည်း Mastodon သုံးတဲ့လူနည်းနည်းရှိလာတယ်။ Facebook လို Platform ကနေ Twitter နဲ့ဆင်တဲ့ Platform ကို ပြောင်းလာတော့ ပြဿနာရှိနိုင်ပေမယ့် အခုစုမိနေတဲ့ လူတစုကတော့ လွန်ခဲ့သော ၁၀−၁၅ နှစ်ကတည်းက ကြုံရာ Platform မှာ ဆုံနေကြလူတွေဖြစ်တာရယ် အများစုက Tech-savvy ဖြစ်နေတဲ့လူတွေဆိုတော့ ပြဿနာသိပ်မမြင်မိသေးဘူး။ Twitter ကနေ ဆင်တူနီးနီးတူတဲ့ Mastodon ကို ပြောင်းတာတောင် End-user တွေ ပြဿနာအမျိုးမျိုး ဖြစ်နေကြတာ Facebook နိုင်ငံတော်ကြီးထဲမှာ လူလားမြောက်လာတဲ့ လူတွေအတွက်တော့ Mastodon ဘက်ပြောင်းလာရင် သေချာပေါက် Culture shock တော့ အနည်းဆုံးဖြစ်မှာပါပဲ။

Mastodon နဲ့ ပတ်သက်ပြီးတော့ Decentralized တို့ Fediverse တို့ ဘာမှန်းမသိတဲ့ စကားလုံးတွေကိုလည်း ရှင်းတော့ရှင်းရဦးမှာ။ အရင်ဆုံးပြောရမှာက အခုနှစ်ပိုင်းတွေမှာ Hype ဖြစ်လွန်းတဲ့ Decentralization, Blockchain, Web3 စတာတွေ ရောသပြွန်းဖြစ်ပြီး wishy-washy တွေ လျှောက်မတွေးပဲ လက်တွေ့ဆန်ဆန် နားလည်ဖို့ပဲ။ Facebook တို့ Twitter တို့ဆိုတာက Centralized proprietary network ကြီးတွေ သူတို့အထဲမှာ သူတို့ခွင့်ပြုမှ ဝင်လို့ရသလို သူတို့ Network ထဲမှာ သတ်မှတ်တဲ့ စည်းကမ်းနဲ့ပဲ နေရပါလိမ့်မယ် ဥပမာဆိုရင် ပဲကုလားဟင်းချက်တယ် ရေးလိုက်မိလို့ ၇ ရက် တိုင်ပတ်သွားတာမျိုးပေါ့။ Centralized ဖြစ်နေတော့ သူတို့ခွင့်မပြုတော့ရင် ဘာမှလုပ်လို့မရဘူးပေါ့။ နောက်ပြီးတော့ Network ထဲက Data တွေလည်း သူတို့မပေးရင် အပြင်ထုတ်ခွင့်မရှိဘူး တခြား Network တွေနဲ့ အဆက်အသွယ် လုပ်လို့မရဘူး ဥပမာဆိုရင် Facebook က တုတ်ပေါက Twitter က ထွေးညိုကို စားပြီးပြီလား လို့ လှမ်းမေးလို့မရပါဘူး။

Mastodon သုံးရင်ရော အဲလိုဟာတွေ ပြေလည်မှာလားမေးရင် အဲလိုမျိုးတော့မပြေလည်ဘူး Mastodon သုံးလည်း Server တခုခုကိုတော့ဝင်ပြီး Network ကို Join ရဦးမှာ ကိုယ် Join ထားတဲ့ Server က ပဲကုလားဟင်း ရေးမိတာနဲ့ Banned မယ်ဆိုလည်း ခံရဦးမှာပါပဲ။ ဒါပေမယ့် ငြိမ်ခံနေဖိုတော့မလိုဘူး ပဲကုလားချစ်သူများ လူစုပြီးတော့ နောက်ထပ် Mastodon Server တခုလုပ် ပြောင်းသွားပြီးတော့ ပဲကုလားဟင်း ရေးချင်သလောက်ရေး မဟုတ်တရုတ် လို့ရေးရင်တော့ Banned မှာဆိုပြီး စည်းကမ်းထုတ်လို့ရပါတယ်။ အဲလိုပဲ မဟုတ်တရုတ် ထောက်ခံသူများက မကျေနပ်ရင်လည်း အချိန်မရွေးလူစုပြီးနောက်ထပ် Server တခုလုပ်ပြီး ပြောင်းသွားလို့ရတယ်။ Account အသစ် ပြောင်းဖွင့်မှတော့ ဖုန်းတလုံးပြောင်းတိုင်း FB အသစ်ဖွင့် လူတိုင်းကို Add လုပ်လေ့ရှိတဲ့ လူတွေလိုဖြစ်နေမှာလည်း ပူစရာမလိုပါဘူး ကိုယ့်သုံးနေတဲ့ Account ထဲက Data အကုန်လုံးကို Export လုပ်ပြီး ဘယ်နေရာကို ပြောင်းသွားပြီလို့ စာချိတ်ခဲ့ပြီးတော့ ရွှေ့သွားလို့ရတယ်။ ကိုယ့် Account ဆိုလည်း mastodon.social/@calmhill ကနေ burma.social/@calmhill ကို ရွှေ့ထားတာပါ။ Mastodon ရဲ့ Decentralized ဆိုတာက Central Network မရှိဘူး ကိုယ် Join ချင်တဲ့ Network ကို ဝင်ပြီးတော့ Join စည်းကမ်းအတိုင်းနေ မနေရင်တော့ Banned ခံရမှာပဲ သက်ဆိုင်ရာ Network ကတော့ ကိုယ့်အပေါ်မှာ Control ရှိတယ် မကျေနပ်ရင်တခြားရွှေ့ ဒါမှမဟုတ် ကိုယ်ပိုင် Server နဲ့သုံးပေါ့ Decentralized ကွ အနုမြူဗုံးကြဲခံရလည်း အလုပ်လုပ်နေမှာဆိုတာမျိုးလို့ အရမ်းစိတ်ကူးမယဉ်နဲ့ပေါ့။

တနေရာကတနေရာ ရွှေ့တာပြောင်းတာ လွယ်တဲ့ကိစ္စအကြောင်းပြီးတော့ ငမိုးရိပ်ချောင်းခြားတဲ့ Facebook တုတ်ပေါနဲ့ Twitter ထွေးညိုလို ဖြစ်ရပ်မျိုးတွေ ဖြစ်မှာလားဆိုပြီး ပူပန်မယ်ဆိုရင်တော့ အဲလိုပြဿနာမရှိပါဘူး Mastodon Server တွေက Proprietary network တွေလိုမဟုတ်တော့ အပြန်အလှန်ဆက်သွယ်လို့ရတယ် အလွယ်ပြောရရင် ပဲကုလားဟင်း ချက်လေ့ရှိတဲ့ တုတ်ပေါတယောက် Server ပြောင်းသွားလည်း မိချောင်းစီးပြီး မြစ်ကူးစရာမလိုပဲ ကျန်ရစ်ခဲ့တဲ့ ထွေးညိုကို စားပြီးပြီလား မေးလို့ရပါတယ်။ အဲဒါပေမယ့် Server အချင်းချင်း ခွင့်ပြုလို့ ဆက်သွယ်လို့ ရတယ်ဆိုပေမယ့် ထွေးညိုမျက်စေ့ နောက်လာပြီး တုတ်ပေါ Block ခံရရင်တော့ Mastadon လည်း မကယ်နိုင်တော့ပါဘူး။ Techncial ပြောရမယ်ဆိုရင် Mastodon Server အချင်းချင်း အဆက်အသွယ်လုပ်ရင် ActivityPub ဆိုတဲ့ Protocol ကိုသုံးတယ် ဥပမာဆိုရင် ဘယ် Server ထဲက ဘယ် User ရဲ့ Status Update တွေကိုပေးပါတို့ ဘာတို့ပေါ့။ Protocol ဆိုတာ အလွယ်ပြောရင် ဗမာပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် အပြန်အလှန် ဆက်သွယ်ချင်ရင် အင်္ဂလိပ်လိုပြောမယ်လို့ သတ်မှတ်ထားတာမျိုးပဲ ကိုယ့်အထဲမှာတော့ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ် ဘယ်လိုလုပ်လုပ် ဆိုတာမျိုးပေါ့။

Mastodon Server အချင်းချင်း ဆက်သွယ်ချင်ရင် သဘောတူသတ်မှတ်ထားတဲ့ Protocol ရှိရင် ဆက်သွယ်လို့ရတယ်ဆိုရင် တခြားတဘက်က စဉ်းစားမယ်ဆိုရင် Mastodon မဟုတ်ပဲ တခြား Software တခုခုက Protocol အတူတူကို လိုက်နာမယ်ဆိုရင် ဆက်သွယ်လို့ရမှာလားမေးရင် ရတယ်လို့ပဲဖြေရမယ်။ ActivityPub Protocol ကလည်း Mastodon ပိုင်တာမဟုတ်ဘူး W3C ကနေ ကမကထပြုပြီး Standard လုပ်ထားတာ ဘယ်သူမဆိုလိုက်နာပြီးသုံးလို့ရတယ် Pixelfed, Pleroma စသည်ဖြင့် လိုက်နာကြတဲ့ Server Software တွေရှိတယ် ငါကတော့ လူစွမ်းကောင်းဆိုပြီး ကိုယ်တိုင်ရေးမှာဆိုလည်း သဘောရှိပေါ့။ Protocol ကလည်း အခုနောက်ပိုင်း ActivityPub သုံးတာပဲများလာပေမယ့် အရင်ကတော့ OStatus, diaspora စသည်ဖြင့်လည်းရှိတယ် သုံးတဲ့လူလည်း သုံးကြပါသေးတယ်။ Fediverse ဆိုတာကလည်း ဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူး အားလုံးသဘောတူထားတဲ့ Protocol ရှိတယ် အဲဒါကိုလိုက်နာတဲ့ Server မှန်ရင် Join လို့ရတယ် အပြန်အလှန်အချင်းချင်း ဆက်သွယ်လို့ရတဲ့ Interconnected Social Network ကြီးကိုခေါ်တာပါ စိတ်ကူးယဉ်ထားတဲ့ အရာမဟုတ်ပါဘူး။

Mastodon စမ်းသုံးကြည့်ချင်တယ်ဆိုရင် လက်ရှိအနေနဲ့ ဗမာတွေစုနေတာဆိုရင်  https://burma.social ရှိတယ် Register လုပ်ပြီးစမ်းသုံးကြည့်ပေါ့ Community အခြေအနေ လက်ရှိအနေအထားက Tech-savvy တွေပဲစုနေတော့ အဲလိုမျိုးစိတ်ဝင်စားတဲ့ လူတွေဆိုရင်တော့ အဆင်ပြေမှာပါ။ Facebook နိုင်ငံတော်ကြီးတခုလုံး ပြောင်းလာရင်တော့ လူပေါင်းစုံဆိုတော့ ပြေချင်မှပြေမယ်ထင်တယ် မပြေရင်လည်းဘာမှမဖြစ်ပါဘူး Mastodon Server တွေရဲ့ သဘာဝကိုက မတူတဲ့လူတွေ အများအားဖြင့် စုထားလေ့မရှိဘူး ဒီ Server ကတော့ဖြင့် Music စိတ်ဝင်စားတဲ့လူတွေ ဒီဟာကဖြင့် FOSS စိတ်ဝင်စားတဲ့ လူတွေအတွက် ဒါကတော့ဖြင့် LGBT တွေစုထားတာ စသည်ဖြင့် ရှိနေတာပဲဆိုတော့ ဦးဆောင်နိုင်မယ့်လူရှိရင် ကိုယ်စိတ်ဝင်စားရာစုပြီး Server ခွဲကြပေါ့ သိပ်ပြီးခက်ခဲတဲ့အလုပ်မှ မဟုတ်တာပဲလေ။ စိတ်ဝင်စားရင် စမ်းသုံးကြည့်ပေါ့ Social Network ရဲ့ ဆိုးကျိုးတွေရှိမှာလားတို့ လုံခြုံမှာလားဆို့ မေးလာတယ်ဆိုရင်တော့ အဲဒါတွေက ဘာသုံးတာဆိုတာနဲ့မဆိုင်ပဲ လူအပေါ်ပဲမူတည်တယ်ပဲ ဖြေရမယ်ထင်တယ်။