Calm Hill My Random Thoughts

စားတော်ပဲပေါင်း

ပဲပြုတ်ကို အရင်ကတော့ ကိုယ်တိုင်လုပ်ပေမယ့် စင်ကာပူမှာက အလွယ်ဝယ်စားလို့ လွယ်လည်းလွယ်တယ် ဈေးလည်းမများတာရယ်နဲ့ မပြုတ်ဖြစ်တာကြာပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကလည်း ပဲပြုတ်ပြုတ်နည်း တခါရေးခဲ့ဖူးပါတယ်။ အခုတော့ ပဲပြုတ်လည်းဝယ်မရ မိန်းမကလည်း ငချိတ်ပေါင်းနဲ့ဆို ပဲပြုတ်ပါမှ ကောင်းမှာဆိုတာနဲ့ လက်စွမ်းပြရပါတယ်။

ပဲပြုတ်မယ်ဆိုရင် ရေဘယ်လောက် ထည့်ရမလဲဆိုတာ အဓိကပြဿနာပါပဲ ထည့်တာများသွားရင် ပျော့သွားလိုက် အခွံတွေကျွတ်သွားလိုက်နဲ့ ဖြစ်ချင်တိုင်းဖြစ်ပါတယ်။ ရေနဲ့ပဲအချိုးအစားက အရင်ကတော့ မှတ်မိပေမယ့် အခုတော့ဘယ်လိုမှ ပြန်စဉ်းစားလို့မရတော့ပါဘူး။ မိတ်ဆွေတယောက်က (ဘယ်သူမှန်း မမှတ်မိတော့) ပေါင်းရင်လည်းရတယ်လို့ ပြောဖူးတာမှတ်မိတော့ အတိမ်းအစောင်းခံတဲ့ ရေနွေးငွေ့နဲ့ ပေါင်းကြည့်လိုက်တယ်။

စားတော်ပဲ အညှောင့်ပေါက်

စားတော်ပဲက Indian ဆိုင်ရှိရင် ဘယ်မှာဖြစ်ဖြစ် White Peas ဆိုပြီးတော့ ရှာလို့လွယ်ပါတယ်။ လုပ်နည်းကအရင် အတိုင်းပါပဲ စားတော်ပဲကို ၁ ညရေစိမ်ထားပြီး အဝတ်အစိုနဲ့ ထုပ်ထားလိုက်ပြီး သတိရတဲ့အချိန် ရေလေးနည်းနည်း ဖျန်းပေးထားလိုက်ရင် ၁ ရက် ၁ရက်ခွဲလောက်နေရင် အညှောင့်ပေါက်ပါတယ်။

စားတော်ပဲ မပေါင်းမီ

ပေါင်းတော့မယ်ဆိုရင် ပဲအပင်ပေါက်လေးတွေကို ရေတော့တခါဆေးဖို့လိုတယ် အညှောက်ပေါက်တဲ့အချိန် အခွံထဲကနေ အညစ်အကြေး နည်းနည်းပါးပါး ထွက်လာတာရှိတတ်တယ်။ ပေါင်းမယ်ဆိုတော့ ရေအနည်းအများတို့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားစရာမလိုပါဘူး ကိုယ်သုံးတဲ့ပေါင်းအိုး အပေါ်အိုးထဲကို ပဲကိုထည့်ပြီး အောက်ဘက်ကအိုးထဲမှာ ရေထည့်ပြီးတော့ ပေါင်းလိုက်ရုံပါပဲ။

စားတော်ပဲပေါင်း

ပထမဆုံးပေါင်းတာဆိုတော့ နာရီဝက် ၁ ခါလောက်တော့ နပ်ပြီလားသွားကြည့်လိုက်ရတယ် ၁ နာရီခွဲ ၂ နာရီလောက်နေတော့ ပဲနပ်သွားတာတွေ့တယ်။ ဒီတခါပေါင်းတာ စားတော်ပဲရယ် ရေရယ်ကလွဲရင် ဘာမှမပါပါဘူး ဆိုဒါလည်းမထည့်သလို အရောင်လှအောင်ဆိုပြီး ထန်းလျက်လည်းမပါပါဘူး ဒါပေမယ့်စားလို့ အဆင်ပြေပါတယ်။

နောက်တခါမှပဲ ရေအချိုးအစား ပြန်စမ်းကြည့်တော့မယ် ပြုတ်လိုက်ရင်တော့ ပေါင်းတာထက်စာရင် အချိန်အကုန်လည်း သက်သာတာပေါ့လေ။ Pressure Cooker နဲ့လည်း ပြုတ်လို့ရနိုင်လောက်တယ် ၂−၃ ခါတော့ အပျက်ခံရမှာပေါ့လေ အခုတော့လက်ထဲ Pressure Cooker မရှိတော့ ရောက်လာမှပဲ စမ်းကြည့်တော့မယ်။