Category Archives: ကြုံရပလေကွယ်

မေးရန်လွယ်ပေမယ့်အဖြေခက်

မန္တလေးပြန်ရောက်တော့ နေရာတကာမှိုလိုပေါက်နေတာက ဖုန်းဆိုင်တွေလို့ပြောရမယ် လမ်း​ဒေါင့်တစ်ခုမှာ ဖုန်းဆိုင်တစ်ဆိုင်။ လျှပ်စစ်ပစ္စည်းရောင်းတဲ့ ငယ်သူငယ်ချင်းတစ်ယောက်အိမ် အလည်ရောက်တော့ သူငယ်ချင်းအိမ်လည်း ဖုန်းဆိုင်ဖွင့်ထားတယ် ဒါပေမယ့်ဆိုင်ရှေ့မှာ ဖုန်းကဒ်ရသည် ဖြည့်မပေးပါလို့ စာလုံးအကြီးကြီးနဲ့ ရေးထားတယ် ဘာဖြစ်လို့တုံးမေးတော့ တစ်ခါတစ်ခါ ဖုန်းကဒ်ကဖြည့်လိုက်လည်း ပိုက်ဆံကချက်ချင်း ဝင်ချင်မှဝင်တယ်တဲ့ ခက်တာက ကိုယ်လုပ်တာမှမဟုတ်တာ အဲဒါရှင်းနေရရင် မပြီးတော့တာနဲ့ ခက်ခဲတဲ့အလုပ်မဟုတ်ပေမယ့် လုပ်မပေးတော့ဘူးတဲ့။

သူငယ်ချင်းနှစ်ယောက် ၈၅လမ်း သာသနာ့ဗိမာန်ရှေ့က လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက် မုန့်စားနေတုံး လက်ဘက်ရည်ဆိုင် ကောင်တာကမန်နေဂျာက သူငယ်ချင်းကိုလာပြီးတော့ Wifi က IP Address မကျတော့လို့တဲ့ သူငယ်ချင်းဖြစ်သူက ကိုယ့်ဘက်လှည့်တိုက်ပေးတယ် သူ့ကြည့်ခိုင်းလုပ်တော့တယ် Router ထဲဝင်ကြည့် ကိုယ်လည်းလုပ်နေကျမှမဟုတ် ဟိုထဲဝင်ကြည့် ဒီအထဲဝင်ကြည့်နဲ့ IP Range က ၅၀ ပဲပေးထားတော့ သုံးတဲ့လူများ ၅၀ ကျော်နေသလားဆိုပြီး တိုးပေးလိုက်တော့ ရသွားလေရဲ့။

ခဏနေတော့ လူတစ်ယောက်က သူငယ်ချင်းဆီကို Laptop လေး တစ်လုံးမပြီး စားပွဲပြောင်းလာတယ် စက်လေးကနှေးနေလို့တဲ့ မြန်ချင်တာတဲ့ သူငယ်ချင်းကလည်း စိတ်ချရတယ် အချွန်နဲ့ပဲမပါတယ် ကိုယ့်ဘက်လှည့်ပြီးတော့ သူရှိတယ်ဆိုပဲ သူ့စက်ကြည့်လိုက်တော့ P III လေးရယ် ဘယ်တုံးက Laptop လေးလဲမသိ အဲဒါနဲ့ခင်ဗျားစက်က ဒီထက်တော့ မမြန်လောက်တော့ဘူးလို့ အဲဒါကိုပဲ ဘာပစ္စည်းလဲရင် မြန်မလဲမေးတာနဲ့ အကုန်လဲဖို့လိုမယ်လို့ဆိုတော့ ဘယ်နားကဆိုင်ကတော့ မြန်အောင် လုပ်တတ်တယ် ဆိုလားပြောပြီး ပေစောင်းစောင်းနဲ့ ထွက်သွားတယ်။

သူငယ်ချင်းကလည်း အပေါင်းအသင်းကများ လာနှုတ်ဆက်တဲ့လူက တစ်ယောက်ပြီးတစ်ယောက် အဲလိုနေတုံး လူတစ်ယောက်က ဖုံး ၃ လုံးနဲ့လာထိုင်ပြန်တော့ ဖုန်းများပျက်ပြန်ပြီလားလို့ ဘုရားတနေရတယ် သူငယ်ချင်းက အဲဒါသူသူငယ်ချင်းတဲ့ ဖုန်းပြင်တဲ့ဆိုင်ဖွင့်တယ်ဆိုတော့မှ ဟင်းချနိုင်တော့တယ်။ အဲ့ဒီဖုန်းပြင်တဲ့လူဟာ လာထိုင်ပြီးတဲ့နောက်တော့ သူ့ရဲ့ပြဿနာပေါင်းများစွာကို ပြောပါတော့တယ် Jailbreak ဘယ်လိုလုပ်တာကနေ Root လုပ်လို့မရတဲ့ ဖုန်းတွေရော ကိုယ်ကသုံးနေတဲ့ ဖုံးတောင်မှ Version ဘယ်လောက်မှန်း မေ့နေတဲ့လူဆိုတော့ မသိဘူးဗျလို့ဖြေတော့ မပြောချင်လို့လို့ဖြစ်ရတော့တယ်။

ဖုန်းပြင်တဲ့လူပြန်သွားတော့ သူငယ်ချင်းက အားရပါးရရယ်ပါတော့တယ် အဲဒါမင်းဝဋ်လည်တာ မင်းအိမ်ငါရောက်တိုင်း မင်းအမေက လျှပ်စစ်ပစ္စည်း ပြင်တတ်တယ်ဆိုပြီး မီးဖိုကွိုင်ဆက်ခိုင်းတယ် ထမင်းပေါင်းအိုး ပြင်ခိုင်းတာ မင်းမှတ်မိပါတယ်ဆိုတော့ တစ်ခါကသူငယ်ချင်းတစ်ယောက် Android App Development Camp လုပ်တော့ လာမယ့်လူတွေ Java သိရမယ်ဆိုတော့ တစ်ယောက်က Java တော့မသိဘူး Android Phone Service လုပ်တာ အတွေ့အကြုံရှိလို့ တက်လို့တော့ရမှာပါဆိုတော့ မတူဘူးဆိုတာ နားလည်အောင်မနည်း ပြောရတယ်ဆိုတာကို သတိရမိသေးတယ်။ အေး.. ဟုတ်တယ် မေးတော့လွယ်တယ် နားလည်အောင် ဖြေရတော့အတော်ခက်တယ်လို့ပဲ ပြောရင်းနဲ့ သူငယ်ချင်းနှစ်ယောက် ရယ်လို့မဆုံးတော့ဘူး။

ပေးရန်အကြွေးလက်ကျန်

လူကြီးသူမတွေက တရားရုံး ထောင် သုသာန်ဆိုပြီးတော့ မစည်ကားအပ်သောအရပ် ၃ ပါးဆိုပြီး ပြောဆိုဆုံးမလေ့ရှိတယ် အခုခေတ်မှာတော့ နိုင်ငံရပ်ခြားမှာ နေရတဲ့လူတွေကတော့ သံရုံးဆိုပြီး အရပ်တစ်ပါး ထပ်တိုးလေ့ရှိကြတာပေါ့။ မစည်ကားအပ်ပေမယ့် အရေးရှိရင်တော့ ရောက်ကြရတာမို့ ပါ့စပို့သက်တမ်းက ၆ လအောက်ပဲ ကျန်တော့တဲ့အတွက် ခရီးသွားချင်သွားရအောင် သက်တမ်းတိုးဖို့အတွက် သံရုံးကိုရောက်ရပြန်တယ်။

ခေတ်တွေလည်း နည်းနည်းပြောင်းတော့ သံရုံးလည်း အနည်းနဲ့အများတော့ ပြောင်းတယ်တော့ဆိုရမယ် သံရုံးရဲ့ Website ထဲကနေဝင်ပြီးတော့ Appointment ယူရင် Queue နံပါတ်နဲ့ ဖြည့်ရမယ့်ဖောင်တွေ ယူလာရမယ့်စာရွက် စာတမ်းစာရင်းရယ်ကို အီးမေးထဲကိုပို့ပေးတော့ အရင်ကထက် အများကြီးအဆင်ပြေပါတယ်။ အကြွေးဆိုတာ ကျန်တော့လည်း ပေးရတာပေါ့လေ ကိုယ့်တစ်ယောက်ထဲ ထူးပြီးတော့ ပေးရတာမှမဟုတ်တာ အခွန်ကျန်တာလေး စိတ်မှန်းနဲ့တွက်ချက်ယူ လိုအပ်တဲ့ စာရွက်စာတမ်းလေး မိတ္တူကူးပြီးတော့ ရက်ချိန်းရတဲ့ရက်ရောက်တော့ သံရုံးကိုရောက်ရတာပေါ့ ၉ နာရီလာလို့ စာထဲမှာရေးထားပေမယ့် မယုံရဲတော့ လိုရမယ်ရအနေနဲ့ တန်းစီချင်စီရဦးမယ်လေဆိုပြီးတော့ ၈ နာရီလောက်တော့ ရောက်သွားမိတယ်။

အရင်လို တံခါးပေါက်ဝမှာ တပ်တောင်တာဗိုလ်ထုနဲ့ စုစည်းထားသလို လူအုပ်ကြီးမမြင်ရတော့ဘူး ရုံးထဲဝင်သွားတော့လည်း ထိုင်စရာခုံတွေလည်းမြင်တယ် လူလည်း ၁၀ ယောက်လောက်ပဲမြင်သေးတယ် ထိုင်စောင့်နေလို့ဆိုတော့ လိပ်စာများမှားဝင်သလား ထင်မိသေးတယ်။ တစ်ချိန်တုံးကလို ညပိုင်းကတည်းက လူစာရင်းရေးတဲ့လူကသွားရေးတယ် မနက်ရောက်တော့ တစ်ခါတစ်လေ စာရင်းကို သူများကဖြဲလိုက်လို့ မနက်မိုးမလင်းခင် ထပ်ပြီးတော့ အရောက်လာပြီးတော့ ခါးတောင်းကျိုက်ပြီး လူအုပ်ကြီးထဲတိုးဝှေ့ စာအုပ်ထဲစာရင်းကို လုပြီးဖြည့်ရတာတို့မမြင်ရတော့ ဟိုအရင် အတိတ်ကိုဖြင့်လည်း လွမ်းမိပါသေးတယ်။

သံရုံးကလုံခြုံရေး ကုလားကြီးက မင်္ဂလာပါနှုတ်ဆက်လို့ လူနည်းတယ်လို့ပြောတော့ မင်းကစောနေတယ်တဲ့ ရုံးကဘယ်သူမှ မရောက်သေးဘူးတဲ့ ၉ ခွဲမှပဲ Appointment နံပါတ်နဲ့ ခေါ်မှာဆိုတော့ တော်ရာသွားထိုင်နေရတယ်။ အဲဒီမှာထိုင်နေရင်းနဲ့ ၉ နာရီလောက်မှာ မတော်မတည့်မြင်လာရတာက Visa လာယူတဲ့လူတွေအတွက် Queue နံပါတ်ယူဖို့အတွက် ကောင်တာတစ်ခုက အပြင်မှာရှိတယ် အဲဒါကိုဝင်လာသမျှလူတွေက နံပါတ်ထပ်ယူရမယ်ဆိုပြီး ပါလာတဲ့ ထီးလေးအိတ်လေးတွေ ဗလာစာအုပ်လေး ရေဘူးလေးတွေ သွားချပြီးတော့ နေရာဦးကြပါတော့တယ် တကယ်တော့ တန်းကစီရမယ်ဆိုဦးတော့ ၁၅ ယောက်လောက်ရှိတာပါ အဲဒီတော့ ကိုယ့်လူမျိုးတွေ ဘဝမမေ့အောင် ကိုယ့်ကိုကိုယ် သတိပေးနေကြတာပါလားဆိုပြီး သံဝေဂရမိတယ်။

၉ နာရီခွဲတော့ ရုံးဖွင့်တယ် အဲဒီမှာ Visa Counter ထဲမှာလူရိပ်လူခြေမြင်တော့ နေရာဦးပြီးချထားတဲ့ ပစ္စည်းပစ္စယတွေကို အပေးအလွှားယူကြပြီး လူကိုယ်တိုင်တန်းစီကြတယ် ခဏနေတော့ အထဲကလူကနေ ဘာလို့စီနေတာတုံး ဒါကနိုင်ငံခြားသားတွေအတွက်လည်း ဆိုလိုက်ရော ဓာတ်ပုံရိုက်ရိုက်ဆိုပြီး ဓာတ်ပုံရိုက်တဲ့နေရာကို အပြေးအလွှားနဲ့ တန်းစီကြပြန်တယ်။ ကိုယ့်မှာသူတို့ကို ဟိုဘက်ပြေးတာလိုက်ကြည့် ဒီဘက်ကခေါ်နေတဲ့ နံပါတ်ကိုကြည့်နဲ့ ရှေ့ပိုင်းရောက်နေတဲ့ နံပါတ်ဖြစ်နေတော့ ဓာတ်ပုံတိုးမရိုက်တော့ဘူး ထိုင်ပဲစောင့်ရတော့တယ်။

တစ်ချို့နံပါတ်တွေမှာ နည်းနည်းစောင့်ရတာကြာတယ် ကိုယ့်အလှည့်ရောက်တော့ စာရေးမကြီးက စာရွက်တွေကိုပေးဆိုပြီးယူသွား အခွန်ဘယ်လောက်ကျန်တယ်ဆိုပြီး နေလည်မှပြန်လာ ဓာတ်ပုံရိုက်ပြီးပြန်တော့တဲ့ အဲဒါနဲ့ စစ်တာမြန်တာပဲလို့ စောစောကလူတွေက ဘာလို့ကြာနေလဲလို့ စပ်စုလိုက်တော့ ကြာမှာပေါ့တဲ့ ဖောင်လည်းအလွတ်ယူလာတယ် ဓာတ်ပုံလည်းကပ်မလာ မိတ္တူလည်းအခုမှကူးတယ်ဆိုတာ့ နောက်လူကကြာတယ်မေးရင် ရှေ့ကလူစပ်စုနေလို့ အပြောခံရမှာစိုးရတော့ ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီး လစ်ထွက်လာရတယ်။

ဓာတ်ပုံရိုက်တော့ စောစောကလူတန်းကြီးက မရှိတော့ဘူး အကုန်လုံးကုန်သွားတော့ တန်းမစီရတော့ဘူး။ အဲဒါနဲ့ ဓာတ်ပုံခန်းကို ခန်းဆီးလေးဖယ်ပြီး လောလောလောလောနဲ့ဝင်လိုက်မိတာ နံရံကိုတိုက်မိမလိုဖြစ်တယ်။ ဟမ်… ဆိုပြီးပါတ်လည်ကိုကြည့်လိုက်တော့ ဓာတ်ပုံခန်းက အလျား ၈ ပေလောက်နဲ့ အနံ ၃ ပေလောက်ကို စတူဒီရိုလုပ်ထားတာ အဲဒီတော့ ဝတဲ့လူဆိုရင် ဆန့်ပါ့မလားတော့ နည်းနည်းသံသယဖြစ်မိတယ် ဒါပေမယ့်လည်း မျက်နှာပဲစာအုပ်ထဲပါတာ ခေါင်းဝင်ကိုယ်မဆန့်လည်း အရေးမကြီးဘူးဆိုပြီး မျက်နှာပဲသွင်းပြီးရိုက်ချင်လည်း ရိုက်မှာပါလေ။

နေ့လည်မှပြန်လာဆိုတော့ ဘာမှလည်းလုပ်စရာမရှိတာနဲ့ အိမ်မပြန်တော့ပဲ လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရှာပြီးတော့ထိုင် ကွန်ပျူတာဖွင့်ပြီး လုပ်စရာရှိတာ ထိုင်လုပ်ပြီးအချိန်ဖြုန်း ၂ နာရီထိုးတော့ သံရုံးဘက်ပြန်လာခဲ့တယ်။ နေ့လည်ပိုင်းကျတော့ အခွန်ပေးစရာရှိတဲ့လူတွေက နံပါတ်မခေါ်တော့ဘူး နာမည်ခေါ်တယ် ပိုက်ဆံပေးရတာတော့ အင်မတန်မြန်ပါတယ် ဖောင်းနေတဲ့ပိုက်ဆံအိပ် ၁ မိနစ်အတွင်း ပြားချပ်သွားတယ်။ ပြီးရင်ဟိုဘက်ကောင်တာမှာ တန်းစီပါဆိုတော့ ဒီတစ်ခါတော့ တန်းစီတာမလွတ်တော့ဘူး ၁၅ မိနစ်လောက် တန်းစီလိုက်ရတယ်။

တန်းစီနေတုံးမှာ အခွန်ဆောင်တဲ့ဘက်က ဆူညံဆူညံအသံကြားရတော့ လှမ်းကြည့်မိတော့ စင်္ကာပူရီယန်း တရုတ်မကြီးတစ်ယောက် အခွန်ငွေကောင်တာမှာ အပြင်းအထန် ရန်တွေ့နေပါတော့တယ်။ တရုတ်မကြီးက သူ့အိမ်မှာ အိမ်အကူလုပ်တဲ့ မြန်မာအစ်မကြီး တစ်ယောက်အတွက် ပါ့စပို့ကိုသက်တမ်းလာတိုး အခွန်လာဆောင်ပေးတာ အဲဒီ့မှာ အခွန်က ၁၀% ဆောင်ရတော့ များများရေးရင် များများဆောင်ရသပေါ့ လခနည်းတဲ့လူတွေအတွက် ပြေစာထဲမှာ လစာကို ၂၅၀ ပေးတယ်ပြပြီးတော့ တစ်လကို ၂၅ ဒေါ်လာဆောင်ရတယ် ထင်ပါတယ် အဲဒါကို သူပေးတဲ့လစာက ၂၅၀ မကဘူး ဆိုပြီးတော့ သူသိက္ခာကျတယ်ဆိုပြီး ဘယ်လိုမှရှင်းမရတော့ တန်းစီနေကြတဲ့လူတွေမှာ ငိုအားထက် ရယ်အားသန် ဖြစ်ကုန်ကြရတယ်။

စာရွက်စာတမ်းစစ်တာနဲ့ လက်ဗွေနှိပ်တာက တကယ်တော့မကြာပါဘူး တန်းစီတာအပါအဝင် မိနစ် ၃၀ လောက်နေတော့ပြီးသွားတယ် နောက်ကနေ တန်းစီနေတဲ့ကောင်လေးနဲ့ ကောင်တာနောက်က စာရေးမနဲ့ပြောနေသံကြားတယ် တန်းစီနေတဲ့ကောင်လေးကို ပါ့စပို့စာအုပ်ဟာ အသစ်လဲဖို့လိုတယ်တဲ့ ကောင်လေးမဟုတ်ဘူးတဲ့ ဒီစာအုပ်က Machine Readable စာအုပ်လဲပြီးသား မဟုတ်လားဆိုတော့ အဲဒါက ပြည်ထောင်စုမြန်မာနိုင်ငံတော်ခေတ်က ပါ့စပို့စာအုပ်တဲ့ အခုတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်လို့ စာလုံးပေါင်းကွာတဲ့အတွက် စာအုပ်လဲဖို့လိုတယ်ဆိုတော့ သမ္မတဆိုတဲ့ စကားလုံးတစ်လုံးရဲ့ တန်ဖိုးဘယ်လောက်ရှိတယ် လက်တွေ့သိလိုက်ရတော့တယ်။

နောက်နေ့ညနေ ၅ ခွဲလောက်လာယူတဲ့ နောက်နေ့ညနေ ရုံးကနေစောထွက်လာပြီး စာအုပ်သွားယူတယ် မစောင့်ရပါဘူး စာအုပ်ကိုချက်ချင်း ထုတ်လို့ရခဲ့တယ်။ စာအုပ်သက်တမ်း ဖွင့်ကြည့်တော့ ၄ နှစ်ဆိုတော့ အရင်ထက်တော့ ၁ နှစ်ပိုလာတယ် ရိုက်ထားတဲ့ ဓာတ်ပုံကတော့ ကိုယ်တိုင်တောင် မနည်းကြည့်မှမှတ်မိတော့ Immigration ဖြတ်ရင် မျက်မှန်ချွတ်ပြ အသေအချာတူလား မတူလားအကြည့်ခံရတဲ့ ဘဝကတော့လွတ်မယ်မဟုတ်မှန်းတော့ သဘောပေါက်လိုက်မိရင်း အိမ်ပြန်ခဲ့တော့တယ်။

တပည့်များနဲ့ခဏတာ

ရန်ကုန်ကိုအလုပ်နဲ့ ခဏရောက်ဖြစ်တော့ ဝေးဝေးမသွားနိုင်ပေမယ့် ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းတွေ စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေနဲ့ ပြန်တွေ့ခွင့်ရလိုက်တာ အမြတ်ထွက်တယ်လို့ဆိုရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မသွားဖြစ်သေးခင် ၂ ပါတ်လောက်မှာ စာသင်ပေးဖူးတဲ့ တပည့်တစ်ယောက်က မှတ်မှတ်ရရ ရန်ကုန်ရောက်ရင် ဖုန်းဆက်ပါလို့ အီးမေးတစ်စောင်ပို့ထားတယ်။ ရန်ကုန်ရောက်ပြီး နောက်တစ်ရက်ပဲ ဖုန်းဆက်လိုက်တော့ သူတို့လည်းဘယ်လိုမှ မထင်ထားမိတော့ အတော်အံ့ဩသွားပြီး ညနေပိုင်းပဲလာခဲ့မယ်ဆရာဆိုပြီး တပည့်စုံတွဲ ရောက်လာတယ်။ တကယ်တော့ စာသင်ပေးဖူးလို့သာ တပည့်လို့ပြောရတယ် ကိုယ်နဲ့ရွယ်တူပါပဲ။ ဒီလိုပဲမုန့်စားရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြော ဝမ်းသာအားရနဲ့ပေါ့ ကိုယ့်ကိုကိုယ် လွန်ခဲ့သော ၄ နှစ်ကိုပြန်ရောက်သွားလို ခံစားလိုက်မိတယ် ပြန်ခါနီးနှုတ်ဆက်တော့ ဆရာအသက်ကြီးသွားတာ နည်းနည်းသိသာသွားပြီပြောမှ ပစ္စုပ္ပန်ကိုသတိရတော့တယ်။ ဒီလိုပဲပေါ့ အချိန်ဆိုတာ ရုပ်ဝတ္ထုတွေကို တိုက်စားသွားနိုင်တယ် မဟုတ်လား။

တပည့်တစ်ယောက်က အွန်လိုင်းမှာတွေ့လို့နှုတ်ဆက်လို့ နင်ဘယ်မလဲမေးမိတယ် ရန်ကုန်မှာဆိုလို့ ငါလည်းရန်ကုန်ရောက်နေတယ်လို့ ပြောလိုက်မိတော့ အခုလာခဲ့မယ် လှည်းတန်းဆိုရင် ၁ နာရီအတွင်းအရောက်ဆိုပြီး စိတ်မြန်လက်မြန်နဲ့ အွန်လိုင်းပေါ်ကဆင်းသွားလေရဲ့။ တကယ်တော့သူက တပည့်ထဲမှာ သက်တမ်းအရှည်ဆုံး တပည့်ထဲကတစ်ယောက်ပဲ ၅ နှစ်လောက် စာသင်ပေးခဲ့ဖူးတယ် နောက်ပြီးတော့ သူငယ်ချင်းရဲ့ညီမ အိမ်နာမည်ပဲသိတော့ တစ်ခါက Facebook မှာပြန်တွေ့တယ် နာမည်အရင်းနဲ့ဖြစ်နေတော့ ဘယ်သူပါလိမ့်လို့ အတော်စဉ်းစားယူရတယ်။ ၁ နာရီအတွင်းလာမယ်ပြောတယ် သို့ပေမယ့်ရောက်မလာတော့ အလုပ်ဆက်လုပ်နေမိတယ် ရုတ်တရက် ဆရာဆိုပြီး လူအများကြီးအော်ခေါ်တာ ကြားလိုက်မိတော့ လာမယ်ဆိုတဲ့တပည့်က သူတို့အတူတူစာသင်ခဲ့ကြတဲ့ တစ်ခြားလူတွေကိုပါ လိုက်ရှာပြီးခေါ်လာတာ လူအကုန်မဟုတ်ပေမယ့် အများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် အတော်ကိုဝမ်းသာမိတယ် ကိုယ်ကျောင်းပြီးတဲ့အချိန် သူတို့တွေက ပထမနှစ်တက်ခါစ စာသင်ပေးခဲ့တဲ့ ဆရာပေါက်စဘဝကို ပြန်ရောက်သွားသလို ခံစားမိတယ်။ ဆရာမုန့်မကျွေးတာကြာပြီ မုန့်ကျွေးပါဆိုလို့ ဆရာတပည့်တွေ စာမသင်ချင် သင်တန်းဘေးကမုန့်ဆိုင်မှာ ထိုင်ဆိုတဲ့ တစ်ချိန်တုံးက လက်သုံးစကားကို အမှတ်တရအဖြစ်နဲ့ မုန့်ဆိုင်ကို ချီတက်ကြတာပေါ့။

လှည်းတန်းနားက ကော်ဖီဆိုင်က စားပွဲထိုးကောင်လေးတွေက တစ်ရက်နှစ်ရက်အတွင်း ကိုယ့်ကိုမှတ်မိနေတယ် ဒီလူကြီးတစ်ရက်ကို လေးခါလောက်လာတယ် တစ်ခါလာတိုင်း လူတစ်အုပ်နဲ့လို့ ထင်နေမယ်ထင်တယ်။ ဆရာတပည့်တွေ တစ်ယောက်တစ်ပေါက် လက်ပံပင် ဆက်ရက်ကျဆိုလို အော်ဟစ်နေလို့ဘေးကလူတွေ အတော်စိတ်ညစ်သွားမယ်။ ပြောမနာဆိုမနာ တပည့်တွေဆိုတော့ သူတို့ကလည်း မလေးမစားရယ်လည်း မရည်မရွယ်ပါဘူး ဒါပေမယ့် ဆရာလို့သာခေါ်တာ သူငယ်ချင်းလိုဖြစ်နေတယ်။ စားပွဲထိုးကောင်လေးတွေက ပြုံးစိစိနဲ့ပေါ့ အင်္ကျီအပွကြီး ဖိနပ်ကတစ်တောင်လောက် မတော်တရော် အကြီးကြီးစီး ထီးကောက်ကြီးနဲ့ ဆံပင်ဖြူစုတ်ဖွားနဲ့လူကြီးကို ကလေးမတစ်သိုက်က ဆရာလို့လည်းခေါ်ကြတယ် သို့ပေမယ့်လည်း ရစရာမရှိအောင်လည်း ပြောနေကြတယ် ထင်ကြမယ်ထင်ပါတယ်။ ဘာတွေလုပ်နေကြသလဲ မေးကြည့်မိတော့ အားလုံးထဲမှာ သူငယ်ချင်းရဲ့ညီမ တစ်ယောက်ပဲ ပရိုဂရမ်မာလုပ်တယ် ကျန်တဲ့လူတွေက ကွန်ပျူတာနဲ့မသက်ဆိုင်ကြပါဘူး အများအားဖြင့် NGO အဖွဲ့တွေမှာ အလုပ်လုပ်နေကြတယ်။ ပရိုဂရမ်မာလုပ်တဲ့ တပည့်ကျော်က သမီးတစ်ယောက်ပဲ အဆင်းရဲဆုံးပါ ဆရာရယ်ဆိုလို့ စိတ်မကောင်းဖြစ်ရတယ်။ ငါမင်းအရွယ်တုံးက မင်းလောက်တောင် ဘဝကိုမစနိုင်သေးပါဘူးလို့ ပြောမိတော့ စိတ်ဓာတ်မကျပါဘူး အောင်မြင်တဲ့အထိလုပ်မှာပါ ဆရာလို့ပြောလာတော့ ဝမ်းသာမိပါတယ်။

ကိုယ်ကအချိန်ရပေမယ့် သူတို့လည်းအလုပ်ကိုယ်စီနဲ့ အချိန်မရကြတော့ဘူး တပည့်တစ်ယောက်က ရခိုင်ဘက်ခရီးထွက်ရမယ် သွားတော့မယ်ဆရာဆိုပြီး အရင်ဆုံးနှုတ်ဆက်ပြီး ထွက်သွားတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြတယ် နောက်ဆုံးကျန်ခဲ့တာ ပရိုဂရမ်မာလုပ်တဲ့တပည့်ရယ် သူ့သူငယ်ချင်းရယ် သူတို့နဲ့တော့ အတော်ကြာကြာစကားပြောဖြစ်တယ် ဘာဆက်လုပ်သင့်သလဲ အခုဘာတွေလုပ်နေသလဲ ပြောပြလို့အကြံပေးနိုင်တာပေးပေါ့လေ။ သူတို့ပြန်သွားတော့ဆိုင်မှာ အတော်ကြာကြာထိုင်နေမိသေးတယ်။ လွန်ခဲ့သော လေးငါးနှစ်အတွင်းမှာ ကိုယ့်ဘဝထဲမှာ အတော်များများ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တယ်။ မောင်နီသင်းရေးတဲ့ အလွမ်းနာဆိုတဲ့ ကျောင်းဆရာဘဝကို ရုံးအရာရှိဘဝကနေ တမ်းတနေမိတဲ့ အက်ဆေးကိုသတိရမိတယ်။ ကိုယ်လည်းဘဝတူပါပဲ အရာရာပြောင်းလဲသွားပေမယ့် တပည့်တွေကမပြောင်းမလဲ ကျန်နေခဲ့တယ် အဲဒီ့ဘဝကိုပြန်လွမ်းမိပေမယ့် ပြန်သွားလို့လည်း မဖြစ်နိုင်မှန်းလည်း သိပြီးသားပဲမဟုတ်လား ဆရာတပည့်တွေ ခဏလောက်ပြန်ဆုံရတာကိုပဲ ဝမ်းသာလွန်းလှပါပြီ အချိန်တွေဘယ်လောက် တိုက်စားသွားပါစေ ဆရာတပည့်သံယောစဉ်တွေက ပျောက်ပျက်မသွားနိုင်ပါဘူးလေ။