Calm Hill My Random Thoughts

အသက်အရွယ်နဲ့တော့မဆိုင်ဘူး

ညအမှောင်က တိတ်ဆိတ်နေသည် သို့သော် ဧည့်ခန်းမီးကား လင်းနေဆဲ။ ရှေးဟောင်း တိုင်ကပ်နာရီမှ ”ဒေါင်… ဒေါင်” မြည်သံက ၁၂ ခါထွက်ပေါ်လာသည်။ သို့သော် မအိပ်နိုင်သေးသူကား အသက် ၅ဝ နှစ်ခန့်အရွယ် လူတစ်ယောက် ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျောက်နေသည်။

”တောက်… ၁၂ နာရီတောင်ထိုးပြီ ဟိုအကောင် ပြန်မရောက်သေးဘူး တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဒီနေ့တော့လား ပြန်လာပစေဦး နောက်နေ့ အပြင်မထွက်နိုင်အောင်ကို ဆုံးမထားမှဖြစ်မယ်”

ထိုစဥ် ဧည့်ခန်းဘေး ကပ်လျက်အခန်းတစ်ခုမှ အဘိုးအိုတစ်ယောက် ထွက်လာသည်။

”ဟင်… သားဒီအချိန်ကြီးအထိ ဘာလုပ်နေတာလဲ မအိပ်သေးဘူးလား အဖေတောင် တစ်ရေးနိုးပြီကွဲ့”

”ဘာဖြစ်ရမလဲ အဖေရယ် အဖေ့မြေးပေါ့ ဒီအချိန်အထိ ပြန်မလာသေးဘူးလေ အသက်လည်း ၂ဝ ကျော်နေပြီ ဒီအချိန်အထိ ဖအေဖြစ်သူက မျော်နေရတာ မဟုတ်သေးဘူး ဒီအရွယ်ရောက်တာတောင် အခုထက်ထိ မသိတတ်သေးဘူး အဖေရ”

”ဟေ… အသက်နဲ့တော့ မဆိုင်ပါဘူးသားရယ် မိဘဆိုတော့ ဒီလိုပဲပေါ့ ဒါနဲ့ မင်းအသက် ဘယ်လောက် ရှိပြီလဲ”

”ဘာဖြစ်လို့လဲ အဖေ ကျွန်တော် ဒီနှစ်ဆို ၅ဝ ပြည့်ပြီပေါ့ဗျ အဖေကလည်း သိရဲ့မေးနေပြန်ပြီ”

”အေး… မင်းသား အသက် ၂ဝ မပြောနဲ့ မင်း အသက် ၅ဝ အရွယ်တောင် ငါ့မှာ တစ်ခါတစ်လေ မင်းအပေါင်း အသင်းတွေနဲ့ ပါသွားလို့ နောက်ကျရင် မျော်နေရတုန်းပဲဆိုတာ မင်းလည်း မသိသေးဘူး မဟုတ်လား မင်းကားအိမ်ပေါက်ကို ရောက်လာတာ မြင်မှ ငါအမြဲအိပ်ပါတယ် ကဲကဲ… မင်းရှိရင် ပြီးတာပါပဲ ငါကစိတ်မချလို့ ထကြည့်တာ အဖေပြန်အိပ်တော့မယ်”

”ဟုတ်ကဲ့အဖေ အိပ်ပါတော့ ကျွန်တော်လည်း အဖေအခုအချိန်အထိ စိတ်မချဖြစ်နေမှာကို မသိလို့ပါ နောက်ကို နောက်မကျအောင် သတိထားပါ့မယ် အဖေ့မြေးကိုတော့ အဖေ့တာဝန်ကို လှဲယူတဲ့အနေနဲ့ ကျွန်တော်ဆက်စောင့် လိုက်ပါဦးမယ် အဖေ”

comments powered by Disqus