Calm Hill My Random Thoughts

နိုင်ငံခြားဖြစ် ဓာတ်ရိုက်နည်း


မန္တလေးအိမ်မှာဆိုရင် ညပိုင်းဆိုရင် ဆိုင်တွေကိုမနက်က အကွေးပေးလိုက်တဲ့ ကုန်ဖိုးတွေ လိုက်ကောက်ရတယ်။ ဆိုင်တွေမှာလည်း လက်ကလေးတစ်ဘက် လှုပ်တုတ်လှုပ်တုတ် ကြောက်ရုပ်လေးတွေ ကောင်တာတွေပေါ်မှာ တင်ထားတတ်တယ်ဗျ။ မေးကြည့်တော့လည်း ဘာမှန်းဘယ်သူမှ ရေရေရာရာ မသိကြဘူး။ အင်တာနက်မှာ ရှာကြည့်လိုက်တော့မှ ဂျပန်ရိုးရာဆိုပဲ Maneki Neko လို့ခေါ်တယ်ပြောတာပဲ။ ဗမာပြည်တော့ တရုတ်ကဝင်တဲ့ ဂျပန်အရုပ်လို့ ပြောရမယ်ထင်တယ်။ လက်ကလေး လှုပ်နေတော့ လူခေါ်တယ် ဒီတော့စျေးဆိုင်ဆိုတော့ ဧည့်များတော့ လာဘ်ကောင်းတယ်ဆိုပဲ။ ဆိုင်တစ်ဆိုင်ကတော့ အဘွားလက်ထက်ကတည်းက ဖောက်သည်ဆိုတော့ အမျိုးလိုခင်နေတာဗျ။ ဆိုင်ရှင်မိန်းမကြီးက အဒေါ်နဲ့ဆို ငယ်ကတည်းက စီးပွားဖက်ဖြစ်နေတော့ ကျွန်တော့်ကိုလည်း အင်မတန်ခင်တယ်။ မနက်ခင်းသွား ကုန်ပို့ရင်တော့ ဟုတ်နေတာပဲ ဒါပေမယ့် ညပိုင်းမှာ ကျွန်တော့်ကို ဆိုင်ပေါက်ဝကနေ ဝင်လာတာမြင်ရင်တော့ ကောင်တာပေါ်က ကြောင်ရုပ်ကို ကောင်တာထဲ ဇွပ်ကနဲ့သိမ်းတယ်ဗျ။ နောက်ပိုင်း သတိထားမိတော့ မေးကြည့်တယ် အန်တီက ကျွန်တော့်မြင်တာနဲ့ ဘာကိစ္စ အရုပ်ကိုသိမ်းတာလဲ ကျွန်တော်က မယူပါဘူးဗျလို့ ပြောလိုက်တော့ “ဟဲ့ အရုပ်ပျောက်မှာ ကြောက်လို့ မဟုတ်ဘူး နင်ကပိုက်ဆံပေးမယ့်လူမဟုတ်ဘူး ပိုက်ဆံတောင်းမယ့်လူ နင်ရှိတုံး ကြောင်ရုပ်တင်ထားရင် နင့်လိုတောင်းမယ့် လူတွေကြည့် လာနေရင်ဒုက္ခများတယ်” တဲ့ဗျာ ကောင်းရော။ ဘလော့ကလည်း ဒီရက်ပိုင်း လူအလာနည်းတယ်လေ ဒီတော့ အတုမြင် အတတ်သင်ပဲ ပြောပြောပေါ့လေ ငယ်ငယ်ကတည်းက မြင်တွေ့နေရတဲ့ စျေးသည်လူခေါ် အဲလေ ဘလော့လူခေါ် ဓာတ်ရိုက်လိုက်ဦးမယ် အဟိ။


(မှတ်ချက်။ တစ်ကယ်ကတော့ စာမရေးလို့ လူမလာတာပါ။ ရေးစရာမရှိတော့လည်း လူခေါ်လို့ကမရတာနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် စာရေးဓာတ်ရိုက် နှစ်ခုပေါင်းလိုက်ခြင်းဖြစ်၏။ စျေးတန်းထဲက ဓာတ်ရိုက်နည်းကတော့ မလိုအပ်သေးဟုထင်သဖြင့် မသုံးသေးပါ။)

comments powered by Disqus