Calm Hill My Random Thoughts

အတိတ် 2009 ပစ္စုပ္ပန်နဲ့အနာဂတ် 2010

ဇန်နဝါရီမှာကျောင်းစဖွင့်တယ် ခက်တယ်ဆိုပြီး ဘယ်သူမှမယူတဲ့ ဘာသာများစိတ်ဝင်စားလို့ယူတယ်။ လူတိုင်းကြောက်တဲ့ ပရော်ဖက်ဆာက ကျမ်းကြီးကြပ်ရေးဆရာ ဖြစ်လာတယ်။ ဆရာက သဘောကောင်းပေမယ့် အင်မတန်ခိုင်းတယ် မျက်စေ့ရှေ့တင် ကျောင်းသားတစ်ယောက် ဒဏ်မခံနိုင်လို့ ကျောင်းထွက်သွားတယ်။ ကျောင်းတက်ရင်း မတ်လအထိ အရောင်းစာရေး လုပ်နေသေးတယ်။ နောက်တော့ဆရာ့ဆီမှာ အချိန်ပိုင်းအလုပ်လုပ်တယ်။ စာမေးပွဲနီးမှ သူများမယူတဲ့ ဘာသာများရဲ့ ဒဏ်ကပေါ်လာတယ် မှတ်မှတ်ရရ ပရိုဂရမ်မင်းဘာသာစကား လေးမျိုးလောက်ပြောင်းရေးရတယ် အင်မတန်ပင်ပန်းပေမယ့် လော့ဂျစ်မှန်တိုင်း အလုပ်ဖြစ်ဘူး အလုပ်ကြီးရင် Hardware and Software များရဲ့ အမြင့်ဆုံး လုပ်ဆောင်နိုင်မှု့ဟာ ကိုယ့်လိုအပ်ချက်ကို မပြည့်စေတာတွေဖြစ်လာကြောင်း ကောင်းကောင်းကြီး အတွေ့အကြုံရလိုက်တယ် စာမေးပွဲလည်း ဖြေစားလာတာ ကြာပြီဖြစ်လို့ မဖြေနိုင်တော့မရှိပါ အဆင်ပြေပါတယ်။ ကျောင်းပိတ်တော့ ကျောင်းထဲကအလုပ်တစ်ခုမှာ သူငယ်ချင်းတစ်ယောက် အကူအညီနဲ့အလုပ်ရတယ် ကျောင်းပိတ်ရက်သုံးလ အလုပ်လုပ်တယ် ဆံပင်လည်း ၂၀% လောက်ပိုဖြူသွားတယ်။ ကျောင်းဖွင့်တော့ စာတမ်းရေးတာနဲ့ အလုပ်နဲ့မနိုင်တာကြောင့် အလုပ်ထွက်လိုက်ရတယ်။

ဒုတိယနှစ်ဝက်လည်း အရင်လိုပဲ ဂွကျကျနဲ့ပဲ သူများမယူတဲ့ ဘာသာတွေကိုယူပါတယ်။ စာတမ်းတွေ တင်ရမယ့်ရက်တွေနီးလာလို့ မအိပ်ရတဲ့ရက်များပိုများလာတယ် အိပ်ရေးပျက်ရကျိုးနပ်ခဲ့ပါတယ်။ မကောင်းတာလည်းရှိတယ် အပြင်ကိုတင်မယ့် စာတမ်းတွေကို လုံးပန်းနေလို့ ဘွဲ့ယူကျမ်းမပြီးပဲနောက်ကျတယ် ကျမ်းကြီးကြပ်တဲ့ ပရောဖက်ဆာထောက်ခံပေးလို့ အချိန်တစ်လခွဲလောက်ပိုရသွားလို့ ခံသာသွားတယ်။ စာမေးပွဲကတော့ ထုံးစံအတိုင်းပဲ စာကိုကျက်မဖြေရတဲ့ တက္ကသိုလ်မှန်ရင် အဖြေလှာကို ပုံနှိပ်စာအုပ်ထဲကစာနဲ့ တူသလားလို့ တိုက်ပြီးစစ်တဲ့ဆရာများ စာမစစ်ရင်ဖြင့် ငါ့ကိုရိုက်ချတောင် ကျစရာမရှိဘူး။ စာမေးပွဲပြီးတော့ ပါလေရာအကျင့်အတိုင်း နှစ်စဥ်လုပ်နေကျ ယဥ်ကျေးမှု့ကပွဲမှာ ဝင်ကပြန်တယ်။ ဒါနဲ့ပဲဦးရွှေရိုးနာမည်တွင်သွားပြန်တယ် ကန်တင်းမှာတွေ့သမျ ဗမာကျောင်းသားများ ဦးရွှေရိုးကတဲ့အစ်ကိုကြီးလားလို့ မေးလေ့ရှိတယ်။

၂၀၁ဝ မှာရော ဘာတွေဆက်လုပ်မလဲ စဥ်းစားမိတယ်။ ဝါသနာပါရာအလုပ်ရယ် အသက်မွေးဝမ်းကျောင်းအလုပ်ရယ် နှစ်ခုရှိနေမယ်။ ဝါသနာအနေနဲ့ ဒန်စာမေးပွဲတစ်ခု ၂၀၁ဝ မှာပဲမဖြစ်မနေဖြေစရာရှိမယ်။ ၂၀၀၉ မှာအသက်မွေးဝမ်းကျောင်း အလုပ်အနေနဲ့ကတော့ ပညာရေးနဲ့ဆက်ပြီး ပတ်သက်မလား မပတ်သက်မလား အပြီးသတ်ဆုံးဖြတ်ဖို့ ဇဝေဇဝါဖြစ်နေတယ်။ ၂၀၁ဝ မှာတော့ တက္ကသိုလ်တက်လာတဲ့ သက်တမ်း ၁ဝ နှစ်ပြည့်ပါပြီ ဒီအချိန်ရောက်မှ နောက်ပြန်မလှည့်တော့ဘူးလို့ အပြီးသတ်ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ပဲ ၂၀၁ဝ မှာလည်း အရင်လိုပဲ ဘုကျကျနေမယ် ရေးလက်စ စာတမ်းများလည်း အောင်မြင်အောင်ကြိုးစားရမယ်။ လူအများစိတ်ဝင်စားစရာ လုပ်ဖို့အစီအစဥ်မရှိသလို အချိန်လည်းမရှိပါဘူးလေ ကိုယ်စိတ်ဝင်စားစရာပဲ ကိုယ်လုပ်ပါမယ် အများစိတ်ဝင်စားစရာမလိုပါဘူး နားလည်တဲ့လူ တစ်ယောက်ပဲဖြစ်ဖြစ် စိတ်ဝင်စားရင်တော်ပါပြီ။ ဘလော့လည်းဆက်ရေးဖြစ်နေမှာပါ ရောက်တတ်ရာရာပေါ့ ရယ်စရာဖြစ်လိုက် ထင်ရာမြင်ရာရေးလိုက်ပေါ့ လျောက်ရေးနေမှာပါပဲ။

comments powered by Disqus