Calm Hill My Random Thoughts

တောင်သမန်သို့တစ်ခေါက်

အလုပ်နဲ့ရန်ကုန်ပြန်သွားပေမယ့် မန်းလေးပြန်ဖို့ အစီအစဉ်မပါလာဘူး ဒါပေမယ့် အိမ်ဆိုတဲ့သံယောစဉ်ကလည်းခက်တယ် ရောက်နေတော့လည်း ပြန်ချင်မိပြန်တယ် အလုပ်တွေကိုစိတ်ချရအောင် စီစဉ်ပြီးတာနဲ့ အိမ်ကိုတော့ တစ်ညအိပ်ဆိုပြီး စနေညအိပ် တနင်္ဂနွေပြန်ဆိုပြီး ဖုတ်ပူမီးတိုက်ပြန်ခဲ့တယ်။ တစ်ညအိပ်ဆိုတော့ ဘယ်မှသိပ်မသွားနိုင်ပါဘူး ဒါပေမယ်ရောက်တုံးရောက်ခိုက် သွားမယ်လို့အားခဲထားတဲ့ နေရာတွေကတော့ရှိသပေါ့ ကျုံးနဲ့မြို့ရိုးရယ် မန္တလေးတောင်ရယ်ကို ဓာတ်ပုံရိုက်ရမယ် နောက်ပြီးတော့ တောင်သမန်ကိုခဏသွားမယ်လို့ အစကတည်းကမှန်းထားတယ် မနက်စောစော အိမ်ရောက်ခဏနားပြီးတော့ ညီတော်မောင်ရယ် သူငယ်ချင်းတစ်ယောက်ရယ်နဲ့ တောင်သမန်ဘက်ကို ထွက်လာခဲ့တယ်။ တောင်သမန်ဆိုတာ တစ်ချိန်ကတော့ ခဏခဏမဟုတ်ပေမယ့် ရောက်ဖြစ်တတ်တယ် မယ်ဇယ်ပင်အောက်ထိုင် အကြော်စားရင်း လေကန်နေကျပေါ့။ အရင်တုံးက ရွှေတစ်ချောင်းဘေးက ချိုင့်ဗလပွနဲ့လမ်းဟာ အခုတော့အတော်ကို ကောင်းလွန်းနေတယ်။ တောင်မြို့ တရုတ်ဘုံကျောင်းရှေ့က ဆိုင်ကယ်ဖြတ်တော့ ဘာမဆိုင်ညာမဆိုင် ဒီဒီဇုံတစ်ယောက်ကို သတိရမိလိုက်သေးတယ်။

ဦးပိန်ဆောက်တော့ ဦးပိန်တံတားခေါ်သတဲ့ ယိုင်နဲ့နဲ့ဆွေးနေတဲ့ တံတားပေါ် လမ်းလျှောက်ရင်း ရောက်တယ် ကင်မရာကိုင်လာတာမြင်လျက်နဲ့ ဓာတ်ပုံရိုက်ဦးမလားအစ်ကိုဆိုတဲ့ ဓာတ်ပုံဆရာတွေကို ဘယ်လိုနားလည်ရမှန်းမသိဘူး။ သုံးယောက်သား ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ လသာနေသလိုသဘောထားပြီး လမ်းလျှောက်လာလိုက်တာ ဇရပ်တစ်ဆောင်ရောက်တော့ ဟန်မဆောင်နိုင်တော့ဘူး ထိုင်နားရတော့တယ်။ သုံးယောက်ပုံရိုက်မယ်ဆိုပြီး Tripod ကိုထောက်လိုက်တော့ ကင်မရာတပ်လို့ရတဲ့ Tripod ထိပ်ကအပိုင်းက ဖြုတ်ထားရင်း ရန်ကုန်မှာကျန်ခဲ့မှန်းသိလိုက်ရတယ် အဲဒီ့မှာ Tripod ကိုသုံးမရပဲ ထမ်းခိုင်းရမလားဆိုပြီး ညီတော်မောင်က ပူညံပူညံလုပ်နေလို့ မင်းကအခုလာမှ သယ်ရတာပါကွာ ငါ့ဖြင့်ရန်ကုန်ကနေ မန်းလေးအထိ ဒါကြီးသယ်လာရတာပါလို့ ပြောမှငြိမ်သွားတယ် ဒီလိုနဲ့သုံးယောက်ပုံ ရိုက်မရပဲ နှစ်ယောက်စီပဲ Combination တွဲ့ပြီးရိုက်လိုက်ရတယ်။

ဇရပ်ထဲကနေ အင်းထဲမှာမော်တော်ဖြတ်သွားလည်းရိုက် ငါးမျှားနေလည်းရိုက် ငှက်တစ်စီးဖြတ်သွားတိုင်းရိုက် တစ်ယောက်တလှည့် ကင်မရာတစ်လုံးနဲ့ ရိုက်ကြပါတယ်။ စင်္ကာပူကို ပြန်ရောက်တော့ ကိုဒီဘီကရိုက်ထားတဲ့ ပုံတွေထဲကနေ သစ်ပင်ခြောက်ကိုမြင်တော့ တောင်သမန်ဆို ဒီအပင်ပါပါ့မလားလို့ စိတ်ပူနေတာဗျဆိုလို့ ဪ ဒါကမော်ဒယ်သစ်ပင်ဖြစ်မယ်လို့ တွေးမိလိုက်သေးတယ်။ ပါလာတဲ့သူငယ်ချင်းက သီလရှင်လေးတွေ ဆွမ်းဆန်ခံကြွသွားတာ မြင်လိုက်တော့ ငါတို့တစ်တွေ ဒီအတိုင်းရိုက်တာထက် ဆရာလေးတွေကို နေ့တွက်အပြတ် ဆွမ်းဆန်လှူလိုက်ပြီးတော့ တံတားပေါ် မော်ဒယ်လျှောက်ခိုင်းပြီး ဓာတ်ပုံရိုက်ရအောင် လုပ်နေလို့မလုပ်ပါနဲ့ ဆရာလေးတွေ ခေါင်းတုံးနေပူပြီး ပြဿနာတက်မယ်ဆိုပြီး မနည်းတားထားရတယ်။ ဒီလိုနဲ့ ဓာတ်ပုံတော့ ကောင်းမကောင်းမသိ လူတွေတော့ ငါးခြောက်ဖုတ်ဖြစ်ပြီး ပြန်လာခဲ့ရတယ် ဘာပဲဖြစ်ဖြစ်ပါ အိမ်ကိုခဏပြန်ပြီး တောင်သမန်ခဏသွားလိုက်ရတာ ပျော်မိပါတယ်။

comments powered by Disqus