Calm Hill My Random Thoughts

မန္တလေးသို့ အလည်တစ်ခေါက်

ညီမဖြစ်သူ ဘွဲ့ယူဖို့ ခဏပြန်မယ်ဆိုတော့ မိသားစုဆုံရအောင် ကိုယ်လည်းအိမ်ပြန်မယ်ပေါ့ အလုပ်မှာလူမရှိတာနဲ့ ညီမဖြစ်သူကိုအရင်ပြန်လွှတ်ပြီး နောက်မှလိုက်ခဲ့မယ်ဆိုပြီး စီစဉ်ရပြန်တယ်။ ပြန်မယ့်ရက်နီးမှ ညီမဖြစ်သူရဲ့ဘွဲယူရမယ့်ရက်က ပြည်ထောင်စုနေ့နဲ့ တိုက်လို့ဆိုပြီး ရှေ့ကိုတစ်ရက်တိုးတော့ ဒီကအချိန်ကပ်ပြန်မယ့်လူက အခက်တွေ့ရတယ် အဲတော့နေ့ချင်းရောက်အောင် ရန်ကုန်ရောက်တာနဲ့ မန္တလေးကို လေယာဉ်နဲ့ပဲပြန်ဖို့ Exiter ကိုအကူအညီတောင်းပြီး လေယာဉ်လက်မှတ်ဝယ် ဒီလိုနဲ့ပဲ အိမ်အပြန်ခရီးစခဲ့ရတယ်။

အိမ်ပြန်မယ်ဆိုတော့ ညီမဖြစ်သူက ပစ္စည်းပေါင်းစုံဝယ်ပါတယ် မဆန့်တဲ့ပစ္စည်းမှန်သမျှကို ကျွန်တော့အိပ်မှာထည့်ခဲ့ပါတယ် အဲလိုနဲ့ အဝတ်အစား ၃-၄ စုံပဲပါတဲ့ မုန့်အိပ်ကြီးတစ်လုံးရယ် ရန်ကုန်ကို ပစ္စည်းပါးလိုက်တဲ့ ဒယ်အိုးတစ်လုံးရယ်နဲ့ လေဆိပ်ကိုဆင်းခဲ့တယ်။ လေဆိပ်မှာတော့ လုံခြုံရေးဟာအတော် တင်းကြပ်ပါတယ် စဝင်ကတည်းက ဒယ်အိုးထည့်ထားတဲ့အိပ်က တီတီတီ မြည်တဲ့အတွက် ဒယ်အိုးပါကြောင်း ပြောပြီး ရဲမေဝဝကြီးကို မနည်းရှင်းခဲ့ရတယ်။ လေယာဉ်ပေါ်မတက်ခင်လည်း တစ်ကိုယ်လုံးကို စကင်ဖတ်တယ်ပြောရမယ် ပိုက်ဆံအိပ်ထဲက ခရက်ဒစ်ကဒ်တောင် တစ်ကဒ်ချင်းထုတ်ကြည့် ခါးပါတ်တောင် ဓာတ်မှန်ရိုက်မယ့်အထဲ ထည့်မယ်ဆိုလို့ ချွတ်ပေးလိုက်ရတယ်။

မနက်ခင်းစောစောပဲ ရန်ကုန်ကိုရောက်ပါတယ် Exiter တစ်ယောက်ကတော့ ဒုက္ခခံပြီးလာကြိုတယ် ၃ နာရီလေယာဉ် ဟဲဟိုးကိုပါတ်မယ်ဆိုတော့ အင်း.. ရှမ်းပြည်ရောက်ခဲ့လို့ ပြောလို့ရသေးတာပေါ့လို့ ရယ်စရာအဖြစ်ပြောခဲ့ပြီး ရန်ကုန်အတွက်ပါးလိုက်တဲ့ ဒယ်အိုးကိုပေးဖို့မြို့ထဲကို ကားငှားပြီးထွက်ခဲ့ရတယ်။ မြို့ထဲကိုရောက်ပြီး ကိစ္စတွေအပြီး ဦးကြီးဆီကိုဖုန်းဆက်ပြီး ပြန်လာရင်ဝင်ခဲ့မယ်လို့ ပြောမိလိုက်တော့ ဦးကြီးက ကိုယ်ပြန်လာမယ့်ရက်ဆို မုံရွာသွားမယ်ဆိုတော့ အခုလာတွေ့ပါ့မယ်ဆိုပြီး ဗမာပြည်တစ်ပါတ်ပါတ်သလို ရန်ကုန်လည်း တစ်ပါတ်ပါတ်ကွယ်ဆိုပြီး ဆူးလေကနေမြောက်ဒဂုံကို ချက်ချင်းချီတက်လိုက်ရတယ်။ အိမ်မှာတစ်နာရီလောက်ထိုင် အေးအေးဆေးဆေး စကားပြောပြီးတော့ လေဆိပ်ကိုပြန်ခဲ့ရတယ်။

မန္တလေးသွားဖို့ လေဆိပ်မှာ Check In လုပ်တော့ ပြဿနာကစပါတော့တယ် စင်္ကာပူကထွက်တော့ ပါလာတဲ့အိပ်ဟာ လေဆိပ်မှာအလေးချိန်တော့ ကီလို ၂၀ အတိရှိတယ် အဲဒါကို ဒယ်အိုးနဲ့ တူမလေးအတွက် မုန့်တွေမပါတော့တာတောင် ၂၆ ကီလိုလို့ပြနေတော့ ကီလိုပိုတာကို ပိုက်ဆံထပ်ပေးရလိမ့်မယ် အဲဒါကိုလျှော့ရေးပေးမယ်လို့ ဈေးညှိပါတော့တယ်။ အဲဒါနဲ့ မကြားချင်ယောင်ဆောင်ပြီး ကောင်တာကစာရေးမကို မင်းတို့ကတ္တားကြီးက မှားနေတာဖြစ်မယ်လို့ တစ်ခြားတစ်ခုရှိလား ပြောင်းချိန်လို့ပြောတော့ စာရေးမစိတ်ညစ်သွားပုံပေါ်တယ် ပြောင်းတော့မချိန်ပါရစေနဲ့ အဲလောက်ပိုတာဘာမှ မဖြစ်ပါဘူးတင်ပေးလိုက်ပါဆိုလို့ ကိုယ်လည်း ဘယ်ကတ္တားမှားမှန်းမသိပဲ ထွက်လာခဲ့ရတယ်။

မန္တလေးလေယာဉ်ပေါ်မှာ ခုံလည်းမပြည့်ပါဘူး အဲဒါနဲ့လေယာဉ်ထွက်တော့ တံခါးပေါက်ကနေ ဓာတ်ပုံရိုက်မယ်ဆိုပြီး လွတ်နေတဲ့ခုံတစ်ခုံကို ပြောင်းထိုင်လိုက်ပေမယ့် မှန်းချက်နဲ့နှမ်းထွက်လွဲပါတယ် မှန်တွေကမှုန်ဝါးနေလို့ တိမ်ကိုတောင်ရိုက်လို့မရခဲ့ပါဘူး။ အဲဒါနဲ့အားမနေရအောင် ကော်ဖီပဲအဆက်မပြတ်တောင်းသောက် အဲလိုနဲ့ပဲလေယာဉ်မယ်တွေ မျက်စောင်းထိုးပါတော့တယ်။ ဟဲဟိုးရောက်တော့လည်း အောက်ကိုခဏဆင်းပြီး ဓာတ်ပုံရိုက်ပါတယ် ဘာပဲဖြစ်ဖြစ် ရှမ်းပြည်တော့ခြေချခဲ့သေးတယ်လို့ ခံစားလို့ရပါသေးတယ်။

တံတားဦးလေဆိပ်ကို ၅ နာရီလောက်မှရောက် အိမ်ကလာကြိုတဲ့ကားနဲ့ ပြန်လာခဲ့တော့ လမ်းတွေပြောင်းကုန်တာ သတိထားမိတယ် အရင်ကတော့ တံတားဦးလေဆိပ်နဲ့ မန္တလေးကားလမ်းဟာ အင်မတန်ဆိုးပါတယ် အခုတော့လမ်းတွေအတော်ကောင်းလို့ ကားလည်းအမြန်မောင်းလို့ရပါတယ် ဒါပေမယ့် ဝေးတာကတော့ ဝေးတာပါပဲ။ သူငယ်ချင်းတစ်ယောက်က လေယာဉ်စီးချိန်နဲ့ လေဆိပ်ကနေ အိမ်ကိုကားစီးချိန်ပေါင်းရင် ကားနဲ့မန္တလေးလာချိန်ရဲ့ တစ်ဝက်လောက်ရှိတယ်လို့ဆိုပါတယ်။ သူပြောတာလည်းဟုတ်ပါတယ် ဒါပေမယ့် ကားပေါ်မှာအိပ်လိုက်လို့ရပေမယ့် အမေ့အိမ်မှာတစ်ည အိပ်ချိန်ရတာက ကိုယ့်အတွက် ပိုပြီးတန်ဖိုးရှိပါတယ်။ ဒီလိုနဲ့ပဲ စင်္ကာပူကနေ ၁၂ နာရီလောက် ခရီးဆက်ခဲ့အပြီးတော့ အမေ့အိမ်ကို အေးအေးချမ်းချမ်း ခြေချနိုင်ပါတော့တယ်။

comments powered by Disqus